ရွှေ နဲ့ ကြေး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Untitled-1 copy.png


စာရေးရန် ပါရမီမရှိသော်လည်း Steemit နှင့်တွေ့လေမှ ဖတ်လိုက် မှတ်လိုက် တွေးလိုက် ရေးလိုက် လုပ်နေမိသည်။ စာရေးဆရာမဟုတ်သော်လည်း စာများကိုရေးသားကြရပါသည်။ ထိုသို့ရေးသားကြရာတွင် အမှားအယွင်းများ ရှိမည်သာဖြစ်ပါသည်။ အမှားအယွင်းများကိုတော့ သည်းခံဖတ်ရှုပြီး နားလည်သူများမှ အကြံပြုပေးနိုင်လျှင် ပိုမိုသင့်လျော်ပါမည်။ စာရေးခြင်းသည်လည်း လေ့လာသင်ယူရမည့် ပညာရပ်တစ်ခုပင်ဖြစ်ပါသည်။ မလေ့လာ မသင်ယူပဲ ရေးချင်ရာရေးလျှင် စာတော့ဖြစ်သွားပေမည်။ လာရောက်ဖတ်ရှုကြသည့် လူများအတွက် အကျိုးမရှိဖြစ်စေမည့် စာများကို မရေးသားလိုတော့ပါ။ ဖတ်ရှုသူတို့၏ အချိန်ကို အလဟသ ဖြုန်းတီးပစ်သလို ဖြစ်မှာလည်း စိုးရိမ်မိပါသည်။ ဖတ်ရှုသူတို့ အကျိုးအနည်းငယ် ရှိသည်ဆိုပါက ကျေနပ်ဝမ်းမြောက်မိပါသည်။ အမှားကို ထောက်ပြဝေဖန်ကြရန်လည်း ထပ်မံတိုက်တွန်းလိုပါသည်။ အချင်းချင်းဖေးမကူညီပေးကြမှသာ တိုးတက်လာမည်ဖြစ်သကဲ့သို့ အောင်မြင်သောလမ်းကြောင်းကို လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။


01.png


အများစုသောလူတို့သည် အတုခိုးသည့် နေရာတွင် အတော်ဂုဏ်ယူကြဟန်တူပါသည်။ သူတစ်ပါးအကျင့် စရိုက်အား ခိုးယူကာပြုလုပ်ခြင်းကို အလွန်သဘောကျတော်မူပုံရပါသည်။ တိုင်းတစ်ပါးက ယဉ်ကျေးမှု တို့အားလည်း မြန်မာ့ယဉ်ကျေးမှုကဲ့သို့ ထင်မှတ် နေလေသည်။ တိုင်းတစ်ပါးသားတို့၏ ယဉ်ကျေးမှု၊ လူမှုရေးတို့အား အတုခိုးယူရာမှတစ်ဆင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများသည် တဖြည်းဖြည်း တိမ်မြုတ်ပျောက်ကွယ်လာရသည်။ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ အဆို၊ အက၊ အတီး၊ အမှုတ်တို့အား အထင်သေး အမြင်သေးဖြစ်ကုန်ကြလေသည်။ နားကလောသည် ဟု ပြောဆိုသည်အထိဖြစ်လာနေသည်။ အမေကျော်ဒွေးတော်လွမ်းဆိုသောစကားသည် ယနေ့ခေတ်တွင် ပိုမိုမှန်ကန်လာသည်ကို တွေ့ရပါသည်။ သူတစ်ပါး၏ ယဉ်ကျေးမှုကို သဘောကျကာ အတုခိုးနေကြသည်။ သူတစ်ပါးတို့၏ လူမှုရေးအား သဘောကျကာ လိုက်လံလုပ်ဆောင်နေကြသည်။ အတုခိုးသမျှတို့သည်လည်း မကောင်းသော အကျင့်များကို သာ ခိုးယူကြသည်ကိုလည်းတွေ့နေရပါသည်။ လူငယ် လူရွယ်များက မိန်းကလေးကအစ ဆိုဂျူသောက်ခြင်းကို သဘောကျနှစ်ခြိုက်နေကြသည်။ လူကြီး သူမတို့အား မလေးမစား ပြန်လှန်အော်ဟစ် ပြောဆိုခြင်းကို လိုက်လံ အတုခိုးနေကြသည်။ ထမင်းကို ရေညှိဖြင့်လိပ်ကာစားရသည်ကို သဘောကျနေကြသည်။ ခေါက်ဆွဲပြုတ်ကို နှစ်ခြိုက်လာကြသည်။ သူတို့ တိုင်းပြည် သူတို့နိုင်ငံအနေနှင့် ထိုသို့သာစားသောက်နေထိုင်ရမည့် အခြေအနေကို သဘောပေါက်နားလည်ခြင်းမရှိကြပေ။ မြန်မာပြည်မှာ ထမင်းကို အားရပါးရ စားချင်သလိုစားလို့ ရနိုင်သော်လည်း သူတို့တိုင်းပြည်မှာ ထမင်းကို အားရပါးရ စားနိုင်ရန် မလွယ်ကူကြောင်းကို နားမလည်ကြပေ။ အဲဒီလို အတုခိုးကြတဲ့အထဲမှာ အသက် (၆၀) ကျော် (၇၀)ကျော် တွေ သဘောကျတာပါသေးသည်။ ထိုအရာကတော့ အသက်အရွယ်ကြီးသော အဖိုးကြီး အဖွားကြီးများ အိမ်ထောင်ပြုကြသောအခန်းပင်ဖြစ်သည်။ မည်သည့်အရာသည် အဖိုးတန်သော ရွှေ ဖြစ်ပြီး မည်သည့်အရာသည် တန်ဖိုးနည်းသော ကြေး ဖြစ်သည်ကို ခွဲခြားသိနိုင်ကြပါစေ။ ရွှေ၏တန်ုဖိုးအား သိကြသော အနောက်နိုင်ငံများမှ လူအများသည် ရွှေကို ၀တ်ဆင်ရန်ကြိုးစားလာကြသော်လည်း ကျွန်တော်တို့အရှေ့နိုင်ငံသားတို့သည် ရွှေအားလွှင့်ပစ်ပြီး ကြေးကို ရယူနေကြလေပြီ။


02.png


ကောင်းမွန်သော အတုယူခြင်းများကို ကျော်လွှားကာ မိမိတို့နိုင်ငံနှင့် မသင့်လျော်သင့် လူမှုဆက်ဆံနည်းများကို အားကျအတုယူနေကြခြင်းဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှုများအား ပစ်ပယ်ထားကြလေသည်။ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဦးနှောက်ကို အလုပ်ပေးရန် မလိုလားကြတော့ပေ။ ပညာသည် ကွန်ပျူတာ၊ ဖုန်း တို့မှ လာကြသည်ဟု ထင်မြင်လာကြသည်။ ပညာကို လေးစားရမှန်း၊ တန်ဖိုးထား ရမှန်း မသိဖြစ်လာကြသည်။ ဂဏန်းတွက်စက်ကိုအားကိုးကာ မိမိတို့ကိုယ်တိုင် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား လုပ်ရန်ပျင်းလာကြသည်။ စာအုပ်များကို ဖတ်ရှုရန်စိတ်မ၀င်စားတတ်ကြတော့သလို ကိုယ်အတွေ့အကြုံ ကိုသာ အမှန်ဟု တစ်ဘ၀လုံးစာ သတ်မှတ်ကုန်ကြလေသည်။ ပညာသည်လည်း အရောင်းခံပစ္စည်းတစ်ခုပမာ ဖြစ်နေလေပြီ။ လိုချင်သောပညာကို ပိုက်ဆံပေးဝယ်နိုင်လျှင်ရသည့် ခေတ်ကာလဖြစ်နေပေပြီ။ ကိုယ်ပိုင်စဉ်းစား ဥာဏ်များ ယုတ်လျော့လာကြသည်။ ၁၂ နှင့် ၁၂ ပေါင်းရင် ဘယ်လောက်ရသလဲမေးလျှင်ပင် ဂဏန်းတွက်စက် အားလက်လှမ်းသူက အများအပြားဖြစ်နေလေရာ လူတို့၏ ဦးနှောက်သည် အသုံးမ၀င်၊ တန်ဖိုးကျဆင်းလာရ သကဲ့သို့ ပညာဆိုသည်မှာလည်း တန်ဖိုးမသိ တန်ဖိုးမရှိဖြစ်နေလေပြီ။ လူသားတို့၏ စွမ်းရည်များ ကျဆင်းလာ ကြသည်။ လူသားအရင်းအမြစ်ဆိုသော စကားလုံးတို့သည် ပျောက်ကွယ်သွားဖွယ်ဖြစ်နေပါသည်။ လူတို့၏ ဆုံးဖြတ်ချက်သည် စက်ပစ္စည်းမှပေးသော အဖြေလောက် တန်ဖိုးမထားကြနိုင်ကြတော့ပါ။ စက်ပစ္စည်းများသည် လူမှုဆက်ဆံရေးကိစ္စတို့အား ပြေလည်အောင် ဖြေရှင်းပေးနိုင်လိမ့်မည်မဟုတ်ပါ။ လူတို့၏ ရှုတ်ထွေးလှသော လူမှုရေးအား စက်ပစ္စည်းတို့သည် မည်သို့ဖြေရှင်းပေးနိုင်မည်နည်း။ ကွန်ပျူတာကို တီထွင်သော လူသား၏ ဦးနှောက်သည် ကွန်ပျူတာလောက် အသုံးမ၀င်ဖြစ်နေပေပြီ။


03.png


ယနေ့အချိန်တွင် ယဉ်ကျေးလှပါသည်ဆိုသော ကျွန်တော်တို့နိုင်ငံသည် အနောက်ယဉ်ကျေးမှုတို့အား အတုယူ ခြင်းဖြင့် ပျော်ရွှင်ဖွယ်မိသားစုလူ့အသိုင်းအ၀ိုင်းဆိုသည်မှာ ပျောက်လုနီးနီးဖြစ်နေပါသည်။ ယနေ့ခေတ် အိမ်ထောင်ရေးကို လေ့လာကြည့်ပါက အိမ်ထောင်ဖက် ဆိုတာထက် အဖော်အဆင့်အဖြစ်သာ ဆက်ဆံနေ ကြကြောင်းကို တွေ့မြင်နိုင်ပါတယ်။ အိမ်ထောင်စု၊ မိသားစုဆိုတဲ့ စကားလုံးတွေတောင် ပြောင်းလဲရမလောက် ဖြစ်နေပါသည်။ ကျွန်တော်တို့ကပင် ခေတ်မမီတော့သကဲ့သို့ဖြစ်နေပါပြီ။ လင်ဖြစ်သူ ယောက်ျားသားကလည်း မယားဖြစ်သူကို ချုပ်နှောင်ထားခြင်းမရှိတော့သကဲ့သို့ မယားဖြစ်သူကလည်း လင်ဖြစ်သူကို မချုပ်နှောင်ကြပေ။ ကိုယ်ဟာကိုယ် သီးခြားနေသလိုပင်ဖြစ်ပါမည်။ အတူနေချင်သောအချိန် အတူနေပြီး အတူမနေချင်သောအချိန် ကိုယ့်စိတ်ကြိုက် နေချင်သလိုနေဆိုသော အဖော်အဆင့်သာဖြစ်နေပါသည်။ မိန်းကလေးများကလည်း မိမိတို့၏ အပျိုစင်ဘ၀ကို ဟင်းရွက်ကန်စွန်းကဲ့သို့ တန်ဖိုးမထား ဖြစ်လာကြသည်မှာ ၀မ်းနည်းဖွယ်ပင်ဖြစ်ပါသည်။ လက်ထပ် ထိမ်းမြားခြင်း မပြုမီကပင် လင်ခန်း၊ မယားခန်း မြောက်နေကြကာ ကလေးရကာမှ လက်ထပ်ခြင်းမျိုးကို ကျေနပ်လက်ခံလာခြင်းက မိမိတို့၏ ကောင်းမွန်သော ယဉ်ကျေးမှုကို လွှင့်ပစ်ကာ အနောက်တိုင်း ယဉ်ကျေးမှု၏ ဖုံးလွှမ်းခြင်းပင်ဖြစ်ပေမည်။ လက်တွင် ပိုင်ဆိုင်ထားသော ရွှေလက်ကောက်၏ တန်ဖိုးအား နားလည်မှုမရှိကြတော့ပဲ သူတစ်ပါး၏ ပြောင်လက်နေသော ကြေးလက်ကောက်အား ရယူနေခြင်း ပင်ဖြစ်ပါသည်။ အခြားသောနိုင်ငံများသည် နည်းပညာအသစ်အဆန်း၊ လူမှုဆက်ဆံရေးအသစ်အဆန်းများကို အားကျစရာကောင်းလှသော်လည်း မိမိနိုင်ငံနှင့် ယဉ်ကျေးမှုအား ပစ်ပယ်ခြင်းမပြုလုပ်သင့်ပဲ သင့်လျော် ကိုက်ညီသည့် အနေအထားရောက်အောင် ပြုပြင် အသုံးပြုသင့်သည်ဟုလည်း ထင်မြင်မိပါသည်။ အဓိကအားဖြင့် ကျွန်တော်တို့၏ နောက်လာမည့်မျိုးဆက်များအား မည်သို့သော အရာတို့ကို ချန်ထားခဲ့သင့် ပါသနည်း။ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာအဆုံးအမတို့နှင့် ကိုက်ညီသော ခေတ်မီခြင်းဖြစ်နိုင် ကြပါစေရန် အကြံပြုရေးသားရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

21-Jul-2018 စနေနေ့(Saturday)