ရောက်အောင်လျှောက်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကျွန်တော့်အနေဖြင့် အခြားသောစာများကိုရေးသည်ထက် စိတ်ဓာတ်မြှင့်တင်ခြင်းဆိုင်ရာတွေကို ရေးဖို့ စိတ်သန်နေပါတယ်။ ဒါ့ကြောင့်လည်း တိုးတက်ရေး၊ အောင်မြင်ရေး၊ ကြီးပွားရေးတွေ အကျင့်စာရိတ္တ ဆိုင်ရာတွေကို ပဲအမြဲလိုလိုရေးတင်ခဲ့ပါတယ်။ အဲဒီလိုတွေရေးတင်နေလို့ အောင်မြင်နေသူ စိတ်ဓာတ်ခွန်အား ပြည့်ဝနေသူလို့တော့မထင်လိုက်ပါနဲ့။ ကျွန်တော်လည်း လူထဲက လူတစ်ယောက်ပဲဖြစ်ပါတယ်။ ဘယ်သူမဆို ဘ၀ခရီးမဆုံးသေးသရွေ့တော့လျောက်နေကြရတာပါပဲ။ မိတ်ဆွေကောင်းတွေရှိသလို မိတ်ဆွေတုတွေလည်း ရှိနေမှာပါပဲ။ ကြိုက်နှစ်သက်သူတွေရှိသလို မကြိုက်နှစ်သက်သူတွေလည်း ရှိနေမှာပါပဲ။ ဒါက ရှောင်လွဲမရတဲ့ သဘာဝအဖြစ်အပျက်တွေဖြစ်လို့ပါပဲ။ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားသော်မှ ပြစ်တင်ကဲ့ရဲ့ခြင်းကနေ မလွတ်ကင်းနိုင်ခဲ့ရင် ကျွန်တော်တို့လို ဘာမှမဟုတ်တဲ့သူတွေအဖို့ ပြောဖွယ်ရာပင်မရှိပြီ။ လူရယ်လို့ဖြစ်လာရင် စိတ်ပျော်ရွှင်နှစ်သက်စရတွေနဲ့ကြုံတွေ့ရသလို စိတ်ပျက်စရာ စိတ်ညစ်စရာတွေနဲ့လည်း တွေ့ကြရမှာပါပဲ။ စိတ်ပျော်စရာတွေကိုပဲ ကွက်ပြီးလိုချင်လို့မှမရနိုင်တာပဲမဟုတ်လား။ ဒီတော့ စိတ်ပျော်စရာတွေနဲ့တွေ့တဲ့အခါ ပျော်ပျော်ပါးပါးနေလိုက်ကြပြီး စိတ်ညစ်စရာ စိတ်ပျက်စရာတွေနဲ့ တွေ့တဲ့အခါမှာလည်း ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင်ကြိုးစားကြရမှာပါ။ စိတ်ညစ်တယ်လို့အော်ပြီး ဘာမှမလုပ်နေရင် ပိုဆိုးသွားမှာပေါ့။ ကိုယ်လိုရာ ခရီးပန်းတိုင် မရောက်မချင်း စိတ်ဒုက္ခတွေ စိတ်ဆင်းရဲစရာတွေနဲ့ တွေ့တိုင်း ပန်းတိုင်ကိုဆက်မသွားပဲ ရပ်နေရ မှာမဟုတ်ပဲ စိတ်ပျက်ပျက်နဲ့ပဲ ပန်းတိုင်ကို မရောက်ရောက်အောင် သွားကြရမှာပါပဲ။ ၀ီရိယ ဇွဲကိုအရင်းတည်လို့ ဆက်လက်လျောက်လှမ်းကြရမှလည်း လိုရာကို ရောက်နိုင် ရနိုင်မှာဖြစ်ပြီး ဇွဲမရှိ ၀ီရိယလျော့သွားမယ်ဆိုရင် တော့ လိုရာရောက်မယ်မဟုတ်တော့ပါဘူး။


04.png


အိုင်းစတိုင်းဆိုတဲ့ သိပ္ပံပညာရှင်ကြီးက ပြောဖူးတဲ့ စကားတစ်ခွန်းကို မှတ်မိသေးတယ်။ “ကျုပ် ၉၉% မှားတယ်” တဲ့။ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးကတောင် ၉၉% မှားတယ်လို့ဆိုခဲ့ရင် ကျွန်တော်တို့လိုသာမန်လူတွေက ဘယ်လောက်များမှားနေသလဲဆိုတာ စဉ်းစားလို့တောင်မရနိုင်ဘူး။ လောကကြီးမှာ အမြဲမှန်တဲ့သူဆိုတာ မရှိ သလောက်နည်းပါးပါတယ်။ အမှားလုံးဝကင်းတဲ့သူဆိုတာ ရှေးရှေးကလည်း မရှိခဲ့ဘူး။ အခုလည်းမရှိဘူး။ နောင်လည်း ရှိလာမှာမဟုတ်ပါဘူး။ ငါလုပ်ရင်မှားသွားမလားဆိုတဲ့အတွေးက ဘ၀ကို ကန့်သတ်လိုက်လိမ့်မယ်။ အမြဲမှန်တဲ့သူမရှိဘူးဆိုတာနဲ့ မှားမှာကြောက်နေရင် ဘယ်အလုပ်မှ လုပ်လို့ရမှာမဟုတ်ပါဘူး။ ဘာမှမလုပ်ပဲ ထိုင်နေခြင်းထက် အမှားကိုလုပ်မိတာက အတွေ့အကြုံတစ်ခုတိုးပြီး အမှန်နဲ့ နီးစပ်သွားပါတယ်။ အမှားလုပ်မှာ ကြောက်နေသူရဲ့ တိုးတက်မှု အောင်မြင်မှုတို့ဟာ သေဆုံးခြင်းကို ရောက်သွားပါတယ်။ အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့သူတွေဟာ အမှားဆိုတာကို ကြောက်နေခဲ့ရင် လက်ရှိအောင်မြင်မှုတွေ ကျော်ကြားမှုတွေ ရရှိလာမှာမဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့တစ်တွေဟာ နေ့စဉ်အလုပ်တွေကိုလုပ်ကိုင်နေကြရမှာပဲဖြစ်ပါ တယ်။ ကြိုးစားလျောက်လှမ်းနေကြရမှာဖြစ်ပေမယ့် အမြဲတမ်းအောင်မြင်မှုတော့ ရရှိနေမှာမဟုတ်ပါဘူး။ အောင်မြင်တဲ့အရာတွေရှိသလို မအောင်မြင်တဲ့အရာတွေလည်း ရှိနေမှာပါ။ အမှားတွေရှိမှာဖြစ်သလို အမှန်တွေ လည်းရှိမှာဖြစ်ပါတယ်။ အမှားများများရှိသူတွေဟာ အမှန်ကို များများလုပ်နိုင်တယ်ဆိုတဲ့ စကားတစ်ခွန်းကို လည်း ကြားဘူးပါတယ်။ အမှားမလုပ်ဖူးသူဆိုတာ ဘာမှလည်း မလုပ်တဲ့သူသာဖြစ်ပါလိမ့်မယ်။


03.png


အလုပ်လုပ်ခြင်းက အောင်မြင်မှုရဲ့ အခြေခံသော့ဖြစ်ပါတယ်။ ဒီတော့အလုပ်ကိုလုပ်ကြရပါတယ်။ စားဝတ်နေ ရေးအတွက်ဆိုလည်းမှန်ပါလိမ့်မယ်။ အလုပ်မလုပ်ပဲ ညည်းညူနေသူတွေကို တစ်ခါတစ်ရံ တွေ့ရ တတ်ပါတယ်။ အဲဒီလိုညည်းညူနေသူတွေကို အများစုက စိက်ပျက်တတ်ကြပါတယ်။ မတွေ့လိုကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ ညည်းညူနေသူအများစုဟာ အလုပ်မလုပ်တဲ့သူတွေဖြစ်နေကြလို့ပါပဲ။ အလုပ်လုပ် နေသူကို လူတွေက ကူညီချင်ကြပေမယ့် အလုပ်မလုပ်ပဲ ညည်းညူနေသူကိုတော့ မကူညီချင်ကြပါဘူး။ ညည်းညူနေတဲ့အသံကို နားထောင်ချင်တဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ ညည်းညူသံကိုသာယာတယ်လို့ ထင်တဲ့သူမရှိလောက်ပါဘူး။ မဖြစ်လို့ ဒါမှမဟုတ် လူမှုရေးအရ စိတ်မပါပေမယ့် နားထောင်နေကြရတဲ့သူတွေပဲ ရှိပါလိမ့်မယ်။ ညည်းညူတတ်သူတွေကို လူအများစုက အပေါင်းအသင်းမလုပ်လိုတတ်ကြပါဘူး။ အမြဲတမ်းလို ညည်းညူသံကို ကြားနေရရင် လက်ရှိမိတ်ဆွေတွေကိုလည်း မိတ်ဆွေအဖြစ်က ပျက်စီးသွားစေနိုင်ပါတယ်။ ညည်းညူတယ်ဆိုတာက စိတ်ဓာတ်အင်အား မခိုင်မာမှု၊ အားငယ်မှုကို ဖော်ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ နောက်ပြီးတော့ ညည်းညူပြတယ်ဆိုတာ ဆင်ခြေပေးခြင်းရဲ့ ရှေ့ပြေးဖြစ်မယ်ထင်ပါတယ်။ အောင်မြင်အောင် မလုပ်နိုင်တဲ့အလုပ်တစ်ခုအတွက် ညည်းညူပြီးတော့ ဆင်ခြေပေးတတ်ကြလို့ပါပဲ။ ဒီတော့ ဘ၀ခရီးလမ်းကို လျောက်လှမ်းနေကြတဲ့သူတွေအချင်းချင်းကို ညည်းညူတဲ့အသံတွေနဲ့ မနှိပ်စက်မိပါစေနဲ့။ ညည်းညူနေသူတွေ ဟာ နောက်ကို ကျန်နေရစ်တတ်တဲ့အတွက် မညည်းမညူပဲ ကိုယ့်ဘ၀ခရီးအတွက် ကြိုးစားအားထုတ်ပြီး လျောက်လှမ်းသင့်ပါတယ်။ မညည်းညူမိရင် အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။ ပူလို့ညည်းတာ အေးလို့ညည်းတာ တောင် ဖြစ်နိုင်ရင် မလုပ်တာအကောင်းဆုံးလို့ထင်ပါတယ်။ ပူလိုက်တာလို့ ညည်းလို့ အပူလျော့မသွားသလို အေးလိုက်တာလို့အော်နေလို့ အအေးလျော့သွားမှာမဟုတ်ပါဘူး။ ပူလိုက်တာလို့အော်နေမယ့်အစား လက်တွေ့ကျတဲ့ ယပ်တောင်လေးခပ်နေတာက အပူသက်သာသွားနိုင်ပါလိမ့်မယ်။


02.png


ရုပ်ရည် ချောမောလှပတယ်ဆိုတာထက် ယောက်ျားတွေရဲ့ တကယ့်အလှအပက အလုပ်ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခြင်းပဲလို့ထင်ပါတယ်။ အလုပ်ပြီးဆုံးအောင်မလုပ်တဲ့ ယောက်ျားတွေကို ဘယ်သူမှ လှတယ်လို့ထင်လိမ့်မယ်မဟုတ်ပါဘူး။ ထင်ခဲ့ရင်လည်း ထင်ယောင်ထင်မှား ဖြစ်တာပဲဖြစ်ပါလိမ့်မယ်။ အလုပ်တစ်ခု မအောင်မြင် မပြီးဆုံးသေးရင် ဒါမှမဟုတ် ဆုံးရှုံးသွားခဲ့ရင် ပတ်ဝန်းကျင် က အထင်သေးကဲ့ရဲ့တာခံရတတ်ပါတယ်။ အမျိုးမျိုးဖြစ်တဲ့ ထင်ကြေးတွေလည်း ပေးကြပါလိမ့်မယ်။ ညံ့လိုက်တာ၊ သေချာမှ မလုပ်တတ်တာကိုး၊ အလှမ်းကျယ်လို့ အလယ်လတ်တယ်၊ ငါတို့နဲ့မှ မတိုင်ပင်ပဲ စသည် စသည် အသံမျိုးစုံနဲ့ ချီးကျူးခံရပါလိမ့်မယ်။ ကောင်းတဲ့စကားသံတွေမဟုတ်သလို အထောက်အကူရတဲ့ အသံ တွေလည်း မဟုတ်ပါဘူး။ တကယ်လို့များ ကိုယ့်အလုပ်အောင်မြင်သွားရင် အဲဒီကဲ့ရဲ့ခဲ့တဲ့သူတွေကပဲ ပြန်ပြီး အလွန်အကျွံချီးကျူးပေးကြပါလိမ့်မယ်။ ဒါတွေကို လိုက်ခံစားနေမယ်ဆိုရင် ကိုယ့်လမ်းကြောင်းကို ထိခိုက်စေ တတ်ပါတယ်။ မကြားယောင်ပြု လျစ်လျူရှုထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ဆိုအဲဒီလို အသံတွေက အောင်မြင်မှု ကျရှုံးမှုအတွက် အရေးမပါလို့ပဲဖြစ်ပါတယ်။ မိုက်မဲတဲ့သူ ပညာမဲ့တဲ့သူတွေရဲ့အလုပ် တွေပဲဖြစ်ပါတယ်။ ပညာမဲ့မိုက်မဲသူတွေရဲ့ ချီးကျူးတာ ကဲ့ရဲ့တာဟာ အဓိကမဟုတ်ပါဘူး။ ပညာရှိတွေ သူတော်ကောင်းလို့ခေါ်ဆိုထိုက်တဲ့သူတွေရဲ့ကဲ့ရဲ့တာ ချီးမွမ်းတာကသာ အဓိကကျပါတယ်။ ကောင်းတဲ့အလုပ် မှန်တဲ့အလုပ်ကို လုပ်နေသူဆိုရင် လူမိုက်တို့ရဲ့ ချီးကျူးသံ ကဲ့ရဲ့သံကို မကြားယောင်ဆောင်ပြီး ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်းလုပ်ကိုင်နိုင်ကြပါစေလို့ ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

18-Sept-2018 အင်္ဂါနေ့(Tuesday)