ရောက်တိ ရောက်ရာ အတွေးများ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူသတ္တ၀ါတို့သည် အခြားသော သတ္တ၀ါများကဲ့သို့မဟုတ်ကြသည်ကို လူတိုင်းသိကြပေသည်။ အခြားသောသတ္တ၀ါများနှင့်မတူတာ ပြောစရာပင်လိုကြမည်မထင်မိပါ။ ပြောရန်လည်းလိုမည် မထင်ပါ။ ကျွန်တော်ဆိုလိုချင်သည်မှာ အခြားသော သတ္တ၀ါများသည် စဉ်းစားတွေးခေါ်ခြင်း ရှိနိုင်ကြသော်လည်း လူတို့၏ စဉ်းစားတွေးခေါ်ခြင်းနှင့်တော့မတူနိုင်ခြင်းကို ပြောလိုခြင်းဖြစ်ပါ သည်။ အခြားသော သတ္တ၀ါတို့၏ စဉ်းစားခြင်းသည် အခြေအမြစ်မရှိတွေးတောခြင်းဖြစ်နိုင်ပါ သည်။ လူတို့သည်ကား အခြေအမြစ်ရှိမရှိ မှန် မမှန် ထပ်ဆင့် စဉ်းစားတတ်ကြသည်။ အခြားသော သတ္တ၀ါတို့သည်ကား အခြေအမြစ်ရှိသည် မရှိသည်ကို စိတ်မ၀င်စားကြ၊ မှန်မမှန် ကိုလည်း မတွေးတောကြပါချေ။ သို့သော် ကျွန်တော်တို့လူသတ္တ၀ါများကတော့ အခြေအမြစ် ရှိ မရှိ၊ မှန် မမှန် ဆက်လက်စဉ်းစားတတ်ကြပေသည်။ ထိုကွာခြားချက်ကိုသာ ပြောလိုရင်းဖြစ်ပေ သည်။ တစ်ခါတစ်လေ ကြီးကြီးကျယ်ကျယ်လေးတွေ ရေးချင်မိလို့ပါ။ စိတ်ကူးတည့်ရာရေးလိုသည်ဖြစ်သဖြင့်သည်းခံဖတ်ရှုပေးကြပါ။ လူ့စိတ်ဆိုတာကလည်း မျောက်စိတ်လိုပဲလို့ဆိုတာကြတယ်မဟုတ်လား။ ဒီတော့ စိတ်ဆိုတာကလည်း တွေးချင်ရာတွေးတတ်ကြတာဆိုတော့ ဦးတည်ရာမရှိ တွေးချင်ရာတွေးမိတဲ့အတွေးတွေကို ရေးမိပါသည်။
Image from google
အချို့သူများသည် စဉ်းစားတွေးတောကြရာတွင် ဖြစ်ကတတ်ဆန်း တွေးတောကြသော်လည်း အချို့သောသူများသည် အချက်တစ်ချက်လေးကိုပင် အလွတ်မပေး ဆက်စပ် စဉ်းစားတွေး ခေါ်ကြပေသည်။ အထူးသဖြင့် မှုခင်းများနှင့်ပတ်သက်သောသူများသည် ထိုကဲ့သို့ ဆက်စပ် စဉ်းစားတတ်ကြသည်ကို တွေ့မြင်ရပါသည်။ ကောင်းမွန်သော ဆက်စပ်တွေးတောခြင်းများ သည် အန္တရာယ်မပေးသော်လည်း မကောင်းသော စိတ်ကူးအတွေးများသည် အန္တရာယ်ဖြစ်စေ နိုင်ပါသည်။ စဉ်းစားတွေးတောရာတွင် နည်းစနစ်အမျိုးမျိုးထားသူများလည်း ရှိသကဲ့သို့ နည်းမရှိ စည်းမရှိ တွေးချင်ရာတွေးသောသူများလည်း ရှိကြပေသည်။ စည်းမရှိတွေးချင်ရာ တွေးသောသူများက ပိုများမည်ထင်ပါသည်။ အတွေးများသည်လည်း အသက်အရွယ်အလိုက် ကွဲပြားခြားနားလာတတ်ကြပေသည်။ ငယ်စဉ်က အတွေးများ နှင့် အသက်အရွယ် ကြီးရင့်လာ သောအခါတွေးသော အတွေးများသည် အများအားဖြင့် ကွဲပြားခြားနားသွားတတ်ကြပေသည်။ ငယ်စဉ်ကအတွေးများသည် မိမိတို့ရယူလိုသောအရာကိုသာ အဓိကတွေးတောတတ်ကြသည် ဟုထင်ပါသည်။ တဖြည်းဖြည်း အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ စဉ်းစားတွေးတောရာ တွင် ဖြစ်သင့်၊ မဖြစ်သင့်၊ မှန်နိုင်၊ မှားနိုင် စသည်ဖြင့် စဉ်းစားတွေးခေါ်မှု အဆင့်တိုးသွားသည် ဟုထင်မြင်မိပါသည်။ ဆင်ခြင်တုံတရားနှင့် စဉ်းစားလာကြသည်ဟု ပြောရလေမည်လားမသိ။ ဟုတ်ကောင်းမှလည်း ဟုတ်ပေမည်။ ငယ်စဉ်မှ အသက်ကြီးသည်အထိ မပြောင်းမလဲ တွေးခေါ်သူများလည်း ရှိချင်ရှိနေနိုင်ပါသည်။
Image from google
အများအားဖြင့် ကျွန်တော်တို့သည် မျက်စိရှေ့မြင်ရာအရာဝတ္တုတို့၏ နောက်သို့ အတွေးများ ပါသွားပြီး အကျိုးမရှိသောအရာအများစုကို တွေးတော စဉ်းစား ငြင်းခုံ တတ်ကြပါသည်။ အကျိုးမများသော စဉ်းစားတွေးခေါ်ခြင်း နှင့် အကျိုးမဲ့ ငြင်းခုံကြခြင်းသာဖြစ်ပါသည်။ အမှန်ကတော့ တစ်ယောက်နှင့်တစ်ယောက် အရှုံးမပေးချင်သော စိတ်နှင့်ပြောဆို ကြခြင်းသာ များပါသည်။ မည်သူမျှ အကျိုးမရှိတတ်ကြပါ။ အကြောင်းမဲ့ တွေးတောစဉ်းစားခြင်းများသည် မိမိတို့၏ စိတ်ထွေပြားတတ်သည်။ ထွေပြားနေသောစိတ်သည် ပြန့်ကျဲနေသည်မဟုတ်ပါ လော။ ပြန်ကျဲ့နေသောအရာများကို စုစည်းရန်အချိန်ယူကြရပါသည်။ ထွေပြားသောစိတ်သည် ကောင်းကျိုးမပေးတတ်ဟုဆိုကြပါသည်။ စိတ်ထွေပြားလွန်းအားကြီးလျှင် ပတ်ဝန်းကျင်နှင့် ကင်းကွာတတ်ကြသည်ဟုလည်း ဆိုကြပါသည်။ အတွေးတစ်ခုအား တွေးတောခြင်းအား အကြောင်းမဲ့မထုတ်အပ်ပါ။ အချိန်တစ်ချိန်တွင် အတွေးတစ်ခုအား အကြိမ်ကြိမ် အထပ်ထပ် တွေးတောခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ထင်ပါသည်။ တွေးတော့တွေးကြပါသည်။ ဘာတွေကို ဘယ်လိုတွေးကြသည်ဆိုခြင်းကိုတော့ တွေးသူကိုယ်တိုင်သာ သိမည်ဖြစ်ပါသည်။ အတွေးတို့သည် အမှန်ဟုလည်းမထင်မြင်သင့်ဟု ထင်ပါသည်။ အတွေးတိုင်းသည် မမှန်နိုင်ပါ။ တွေးတိုင်းမှန်ခြင်းဖြစ်စေလိုသည်ဆိုပါက မိမိတို့၏ စိတ်အား တိုးတက်စေသော အလုပ်များကို လေ့ကျင့်လျှင်တော့ ရနိုင်ကြမည်ထင်ပါသည်။ ကျွန်တော့်အထင်များသာဖြစ်ကြောင်းပါ။ တွေးချင်ရာတွေး ရေးချင်ရာရေးနေမိခြင်းသာဖြစ်ပါသည်။ စာဖတ်သူများအတွက်တော့ အကျိုး မယုတ်နိုင်ဟု ထင်ပါသည်။
Image from google
အတွေးတွေကို လွတ်လပ်ခွင့်ပေးလိုက်ပါက ရူးသွားနိုင်မည်ထင်ပါသည်။ အရူးများသည် စိတ်ကူးယဉ်လွန်းသောကြောင့် ထိုသို့ဖြစ်သွားကြလေသည်လား။ တစ်ချို့အဘယ့်ကြောင့် ရူးသွားကြသနည်းဟု သက်ဆိုင်ရာမိသားစုများအား မေးကြည့်ရာတွင် ဘာသာပြန်များ ဖတ်ရှု သဖြင့်ဟု ဖြေဆိုခဲ့ခြင်းကို ကြုံဘူးပါသည်။ ဘာသာပြန်ဖတ်ခြင်းကြောင့် ရူးခြင်းတော့မဖြစ်နိုင်ပါ။ ဘာသာပြန်စာပေထဲမှ တစ်ခုခုအား အာရုံကျကာ ထိုကဲ့သို့ လိုက်လံလုပ်ဆောင်ခြင်းကြောင့် ရူးခြင်းသာဖြစ်မည်ထင်ပါသည်။ ယခုပင် ကျွန်တော့်၏ အတွေးတို့သည် ရပ်တန့်မနေ နိုင်ကြပဲ ဆင့်ကာ ဆင့်ကာ တွေးတောနေမိသည်မဟုတ်ပါလား။ ထိုကဲ့သို့ပင် အတွေးတစ်ခု နောက်သို့ ဆက်ကာ ဆက်ကာ လိုက်နေတတ်ကြသည်။ ဒေါင်းယောင်ဆောင်သောကျီး ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်းကို အမှတ်ရမိပါသည်။ ဦးကျော်ဟိန်း ဆိုက်ကားပေါ်ထိုင်ရင်း စစ်သားဘ၀စိတ်ကူးယဉ်နေရာမှ ဆိုက်ကားငှားသူရောက်လာကာ ဆိုက်ကားအားလား မေးသည်ကို မအားဘူးစစ်တိုက်ရဦးမယ် ဟု ဖြေဆိုသကဲ့သို့ပင်ဖြစ်နေ တတ်ကြသည်လည်း ရှိပါသည်။ စိတ်ကူးယဉ်လွန်းလျှင် တကယ်ပင် ရူးနိုင်ပါသည်။ ထို့ကြောင့် အတွေးတို့အား ထက်မြက်လို မှန်ကန်လိုသည်ဆိုပါက အတွေးတစ်ခုအား အကြောင်းမဲ့ မထုတ်သင့်ဟုလည်း ထင်ပါသည်။ ကောင်းသော အတွေးများကိုသာ ထုတ်သင့်သည်ဟုထင်မြင်မိပါသည်။ ရေးရင်း ရေးရင်းနှင့် စိတ်ကူးအတွေး တွေအကြောင်းလိုဖြစ်ကုန်ပြန်ပါသည်။
Image from google
ဒီနေ့က စစ်ကိုင်းတောင်ရိုးမှ အဓိပတိ ဆရာတော်ကြီး နှစ်ပါး၏ ၀ိဇာတမွေးနေ့မင်္ဂလာ ဖြစ်သောကြောင့် မနက်မိုးမလင်းမီကပင် နိုင်ငံအနှံ့မှ လူအများအပြားပင် လာရောက်ကြသည်ဖြစ်ရာ လမ်းမပေါ်မှာ ယာဉ်အသွားအလာများ ရှုတ်ထွေးစည်းကားနေသောကြောင့် ၀မ်းသာဂုဏ်ယူရမလိုလို ဖြစ်မိပါသည်။ ဘာမဆိုင်ညာမဆိုင် ဆရာတော်ကြီး နှစ်ပါးအကြောင်း ရောက်သွားမိသော အတွေးတို့ကို ပြန်လည် ထိန်းချုပ်လိုက်မိပါသည်။ ဆရာတော်ကြီးတစ်ပါးက သီတဂူဆရာတော်ကြီး နှင့် နောက်ဆရာတော်ကြီးတစ်ပါးက မဟာသုဗောဓာရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ တို့ပင်ဖြစ်ပေသည်။ ဆရာတော်ကြီးများ၏ ၀ိဇာတမွေးနေ့မင်္ဂလာတွင် လာရောက်ကုသိုလ်ဒါနပြုကြသူများကလည်း နိုင်ငံအနှံ့သာမက နိုင်ငံခြားသားများပါ ပါဝင်လေရာ နှစ်စဉ် အထူးပင် စည်ကားလှပါသည်။ မဟာသုဗောဓာရုံကျောင်းတိုက်ဆရာတော်ကြီးသည် ဆရာတော်ကြီးနှစ်ပါးစလုံးမှ တစ်ရက်တည်း တစ်ချိန်တည်းတွင် ၀ိဇာတမွေးနေ့မင်္ဂလာကျင်းပနေကြမည်ဆိုပါက လူအင်မတန်ရှုတ်ကာ ဒကာ ဒကာမများ ပင်ပန်းမည်စိုးရိမ်သောကြောင့် မွေးရပ်သိုပြန်ကာ ၀ိဇာတမွေးနေ့မင်္ဂလာကို ဆင်ယင်ကျင်းပပါသည်။ နိုင်ငံကျော်ရုံသာမက ကမ္ဘာကျော်သော ဆရာတော်ကြီး နှစ်ပါးဖြစ်သည့်အတွက် ယနေ့သည်လည်း ထူးခြားလှပေကြောင်း၊ စစ်ကိုင်းမြို့အတွက်လည်း ဂုဏ်ယူမိပါကြောင်း ရေးသားရင်း ရောက်တိ ရောက်ရာ အတွေးများကို ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
1-Mar-2018 ကြာသပတေးနေ့(Thursday)