ရောင်းချမှုပညာ (Selling Technique)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
လူ့ဘောင်လောကတွင် လူသားတိုင်းသည် အရောင်းသမားများဖြစ်ကြပေသည်။ လူတိုင်းလူတိုင်းသည် မိမိတို့၏ ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်နေကြရကြောင်းကို နားလည်ကြမည်ထင်ပါ သည်။ ထိုသို့ဘ၀ရပ်တည်မှုအတွက် အလုပ်လုပ်ကြရာတွင် လူတိုင်း လူတိုင်းသည်လည်း ရောင်းချခြင်းနှင့် လွတ်ကင်းသူ မရှိဟုထင်မြင်မိပါသောကြောင့် ရောင်းချမှုအကြောင်းအရာလေးကို ရေးသားလိုခြင်းဖြစ်ပါသည်။ အစိုးရ၀န်ထမ်းများ၊ လခစားများဖြစ်ကြသောကြောင့် ရောင်းချမှုသည် မိမိတို့နှင့်မဆိုင်ဟု ပြောလိုသူများရှိနိုင်ပါ သည်။ တကယ့်လက်တွေ့တွင်မူ ရောင်းချခြင်းသည် အမှန်ပင် လူတိုင်းနှင့် သက်ဆိုင်နေကြပါသည်။ လူတိုင်း လူတိုင်းသည် ဘ၀ရပ်တည်မှုအတွက် တစ်ခုခုကို ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းနေကြရပါသည်။ ဘာကိုမျှ မရောင်းချပါပဲနှင့် ၀င်ငွေရရှိနိုင်ရန်မဖြစ်နိုင်ပါချေ။ လခစားဝန်ထမ်းများသည်လည်း ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းနေရခြင်းဖြစ်ပါသည်။ အဘယ်အရာတို့ကို ရောင်းချနေရသနည်း။ ရှင်းလင်းပါမည်။ လူတို့သည် မိမိတို့၏ အချိန်၊ အတတ်ပညာ၊ ခွန်အား၊ ဥာဏ်အား တို့ကို အခြားသောသူများအား ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသည်မဟုတ်ပါလား။
Image from google
မိမိတို့သည် မည်သည့်အရာကို ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းနေရကြောင်းကို ကိုယ်တိုင် ဆုံးဖြတ်နိုင် ကြပါသည်။ မိမိတို့အချိန်ကို ရောင်းချခြင်းလား၊ အတတ်ပညာကိုရောင်းချခြင်းလား၊ ခွန်အားကို ရောင်းချခြင်းလား၊ ဥာဏ်အားကိုရောင်းချခြင်းလား တစ်ခုခုကိုတော့ရောင်းချမှသာ အသက်ရှင်ရပ်တည်ရန် ၀င်ငွေရရှိမည်ဖြစ်ပေ သည်။ တချို့သောသူတို့သည် မိမိတို့ပိုင်သော အချိန်များကို အခြားသူတို့အတွက် အသုံးချနေရခြင်းဖြင့် ၀င်ငွေရ နေကြရပေသည်။ လခစား ၀န်ထမ်းများသည် အားလုံးသော အမျိုးအစားများတွင် အကျုံးဝင်နိုင်ပါသည်။ ပစ္စည်းများကိုရောင်းချနေရသော ၀န်ထမ်းများသာလျှင် အရောင်းပညာနှင့်သက်ဆိုင်သည်မဟုတ်သည်ကို တွေ့ရှိ နိုင်ပါသည်။ မိမိတို့သည် ဘယ်အရာကိုရောင်းချခြင်းဖြင့် ၀င်ငွေရရှိနေကြကြောင်းကို ဆန်းစစ်ကြည့်နိုင်ပါသည်။ ထို့ကြောင့် ရောင်းချခြင်းပညာကို လူတိုင်းလေ့လာထားသင့်ပါသည်။ ရောင်းချခြင်းဆိုရာတွင်လည်း ရောင်းခြင်း နှင့် ၀ယ်ခြင်း နှစ်မျိုးလုံးကိုနားလည်ရပေမည်။ မိမိ၏ လုပ်ငန်းများကိုလုပ်ဆောင်နိုင်မှု၊ အရည်အချင်းများ၊ တတ်ကျွမ်း နားလည်မှုများ၊ နည်းပညာများသည် ရောင်းကုန်များပင်ဖြစ်ပေသည်။ မိမိသည် ဥပဓိရုပ်ကောင်းမွန်သူ၊ ယဉ်ကျေး ပျူငှာသောသူ၊ စကားအပြောအဆိုတွင် လိမ္မာပါးနပ်စွာပြောဆိုနိုင်သူ၊ လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သူတစ်ဦးဖြစ်ခဲ့ပါမူ လုပ်ငန်းရှင်အများစုမှ ကြိုက်နှစ်သက်သော လူတစ်ယောက်ဖြစ်နေမည်။ ရောင်းကုန် ပစ္စည်းများကဲ့သို့ပင် လူကြိုက်များနေမည်ဖြစ်ပေသည်။ လူကြိုက်များသော လူ သို့မဟုတ် ကုန်ပစ္စည်း သည် တွင်ကျယ်လာမည်မဟုတ်ပါလား။ ထို့ကြောင့်ပင် လူကြိုက်များသောသူသည် အောင်မြင်သောသူ တစ်ယောက်ဖြစ်သွားသကဲ့သို့ လူကြိုက်များသော ကုန်ပစ္စည်းသည်လည်း အောင်မြင်သော ကုန်ပစ္စည်းအဖြစ်သို့ ရောက်ရှိသွားရပေသည်။ ထိုကဲ့သို့ လူကြိုက်များ တွင်ကျယ်လာလျှင် ၀င်ငွေသည် အလိုအလျောက် နောက်မှ လိုက်လာမည်ဖြစ်ပေသည်။ လူကြိုက်များအောင် ပြုလုပ်ရေးတွင် ရောင်းဝယ်ခြင်းအတွက် အဓိကကျကြောင်း သတိပြုကြစေချင်ပါသည်။ မိမိတို့အား သို့တည်းမဟုတ် မိမိတို့၏ကုန်ပစ္စည်းများအား လူကြိုက်များလာအောင် ပြုလုပ်ကြပါခင်ဗျာ။ လူကြိုက်များလာမှသာ အရောင်းသွက်လာမည်ဖြစ်သောကြောင့် အရောင်းသွက်ခြင်းသည် လူကြိုက်များခြင်းနှင့် တိုက်ရိုက်အချိုးကျပတ်သတ်နေသည်မဟုတ်ပါလားခင်ဗျာ။
Image from google
လူတစ်ဦးတစ်ယောက် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုအား လူအများကြိုက်နှစ်သက်ခြင်းသည် ကံကောင်းခြင်းတစ်ခု တည်းကြောင့်မဟုတ်။ ကိုရီးယား ဇာတ်ကားများအား လူကြိုက်များခြင်းသည် ကံကောင်းခြင်းကြောင့် မြန်မာရုပ်ရှင် ဇာတ်ကားများအား လူကြိုက်နည်းခြင်းသည် ကံဆိုးလွန်းသောကြောင့် ဟုထင်ပါသလား။ မဖြစ်နိုင်ကြောင်းကို လူတိုင်းနားလည်ခံစား နိုင်မည်ထင်ပါသည်။ MSC မိတ်ဆွေများထဲတွင် ကိုရီးယားဇာတ်လမ်းတွဲများအား ကြိုက်နှစ်သက်သူများ ပါမည်ထင်ပါသည်။ အဘယ်ကြောင့် ကြိုက်နှစ်သက်ကြပါသနည်း။ ထို့အတူပင် မြန်မာ ဇာတ်ကားများအားလည်း အဘယ်ကြောင့် မကြိုက်နှစ်သက်ကြပါသလဲ။ ကံကောင်းခြင်း ကံဆိုးခြင်းကြောင့် ပါလား။ ရောင်းချခြင်းပညာတွင် အရောင်းသမားကောင်းများသည် မိမိတို့ကိုယ်ပိုင် အတွေးအခေါ်ယူဆချက်များရှိနေလေ့ရှိ ကြောင်း လေ့လာမိပါသည်။ သို့သော် အရောင်းပညာအတွက် အခြေခံအကျဆုံး နှင့် အကောင်းဆုံးသော အကြောင်းအရာများမှာ ကိုယ့်အကြောင်းကိုယ် သို့မဟုတ် ကိုယ့်ကုန်ပစ္စည်းအကြောင်းကို နားလည်အောင်ကြိုးစား ထားပါ။ မိမိတို့၏ ကိုယ်ပိုင်ဥာဏ်ကို အသုံးချပြီး လူတိုင်းနှင့်သင့်တင့်အောင်ပေါင်းသင်းဆက်ဆံပါ။ မိတ်ကောင်း ဆွေကောင်းများကို ငွေရှာသကဲ့သို့ ရှာဖွေစုဆောင်းပါ။ စည်းကမ်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်ပါ။ ကတိတည်ပါ။ မိမိ၏ အချိန်ကိုတန်ဖိုးထားသကဲ့သို့ အခြားသူများ၏ အချိန်များကိုလည်း တန်ဖိုးထားပါ။ မိမိကိုယ်ကို လေးစားသကဲ့သို့ အခြားသူများကိုလည်း လေးစားပါ။ ရေးမည်ဆိုလျှင် အရည်အချင်းလိုအပ်ချက် များစွာရှိနိုင်ပါသည်။ တစ်ဦးနှင့်တစ်ဦး အယူအဆ မတူသည်များလည်း ရှိလာနိုင်ပါသည်။ ယခုရေးသားထားချက် များတွင် တိုက်ဆိုင်မှုမရှိပါက အငြင်းပွားရန်မရှိပါ။ လွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်ပါသည်ခင်ဗျာ။
Image from google
ရောင်းချခြင်းပညာတွင် အတွေးအခေါ်မှန်ကန်ရန်လည်း အလွန်အရေးကြီးပါသည်။ တစ်ဖက်စွန်းရောက်လွန်းသော အတွေးအခေါ်အယူအဆတို့သည် လူအများနှင့် ပြသနာဖြစ်တတ်ကြောင်းကိုလည်း သတိပြုဆင်ခြင်သင့်ပါသည်။ ရေမွှေးရောင်းချနေသူ တစ်ယောက်သည် ငပိအကြောင်းစိတ်ဝင်စားနေခြင်းသည် မသင့်လျော် မမှန်ကန်သကဲ့သို့ ဆတ်ဆတ်ထိမခံနိုင်သော သူတစ်ယောက်လခစားဝန်ထမ်းလုပ်နေခြင်းသည် မသင့်လျော်ဟု ထင်ပါသည်။ မိမိတို့ နှင့်သက်ဆိုင်ပြီး မိမိကျွမ်းကျင်သော အလုပ်တို့ကိုသာ ရောင်းချခြင်းဖြင့် ၀င်ငွေကောင်းကို ရရှိနိုင်မည်ဖြစ်ပေသည်။ ကျန်းမာရေးမကောင်းသူတစ်ယောက်သည် ကူလီထမ်းသောအလုပ်ကိုစိတ်ဝင်စားမရနိုင်ပါ။ မိမိတို့ခွန်အားသည် မည်သို့ရှိသည်ကိုသိရှိရမည်ဖြစ်ပေသည်။ သို့မှသာ အောင်မြင်သော ရောင်းချမှုဖြစ်ပေမည်။ အချိန်ကိုရောင်းရမည် လား၊ အတတ်ပညာကိုလား၊ ခွန်အားကိုလား၊ ဥာဏ်ပညာကိုလား မိမိတို့အကြောင်းကို မိမိတို့ကိုယ်တိုင် သိအောင် ကြိုးစားပြီး ရောင်းချသင့်သည်တို့ကို ရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုခြင်းသည် ၀င်ငွေဖြောင့်သော အောင်မြင်သောသူတစ်ယောက်ဖြစ်နိုင်မည်ဖြစ်ပါသည်။ ဗဟုသုတများခြင်းသည်ကောင်းမွန်သော်လည်း အသက် မွေးဝမ်းကြောင်းမှုအတွက်မူ ကျွမ်းကျင်သော အရည်အချင်းတစ်ခုဖြင့် လုပ်ကိုင်ခြင်းသည် ၀င်ငွေကောင်း ကိုရရှိနိုင်မည်ဖြစ်ပေသည်။
ထို့ကြောင့် ရောင်းချခြင်းပညာသည် လူသားတိုင်းနှင့်သက်ဆိုင်သော ပညာတစ်ခုဖြစ်ခြင်း၊ လူတိုင်း လူတိုင်းသည် မိမိတို့၏ အချိန်၊ လုပ်အား များဖြင့် ၀င်ငွေရရှိစေရန် ကြိုးပမ်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းနေရခြင်းဖြစ်ကြောင်း ကို အမြဲတမ်းသတိရနိုင်ကြပါစေ။ မိမိတို့အပေါ်မူတည်ပြီး အသက်မွေးဝမ်းကြောင်းသည် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဖြစ်မည်ဖြစ်ပါသည်။ ရောင်းချခြင်းပညာတွင် လူအများ၏ လက်ခံနိုင်မှု များပြားလာသည်နှင့်အမျှ ကုန်ပစ္စည်းများတွင်ကျယ်မည်ဖြစ်ပြီး အောင်မြင်မှုများ ရရှိမည်ဖြစ်ပါသည်။ အောင်မြင်မှုများ ရရှိလာသောအခါမှသာ ၀င်ငွေအဖြစ်သို့ ပြောင်းလဲသွားနိုင်မည်ဖြစ်သည်။ မိမိတို့၏ လုပ်ဆောင်နိုင်စွမ်းအား၊ မိမိတို့၏အရည်အချင်း၊ မိမိတို့၏ တတ်ကျွမ်းမှု၊ မိမိတို့၏ ခေတ်အလိုက် နည်းပညာနားလည်နေမှုများအပေါ်တွင် မူတည်နေကြပါကြောင်း ရေးသားရင်း နိဂုံးချုပ်ရပ်နားလိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
22-11-2017 ဗုဒ္ဓဟူးနေ့(Wednesday)