ရေနွေးပူ လောင်းသည့်နှယ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူဆိုသည်မှာ စူးစမ်းလိုစိတ်ရှိသော သဘာဝရှိပါသည်။ လူကြီးတွေထက် ကလေးသူငယ်လူငယ်လူရွယ် တို့သည် ပိုမို စူးစမ်းလိုစိတ်၊ လေ့လာလိုစိတ် များပါသည်။ ထိုသို့ စူးစမ်းချင်၊ လေ့လာချင်ကြသည်မှာ ယနေ့ ခေတ်ကာလမှ ဖြစ်ပေါ်လာသော စိတ်မဟုတ်ပါ။ လူအချို့က စူစမ်းလိုစိတ်သည် ကောင်းမွန်သောစိတ်ဟို ထင်ပါသည်။ အချို့သောလူတို့သည် စူးစမ်းလိုစိတ်နှင့် စပ်စုလိုသောစိတ်ကို ရောနှောကာ အတူတူပင် ဖြစ်သည်ဟု ထင်နေကြပါသည်။ စပ်စုခြင်း နှင့် စူးစမ်းခြင်း မတူညီဟုလည်း ထင်မှတ်ပါသည်။ ထိုအကြောင်းကို နောက်များမှ သီးသန့်ရေးသားပါဦးမည်။ ယခုတော့ လက်ရှိခေါင်းစဉ်လေးကိုသာ ဆက်လက်ရေးသားပါမည်။ စူးစမ်းလိုစိတ်၊ လေ့လာလိုစိတ်ရှိသော လူငယ်များကြောင့်ပင် တိုးတက်သွားသောသာဓကများကမ္ဘာအနှံ့တွင် ရှိနေပါသည်။ လက်တွေ့ဆိုသည်ကို ပိုမိုသဘောကျနှစ်ခြိုက်လာကြသည့် လူငယ်များသည် စူးစမ်းလေ့လာမှု ပြုလုပ်ပြီးလျှင် လက်တွေ့လုပ်ကြပါတော့သည်။ သို့ရာတွင် မစူးစမ်း မလေ့လာသင့်သော အရာတို့အား လူငယ်တို့ စူးစမ်းလေ့လာမိသောအခါ ဒုက္ခရောက်ရတတ်ပါသည်။ မူးယစ်ဆေးဝါးသည်လည်း လက်တွေ့ မပြုလုပ်သင့်သည့်အရာတစ်ခုသာဖြစ်ပါသည်။ လက်တွေ့မလုပ်သင့်သည့် မူးယစ်ဆေးဝါးများအား သုံးစွဲမိ သောအခါ စွဲလမ်းစိတ်ဖြစ်လာပါတော့သည်။ ထိုသို့စွဲလမ်းစိတ်သည် လူများတွင်သာဖြစ်ပေါ်သည်မဟုတ်ပါ။ တိရစ္ဆာန်များတွင်လည်း စွဲလမ်းစိတ်ရှိပါသည်။ အရက်၊ ဘီယာ၊ ဘိန်း စသည်တို့အား တိရစ္တာန်တို့အား ကျွေးကြည့်ပါက ထိုတိရစ္ဆာန်တို့သည်ပင် အရက်စွဲ၊ ဘီယာစွဲ၊ ဘိန်းစွဲသော တိရစ္ဆာန်များ တကယ်ပင်ဖြစ်စေနိုင် ပါသည်။ ဘိန်းခန်းခေါင်မိုးတွင် နေထိုင်ကျက်စားတတ်သော အိမ်မြှောင်ကဲ့သို့သောအကောင်လေးများသည်ပင် ဘိန်းငွေ့တို့အား ရှုရှိုက်ရဖန်များလာသောအခါ ဘိန်းစွဲကာနေကြောင်း စာရေးဆရာတစ်ဦး(နာမည်မမှတ်တော့) မှ သူ့အတွေ့အကြုံအား ပြောပြခဲ့ဖူးပါသည်။ ဘိန်းခန်းမှ ဘိန်းငွေ့ကို မရှုရှိုက်ရသောအခါ ထိုအိမ်မြှောင်များ သည် ဘိန်းငတ်ကာ သေဆုံးသွားရကြောင်းလည်း သိရှိရပါသည်။ နိုင်ငံတကာတွင် မူးယစ်ဆေးဝါးပြဿနာ သည် ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် ပိုမိုဆိုးရွားနေကြောင်း မြင်တွေ့နိုင်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အလွန်ဆိုးရွားလာနေကြောင်း လက်တွေ့ခံစားနေရသူများ ပိုမို သိရှိကြပါလိမ့်မည်။
ယနေ့ခေတ်ကာလတွင် လူငယ်လူရွယ်အများစုတို့သည် မူးယစ်ဆေးဝါးများဖက်သို့ ခြေဦးလှည့်ကုန်ကြသည်။ မူးယစ်ဆေးဝါးအား အပျော်တမ်းလက်တည့်စမ်းစရာမဟုတ်သည်ကို မသိရှိကြလေသည်လား? သိသိနှင့်ပင် လက်တွေ့စမ်းသပ်ကြည့်ချင်ကြသည်လား? ဘီယာအားလက်တည့်စမ်းခြင်း၊ အရက်အားလက်တည့်စမ်းခြင်းတို့ သည် နောက်သို့ပြန်ဆုတ်ရန် လွယ်ကူသော်လည်း မူးယစ်ဆေးဝါးများအား အစပြုခဲ့ပါက နောက်သို့ပြန်ဆုတ်ရန် မလွယ်ကူနိုင်ပါ။ တစ်ကြိမ်မှ နှစ်ကြိမ်၊ နှစ်ကြိမ်မှသည် အဆုံးမသတ်နိုင်သော မူးယစ်ဆေး၏ ကျွန်အဖြစ်သို့ ရောက်ရှိကုန်ကြရလေတော့သည်။ ယနေ့ခေတ်ကာလတွင် မူးယစ်ဆေးဝါးတို့သည်လည်း အမျိုးအမည် ရေတွက်မရနိုင်လောက်အောင်ပင် များပြားနေမည်ထင်ပါသည်။ လူငယ်လူရွယ်တို့သည် စိတ်ကြွဆေးများအား သုံးစွဲကာ အရသာတွေ့နေကြပေသည်။ စိတ်ကြွဆေးများကို စွဲလမ်းနေကြကုန်သည်ဖြစ်ရာ အလွန်ပင်ဝမ်းနည်း ဖွယ်ဖြစ်ပါသည်။ မူးယစ်ဆေးစွဲသွားသောအခါ အသိဥာဏ်တို့သည်လည်းကွယ်ပျောက်ကုန်ကြရပါသည်။ ဆေးသုံးစွဲရရေးသာ အဓိကပြဿနာဖြစ်လာပါတော့သည်။ ထိုပြဿနာအား ဖြေရှင်းနိုင်ရန်အတွက်လည်း ကြိုးပမ်းလာကြပေသည်။ ငွေကြေးတတ်နိုင်သောအသိုင်းအ၀ိုင်းကဖြစ်ပါက အိမ်ရှိပစ္စည်းများအား ခိုးယူ ရောင်းစားခြင်းဖြင့်လည်းကောင်း၊ ငွေကြေးမတတ်နိုင်သောအသိုင်းအ၀ိုင်းမှဖြစ်ပါက ယခုလက်ရှိတွင် ဖြစ်ပေါ်နေ သော ခိုးမှု၊ လုယက်မှုစသည့် အလုပ်တို့အား လုပ်ကိုင်ခြင်းဖြင့် ဆေးသုံးစွဲနိုင်ရေးပြဿနာကို ဖြေရှင်းရန် ကြိုးစားလာကြပါတော့သည်။ မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းမှ ထိုသို့ဖြစ်ပျက်နေမှုတို့အား သိကောင်းမှ သိနိုင်ပေ လိမ့်မည်။ အညွန့််တလူလူ တက်နေကြရမည့် လူငယ်များ၊ နောင်အနာဂတ်တိုင်းပြည်၏ ဦးဆောင်မည့်လူငယ် များသည် ရေနွေးပူပူလောင်းခံလိုက်ရသည့် သစ်ပင်ငယ်လေးများနှယ် ငယ်နုစဉ်မှာပင် ပျက်စီးခြင်းဖြစ်သွားရပေသည်။
မူးယစ်ဆေးသုံးစွဲခြင်းဆိုကြရာတွင် မည်သည့်မူးယစ်စေတတ်သော ဆေးတစ်မျိုးမျိုးအား မကြာခဏဖြစ်စေ၊ အစဉ်အမြဲဖြစ်စေ သုံးစွဲနေတဲ့အခါမှာ အသွေးအသားမှ တောင်းဆိုတတ်သကဲ့သို့ စိတ်မှလည်း စွဲလမ်းမှု ဖြစ်ပေါ်လာခြင်းဖြင့် မူးယစ်ဆေးဖြင့် အားယူအသက်ဆက်နေကြကုန်၏။ သာမန်အကိုက်အခဲပျောက်ဆေး တို့သည်ပင် အမြဲတမ်းသုံးစွဲနေပါက ဆေးစွဲလာတတ်ပေသည်။ ဆေးမသောက်ရလျှင် မပျောက်တတ်သော စိတ်စွဲလမ်းမှု ဖြစ်စေတတ်ပါသည်။ စွဲလန်းစေတတ်တဲ့ဆေးများကလည်း စိတ်ငြိမ်အောင်၊ အိပ်ပျော်စေရန် ပေးကြသော စိတ်ငြိမ်ဆေးများ၊ အာရုံပြောင်းလွဲစေတတ်သောဆေးများ၊ စိတ်ဓာတ်တက်ကြွစေသောဆေးများ စသည်တို့က အသွေးအသားများက စွဲလန်းကပ်ငြိစေတတ်တယ်လို့ ဆိုပါသည်။ ထိုဆေးအမျိုးအစားတို့သည် မိမိသောက်ချင်တိုင်းသောက်ရန်ခွင့်မပြုထားတတ်ပါ။ သက်ဆိုင်ရာကျွမ်းကျင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရသော ဆေးဝါးများဖြစ်ပေမည်။ ဆရာဝန်၏ဆေးလက်မှတ်မပါလျှင် တရားဝင်ဆေးဆိုင်များမှ ရောင်းချပေးခြင်းမရှိပါ။ ထိုဆေးများကိုလည်း ဆရာဝန်များမှ ရေရှည်သုံးစွဲခြင်းမပြုရန်လည်း တားမြစ်ထား ပါလိမ့်မည်။ ဓာတုဗေဒဆေးဝါးများသည် သဘာဝဆေးမျာမဟုတ်သောကြောင့်ဘေးထွက်ဆိုးကျိုးများ တစ်ခု မဟုတ်တစ်ခုတော့ ရှိနေမည်ပင်ဖြစ်ပါသည်။ ထိုသို့ ဘိန်း၊ ဆေးခြောက်၊ ကိုကင်း တို့ပါဝင်သောဆေးများသည် လူတို့အား ပိုမိုစွဲလန်းစေသည်မှာ ယုံမှားသံသယဖြစ်ရန်မလိုဟုလည်းထင်မိပါသည်။ မည်မျှပင် စိတ်ဓာတ်ခိုင်မာ သောသူဖြစ်စေကာမူ ရေရှည်တွင် ထိုသို့ဆေးဝါးများနှင့် မူးယစ်အငွေ့အသက်များအား မခံနိုင်ဖြစ်တတ်ပါသည်။
လူငယ်လူရွယ်များအား မူးယစ်ဆေးဝါး၏ ကျေးကျွန်များမဖြစ်စေရန်သည် မိသားစုအတွက်သာမက တိုင်းပြည် နိုင်ငံ မြို့ ရွာများအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဟု မြင်ပါသည်။ မူးယစ်ဆေး၏ ကျေးကျွန်ဖြစ် သွားသောအချိန်တွင် မူးယစ်ဆေး၏လက်မှ လွတ်မြောက်ရန် ကယ်တင်ရန်နည်းလမ်းများ ရှိသည်ဆိုသော် လည်း သေချာရေရာမှုမရှိပါ။ အသွေးအသားမှ တောင့်တနေခြင်းဖြစ်နေသည့်အပြင် စိတ်လွတ်လပ်မှုကိုပင် ဖြစ်စေနိုင်သောကြောင့် ကိုယ်တိုင်ကပင် ဖြတ်ချင်စိတ်မရှိတတ်ကြပါ။ မူးယစ်ဆေးတို့သည် မထင်မှတ်လောက် သော ပျော်ရွင်မှုကို ပေးစွမ်းသည်ဟုလည်းကောင်း၊ စိတ်ကူးယဉ်အိပ်မက်များသည်လည်း အလွန်ကောင်းမွန် နေတတ်ကြောင်းတို့ကြောင့် ဆေးသုံးစွဲမိသူတို့သည် ဖြတ်ရန်ခက်ခဲကြသည်ဟု မှတ်ယူနိုင်ပါသည်။ စိတ်ကြွဆေးများအား သုံးစွဲထားသူများသည် မအိပ်မစားအလုပ်သာလုပ်ချင်တတ်ကြသည်ဟုလည်း ဆိုကြပါသည်။ ကျောက်တူးသော အလုပ်သမားတို့အား အချို့သော အလုပ်ရှင်တို့သည် အလုပ်ပိုမိုပြီး မြောက်စေရေးအတွက် ထိုကဲ့သို့သောဆေးများအား မသိမသာတိုက်ကျွေးတတ်ကြသည်ဟု ဆရာသမား တစ်ဦးမှ ပြောကြားခဲ့သည်ကိုလည်း မှတ်သားမိခဲ့ဘူးပါသည်။ စိတ်ကြွဆေးကြောင့် နေ့မအိပ်၊ ညမအိပ်၊ အကြောက်တရားမဲ့ကာ အလုပ်များအား မရပ်မနား လုပ်နေတတ်ကြသည်ဟုဆိုပါသည်။ ကြောက်စရာအလွန် ကောင်းပါသည်။ လူတိုင်းက ထိုဆေးအား အလွယ်တကူ သောက်သုံးသလား? ဟုမေးကြည့်မိရာ အစားအသောက်များတွင် ထည့်သွင်းကျွေးမွေးတတ်ကြသည်ဟု ဆိုရာ အလွန်ပင်ထိတ်လန့်ခဲ့ဘူးပါသည်။ ကိုယ်တိုင်ဆန္ဒရှိသဖြင့် မူးယစ်ဆေးစွဲရခြင်းမဟုတ်တော့ပဲ အလုပ်ရှင်များ၏ ယုတ်မာမှုကြောင့် ဆေးစွဲကာ မူးယစ်ဆေးဝါး၏ ကျေးကျွန်များဖြစ်ကာ ဘ၀ဆုံးကြရပေသည်။ လူငယ်များအား မူးယစ်ဆေးဝါးများနှင့် ပတ်သက်သော အသိပညာများအား သေချာစွာ ဟောပြောခြင်း၊ ဖြန့်ဝေခြင်းများကို ထိထိရောက်ရောက် ပြုလုပ်ပေးသင့်ပါကြောင်း အကြံပြုရေးသားရင်း၊ အပင်ငယ်လေးများအား ရေနွေးပူပူ အလောင်းမခံကြရပါစေ နှင့်ဟု ဆုတောင်းရင်း ရပ်နားလိုက်ပါသည်။
Drugs Are Bad. They Will Drive You And Your Family Mad.
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
8-Sept-2018 စနေနေ့(Saturday)