ရေကူးခြင်းအကျိုးကျေးဇူး (Benifit Of Swimming)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ချစ်ခင်ရပါသော MSC မှ ညီအစ်ကိုမောင်နှမများခင်ဗျာ။ အခြားသောစာများကို ရေးသားလာရသည်မှာ အတော်များနေပြီဖြစ်သော်လည်း အားကစားလေ့ကျင့်ခန်းများနှင့်ပတ်သက်သော ကျန်းမာရေးလေ့ကျင့်ခန်း သဖွယ်ဖြစ်နေသောအကြောင်းအရာလေးများအား မရေးဖြစ်ခဲ့တာ ကြာနေပြီထင်ပါသည်။ ထို့ကြောင့် စိတ်ကူးရနေသည့် ရေကူးလေ့ကျင့်ခန်းဖြစ်စေ၊ ရေဆင်းကူးခြင်းကြောင့်ဖြစ်စေ ရရှိလာတတ်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို သိသလောက်၊ ဖတ်ဖူး မှတ်ဖူးသမျှ ဗဟုသုတရရှိစေရန် ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ပါသည်။ ကျန်းမာရေးအတွက်လည်းကောင်း၊ ပျော်ရွှင်မှုအတွက်လည်းကောင်း ဗဟုသုတရနိုင်ကြ ပါစေခင်ဗျာ။
Image from google
ရေကူးခြင်းသည် အခြားသော ကိုယ်လက်လှုပ်ရှားကစားခြင်းများထက်ပင် ကျန်းမာရေးအတွက် အကျိုးများလှ ပါသည်။ အမျိုးသား၊ အမျိုးသမီးများအားလုံး လေ့ကျင့်သင့်သော လေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။ လေ့ကျင့်ခန်းဟု ဆိုရခြင်းမှာ ရေကူးခြင်းသည် ကိုယ်ခန္ဓာတစ်ခုလုံးကို လှုပ်ရှားရသဖြင့် ကိုယ်ခန္ဓာရှိအကြောအချင်များအားလုံးကို နှိုးဆွပေးခြင်းဖြစ်သောကြောင့်ဟုလည်းထင်ပါသည်။ ထို့ကြောင့်လည်း ကျန်းမာရေးအတွက် အထောက်ပြုခြင်း ဖြစ်ပါသည်။ ရေကူးတတ်ခြင်းသည် ဘေးဒုက္ခနှင့်ကြုံတွေ့ရသောအချိန်တွင် အလွန်ကျေးဇူးများကြောင်း သိရှိကြရ ပေလိမ့်မည်။ ရေမကူးတတ်သူများသည်ကား ရေကြောင်းခရီးဖြင့် လှေ၊ သင်္ဘောတို့ဖြင့် ခရီးထွက်ကြရန် အလွန် ကြောက်ရွံ့တတ်ကြသည်ကိုလည်း တွေ့မြင်မိပါသည်။ ရေမကူးတတ်ပါက ရေကြောင်းခရီးကို မသွားလိုကြပါ။ရေကူးခြင်းနည်းအမျိုးမျိုးကိုလည်းမှတ်သားဖူးပါသည်။ ကျွန်တော်ရေကူးတတ်ခြင်းသည် မထူးဆန်းဟုပြောရမည် ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိသောမြို့တွင် နေထိုင်ရခြင်းကြောင့် ရေကူးတတ်ခြင်းသည်မဆန်းပါ။ ရေကူးခြင်းကို စနစ်တကျသင်ယူ တတ်မြောက်ခြင်းတော့မဟုတ်ပါချေ။ သို့သော် ရေကိုမကြောက်တော့သည်ကား အမှန်ပင်ဖြစ်ပါသည်။ ငယ်စဉ်ဘ၀ကပင် မြစ်ထဲဆင်းရေချိုးရသည်ကိုသာ နှစ်သက်ခဲ့ပါသည်။ အိမ်တွင် ရေခွက်နှင့်ရေလောင်းချိုးရသည်ကို မကြိုက်ပါ။ အိမ်တွင်ရေချိုးရလျှင် ရေချိုးသည်ဟု ပင်မထင်မိပါ။ ထို့ကြောင့် နေ့စဉ် မြစ်ဆိပ်သို့သာဆင်းပြီး ရေကူးရင်း ရေချိုးတတ်ပါသည်။ မြစ်ရေတွင် အချိန်ကြာမြင့်စွာ သူငယ်ချင်းများနှင့် ရေကူးနေတတ်ပါသည်။ ရေကူးရသည်ကိုလည်း အလွန်နှစ်သက်မိပါသည်။ ရေကူးနည်းများကိုတော့ ကျွမ်းကျင်စွာ တတ်မြောက်ခြင်းတော့မရှိပါ။ ရေကူးခြင်းအမျိုးမျိုးတို့တွင် မိန်းမကူးနည်း၊ လက်ပစ်ကူးနည်း၊ လိပ်ပြာကူးနည်း၊ ဖားကူးနည်း၊ ပက်လက်နောက်ပြန်ကူးနည်း စသည်ဖြင့်ရှိကြပါသည်။ ရေးကူး ပြိုင်ကြရာတွင် မည်သို့သောနည်းစနစ်များဖြင့် ပြိုင်ကြသည်ကိုတော့ ကောင်းစွာနားမလည်ပါ။
Image from google
ရေကူးကြရာတွင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ခန္ဓာကိုယ်တစ်ခုလုံးအား အသုံးချရသဖြင့် ခန္ဓာကိုယ်ရှိ အကြောအချင်များ၊ ကြွက်သားများ နှင့် အရိုးအဆစ်တို့ကို လေ့ကျင့်ခန်းပြုလုပ်ပေးပြီးဖြစ်နေပါသည်။ ခြေများအား တစ်လှည့်စီ ဆန့်ထုတ်ပေးခြင်း၊ လက်များအားလည်း တစ်လှည့်စီဆန့်ထုတ်ပေးခြင်းဖြင့်လည်း ခြေလက် လေ့ကျင့်ခန်းများအား ပြုလုပ်ပေးနေသကဲ့သို့ပင် ဖြစ်ပါသည်။ ထို့အတွက် ကြွက်သာများသည်သန်မာလာသကဲ့သို့ အရိုးအဆစ်များသည်လည်း ထွားကျိုင်းလာကြပါသည်။ ရေကူးနေချိန်တွင် အသက်ကိုမှန်ကန်စွာ ရှုသွင်းခြင်း၊ ရှုထုတ်ခြင်းလည်းပြုလုပ်ကြရပါသည်။ သို့မဟုတ်ပါက လျင်မြန်စွာ မောပန်းလာတတ်ကြပါသည်။ ကမ္ဘာ့အားကစား လောကတွင်လည်း ရေကူးခြင်းသည် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်အတွက် အကောင်းဆုံးသော အထောက်အကူဖြစ်ကြောင်း အသိအမှတ်ပြုကြပါသည်။ ရေကူးပေးခြင်းဖြင့် လူတို့၏နှလုံးကိုလည်း သန်မာစေကြောင်းသိရပါသည်။ နှလုံးသွေးကြောကျဉ်းခြင်းများ၊ အဆီပိတ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်သည်ဟုလည်းဆိုကြပါသည်။ ရောဂါနုစဉ်အခါကပင် ရေကူးခြင်းကို ပြုလုပ်ခဲ့ပါက နှလုံးနှင့်ပတ်သက်သော ရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည်ဟု သုတေသနပြုချက်များ ကဆိုကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ရေကူးခြင်းကို ပြုလုပ်နိုင်ပါက ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်သည်မှာ သေချာပါသည်။ ၀ိတ်လျော့ချင်သူများသည် အမှန်ပင်ရေကူးသင့်ပါသည်။ ရေကူးခြင်းသည် ၀ိတ်ကျစေရန်အတွက် အဆီပိုများကိုလျော့ချပေးနိုင်ပါသည်။ စိတ်ဖိစီးမှုများကိုလည်း လျော့ချပေးနိုင်ကြောင်း ဖတ်မှတ်ဖူးပါသည်။
5 Amazing Benefits Of Swimming
Image from google
ရေကူးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ဖတ်ဖူးသမျှမှ မှတ်မိသည်များကို ဖော်ပြပေးလိုက်ပါသည်။ ရေကူးခြင်းတွင် ရေကူးနေချိန်တွင် ကိုယ်ခန္ဓာတစ်ခုလုံးသည်စည်းချက်ညီညီ လှုပ်ရှားရမှုကြောင့်လည်းကောင်း၊ အသက်ကို မှန်ကန်စွာရှုသွင်း၊ ရှုထုတ်ရသဖြင့်လည်းကောင်း ကျန်းမာရေးကို လွန်စွာအထောက်အကူဖြစ်စေပါ သည်။ ရေကူးခြင်းဖြင့် နှလုံးကျန်းမာရေးကိုအထောက်အကူပြုနိုင်သကဲ့သို့ ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါသည်။ သွေးလည်ပတ်မှုကောင်းမွန်ခြင်းသည်လည်း ကျန်းမာရေးကို အထောက်အပံ့ပေးပါသည်။ ထိုသို့ သွေးလည်ပတ်မှု ကောင်းမွန်သောကြောင့် အခြားသောရောဂါပိုးများကိုလည်း အလွယ်တကူမ၀င်ရောက်နိုင် စေရန်အတွက် အကာအကွယ်ရရှိစေပါသည်။ ရေ၏သိပ်သည်းဆသည် လေ၏ သိပ်သည်းဆထက်များသော ကြောင့် ကိုယ်ခန္ဓာ၏လှုပ်ရှားမှုကို လေထဲမှာထက်ပိုမိုအင်အားစိုက်ထုတ်ကြရပါသည်။ ထို့အတွက် ပခုံး၊ နောက်ကျော၊ ခြေ၊ လက် နှင့် ကြွက်သားများကို သာမန်လှုပ်ရှားမှုများထက် အင်အားပိုသုံးရသဖြင့် ကြွက်သားများ ကို ပိုမိုသန်စွမ်းစေပါသည်။ အခြားသော သာလွန်သောအချက်မှာ ရေကူးခြင်းဖြင့် နာကျင်မှုများကို မခံစားကြရခြင်း ဖြစ်ပါသည်။ အခြားသော ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများသည် အသားမကျမီတွင် နာကျင်မှုကို ခံစားကြရ တတ်ပါသည်။ ရေကူးခြင်းသည် ကြွက်သားများနာကျင်မှုကိုပင် ပျောက်ကင်းစေနိုင်ပါသည်။ သာမန်အားဖြင့် ရေကူးခြင်းကို မိနစ်အနည်းငယ်ခန့်ပြုလုပ်လျှင်ပင် ရေကူးခြင်း၏ အကျိုးသက်ရောက်မှုကို လက်တွေ့ခံစား နိုင်ကြပါသည်။ ရေမကူးရသောနေ့များတွင် လေးလံထိုင်းမှိုင်းနေတတ်ပြီး ရေကူးသောနေ့များတွင် ခန္ဓာကိုယ်သည် သွက်လက်ပေါ့ပါးနေတတ်ပါသည်။ ရေကူးပြီးပြီးခြင်းတွင် အနည်းငယ် အိပ်ချင်တတ်သော်လည်း ပြသနာမရှိပါချေ။ အခြားလုပ်ငန်းများမရှိပါက အိပ်လိုက်လျှင် ပိုမိုပေါ့ပါးလန်းဆန်းသွားမည် ထင်ပါသည်။ ကျွန်တော်၏ အတွေ့အကြုံအရ ထင်မြင်ချက်သာဖြစ်ပါသည်။
Image from google
ဦးနှောက်ကို လန်းဆန်းစေရန်အတွက် အန္တရာယ်မကင်းသော အားဖြည့်အချိုရည်များကို သောက်သုံးနေမည့်အစား အားလပ်ချိန်လေးများတွင် ရေကူးပေးကြပါ။ အချုပ်အားဖြင့်ပြောရမည်ဆိုသော် ရေကူးခြင်းသည် အခြားသော ကျန်းမာရေးအထောက်အကူပြု လေ့ကျင့်ခန်းများကဲ့သို့ပင် ကောင်းမွန်သော လေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အပြင် စိတ်ဖိစိမှုများသူများ၊ ၀လာသူများ နှင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်သည်ဖြစ်ပါကြောင်းရေးသားရင်း အချိန်ရပါက အခြေအနေလည်းပေးပါက ရေကူးခြင်းကို ပြုလုပ်ကြပါဟု တိုက်တွန်း နှိုးဆော်ရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
29-11-2017 ဗုဒ္ဓဟူးနေ့(Wednesday)