ရင်လေးစရာ မြန်မာစာ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏အသက်သည် စာပေအရေးအသား ဖြစ်မည်ထင်ပါသည်။ မြန်မာစာပေသည် မြန်မာလူမျိုးတို့နှင့် မသက်ဆိုင်သကဲ့သို့ပင် ရေးချင်သလိုရေးကြသည်။ မှားချင်သလိုမှားကြသည်။ အင်္ဂလိပ်စာအရေးအသားကို တိကျမှန်ကန်အောင် ကြိုးစားနေသော်လည်း မိခင်ဘာသာ ဖြစ်သော မြန်မာစာအား မှန်ကန်အောင် ရေးသားရန် ပျက်ကွက်နေကြပေသည်။ အင်္ဂလိပ်စာအား အလွန်အရေးထားကြသော်လည်း မြန်မာစာအား အလေးမထားကြသည်ကို မြင်တွေ့နေရသည်ဖြစ်ရာ မကြာမီကာလမှာပင် မြန်မာစာပေ ပျောက်ကွယ်သွား တော့မည် လော။ မည်သူတို့တွင် တာဝန်ရှိသနည်း။ မြန်မာအားလုံးပင် တာဝန်ရှိသည်ဟု ထင်ပါသည်။ ကိုလိုနီ ခေတ်တွင်ကြွေးကြော်ခဲ့ဖူးသော “မြန်မာစာသည် ဒို့စာ ၊ မြန်မာစကားသည် ဒို့စကား ၊ မြတ်စာကို ချစ်မြတ်နိုးပါ” ဆိုသည့် ကြွေးကြော်သံများအား ပြန်လည် ကြွေးကြော်ရမည် ထင်ပါသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသည်တို့တွင်ပင် စာအရေးအသားများ လွန်စွာ အမှားအယွင်းများလာနေကြောင်း တွေ့မြင်လာရပါသည်။ မြန်မာစာအား မြန်မာတို့က အလေးမထားလျှင် မည်သူတို့က အလေးထားကြမည်နည်း။ မှားသည်မှ အလွန်အကျွံပင်ဖြစ် ပါသည်။ စာရေးဆရာကြီးများမှလည်း မြန်မာစာအားထိန်းသိမ်းကြရန် နည်းမျိုးစုံ ခေါင်းစဉ် ပေါင်းစုံဖြင့် ရေးသားအသိပေးခဲ့ သော်လည်း မထူးခြားပါ။ ဆက်လက်မှားမြဲသာရှိနေဆဲပင် ဖြစ်ပါသည်။
Image from Facebook
တက္ကသိုလ်ကျောင်းများတွင် မြန်မာစာအား အထူးပြုဘာသာရပ်အဖြစ် သင်ယူကြသောသူများ နည်းပါးလာပေသည်။ တက္ကသိုလ်ဝင်တန်း တစ်နည်း ဆယ်တန်းတွင် စိတ်ကြိုက်မြန်မာစာအား သင်ကြားပေးသူ ဆရာများပင်မရှိကြတော့ကြောင်း သိရှိရပါသည်။ ထိုသို့ မြန်မာစာ၏အခြေ အနေသည် အလွန်ဆိုးရွားနေသည်မှာ အလွန်ဝမ်းနည်းစရာကောင်းလှပေသည်။ တက္ကသိုလ် ၀င်တန်းစာမေးပွဲများတွင် စိတ်ကြိုက်မြန်မာစာအား ဖြေဆိုသူ မရှိသလောက်ပင်ဖြစ်နေပါတော့ သည်။ မြန်မာစာပေ၏အခြေအနေ ဆိုးဆိုးရွားရွားဖြစ်နေသည်မှာ မည်သူတို့အား အပြစ်တင်ရ ပါမည်နည်း။ မည်သူတို့သည် တရားခံဖြစ်နေပါသနည်း။ စာပေကိုရေးသားနေကြပါသော စာရေးဆရာကြီးများသည် စိတ်ကြိုက်မြန်မာစာသည် အနိစ္စရောက်လေပြီဟု ၀မ်းနည်း ပက်လက် ငြီးတွားနေကြရလေပြီဖြစ်သည်။ ပညာသင်ကြားရေးတွင် သိပ္ပံဘာသာရပ်အား အလေးပေးသင်ကြားလာကြသောအခါတွင် သိပ္ပံ သိပ္ပံဖြစ်လာကြသည်။ ထိုမှနောင်နှစ် အနည်းငယ်ကြာမြင့်သောအခါ အိုင်တီ အိုင်တီဖြစ်လာပြန်သောအခါတွင်လည်း အိုင်တီ ကို ဦးစားပေးလာကြပြန်ပါသည်။ မြန်မာစာသည်ကား မြောင်းထဲသို့ကျရုံသာမက မြောင်းအောက် ခြေသို့ပင် ရောက်နေလောက်ပေပြီ။ ပညာရေးတွင်လည်း မြန်မာစာသည် ရယ်စရာအသွင်သာ ရှိနေတော့သည်ထင်ပါသည်။
Image from Facebook
တက္ကသိုလ်များတွင်လည်း သိပ္ပံဘာသာရပ်ကိုသာ အဓိကဘာသာရပ်အဖြစ် အလုအယက် သင်ကြားလာကြရာ ၀ိဇ္ဖာဘာသာတွဲတို့သည်ကား သင်ကြားရန်ပင် အခက်အခဲဖြစ်လာကြ ပေသည်။ သိပ္ပံ ဘာသာတွဲကို အဓိကဘာသာတွဲအဖြစ် အလုအယက် သင်ကြသည်ဖြစ်ရာ ၀ိဇ္ဖာဘာသာတွဲသမားများသည် အမှတ်နည်းသဖြင့် ၀ိဇ္ဖာဘာသာတွဲသာရရှိကြပေသည်ဟု စိတ်အားငယ်ကြရကုန်သည်ဖြစ်ပေသည်။ မဖြစ်သင့်သော်လည်း ယခုခေတ်ကာလသည် အမှန်ပင် ဖြစ်နေပါသည်။ ၀ိဇ္ဖာဘွဲ့ရသူဆိုလျှင်ပင် အလုပ်မခန့်တော့သလောက် ဖြစ်ကုန်ကြ ပေသည်။ ၀မ်းနည်းစရာကောင်းလှပါသည်။ ၀ိဇ္ဖာဘာသာရပ်တို့သည်လည်း ပညာရပ်များသာ ဖြစ်ပါသည်။ ၀ိဇ္ဖာဘာသာရပ်တို့ဖြင့်လည်း လူ့လောကကောင်းကျိုးအား ဆောင်ရွက်နိုင်ကြ ပါသည်။ သိပ္ပံဘာသာတွဲတို့အား တက်ရောက်သင်ကြားနေရသူများသည် ရင်ကော့ခေါင်းမော့ နေချိန်တွင် ၀ိဇ္ဖာဘာသာတွဲသမားများသည် မကောင်းမှုမလုပ်ရပါဘဲနှင့် ခေါင်းငုံ့ကာနေကြ ရခြင်းသည် တရားခံမည်သူဖြစ်ပါသနည်း။
Image from Facebook
မိဘများကိုယ်တိုင်ကပင် မိမိတို့သားသမီးများသည် ၀ိဇ္ဖာဘာသာတွဲအား သင်ကြားကြရသည်ရှိသော် နှုတ်မှဖွင့်ပြောဆိုခြင်းမပြုသော်လည်း အမှတ်နည်း လို့ ညံ့လို့ဟု ထင်မှတ်ကာနေတတ်ကြလေသည်။ ယခင်က စိတ်ကြိုက်မြန်မာစာ သည် တက္ကသိုလ် ပထမနှစ် ၊ ဒုတိယနှစ်များတွင်သာ သင်ကြားခွင့်ရှိသော်လည်း ယခုအခါ ဆယ်တန်းတွင်သင်ကြားခွင့်ရရှိလာပါသည်။ သို့သော်လည်း သင်ယူမည့်သူ သင်ကြားပေးမည့် သူ မရှိဖြစ်နေပါသည်။ မြန်မာစာ၏ အနာဂတ်သည် ရင်လေးဖွယ်ရာပင်ဖြစ်နေပါတော့သည်။
Image from google
မြန်မာစာအား အလေးထားခြင်းရှိသည် မရှိသည်ကို ချိတ်ဆွဲထားကြသော ဆိုင်းဘုတ်များအား ကြည့်လျှင် အလွန်သိသာလှပါသည်။ Online Social Media များမြန်မာစာသည် ပိုမိုဆိုးရွားနေ ကြောင်း သိနိုင်ပါသည်။ မြန်မာစာအား ၀ိုင်းဝန်းကြိုးစားထိန်းသိမ်းသင့်နေပြီဖြစ်သော်လည်း ထိန်းသိမ်းရန် စိတ်မ၀င်စားသကဲ့သို့ဖြစ်နေပါသည်။ နိုင်ငံတော်အစိုးရ နှင့် ပညာရေးဝန်ကြီး ဌာနတို့၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့်သာ မြန်မာစာတိုးတက်လာနိုင်မည်ဟုလည်း ထင်မြင်မိပါ သည်။ တစ်ဦး တစ်ယောက်ချင်းစီကြိုးပမ်းနေခြင်းသည် အရာရောက်မှု နည်းပါးမည်ဖြစ်ပါ သည်။ မြန်မာစာ ပျက်စီးလာခြင်းသည် မြန်မာလူမျိုးပျက်စီးလာခြင်းပင်ဖြစ်သည်ဟုလည်း ထင်မြင်မိပါသည်။ မြန်မာစာအား အလေးထားသော အဖွဲ့အစည်းအချို့မှ မြန်မာစာအား မြှင့်တင်ရန်ကြိုးစားနေကြသည်ကိုလည်းတွေ့ရှိရပါသည်။ သို့သော် အဖွဲ့အစည်းသေးသေး လေးတွင် လူအနည်းငယ်လောက် ကြိုးစားနေရုံဖြင့် မြန်မာစာအရေးအသားသည် ပြန်လည် ဦးမော့လာနိုင်ရန် မလွယ်ကူနိုင်ပါ။ မြန်မာစာတိုးတက်လာရေးအတွက် နိုင်ငံတော်အနေဖြင့် စီမံကိန်းချဆောင်ရွက်နိုင်မှသာလျှင် ဖြစ်နိုင်မည်ထင်ပါသည်။
Image from Facebook
စာပေမြင့်မှ လူမျိုးတင့်မည် ဟူသော ကြွေးကြော်သံများ၊ မြန်မာစာသည် ဒို့စာ ၊ မြန်မာစကားသည် ဒို့စကား ဟူသော ကြွေးကြော်သံများဖြင့် မြန်မာစာပေအား ပြန်လည်မြှင့်တင်ရန်ကြိုးပမ်းသင့်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
4-Apr-2018 ဗုဒ္ဓဟူးနေ့(Wednesday)