ရေးချင်ရာရေး ကောင်းအောင်ရေး(Write You Like But Must Be Best)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယခင်က ကျွန်တော့်၏စာရေးခြင်းနှင့်ပတ်သက်ပြီး post တင်ထားခဲ့ဘူးပါသည်။ သို့သော်လည်း နောက်ထပ်ဝင်ရောက် လာကြသော လူသစ်များအနေဖြင့် ၀င်ရောက်ဖတ်ရှုကြပုံမရပါ။ ထို့ကြောင့် ယခုစာအားရေးသားလိုက်ခြင်းဖြစ်ပါ သည်။ ကျွန်တော်သည်လည်း စာရေးဆရာတစ်ယောက်မဟုတ်ပါ။ လူသစ်အများအပြားကပင် "ဘာရေးရမှန်း မသိဘူး" "စာရေးဖို့စဉ်းစားမရဘူး" ဟူသောပြောနေခြင်းများကို မကြာခဏ ကြားနေရပါသည်။ ကျွန်တော်လည်း အမြဲပြောနေကျစကားဖြစ်သော လက်သုံးစကားဖြစ်သော "ရေးချင်ရာရေး ကောင်းအောင်ရေး" ဟုသာ ပြောရမည်ဖြစ်ပါသည်။ "စာမရေးနိုင်ခြင်း၏ အဓိကတရားခံမှာ စာမဖတ်ခြင်းပင် ဖြစ်သည်။" ယခုဆောင်းပါးအားလည်း ရေးချင်ရာရေး ကောင်းအောင်ရေး ဟုသာ အမည်နာမပေးလိုက်ရပေသည်။ မိမိတို့စိတ်ကြိုက်ဖန်တီးရေးသားကြပါရန်လည်း တိုက်တွန်းအကြံပြု ပါသည်။ မိမိတို့စိတ်ကြိုက်ဖန်တီးခြင်းသည် အစတွင်ခက်ခဲနေမည်ဖြစ်သော်လည်း အကျင့်ရလာသောအခါတွင် အခြားသူများ၏စာများကို ကူးချခြင်းကို စိတ်ဝင်စားကြတော့မည်မဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် အနည်းငယ်သော အားစိုက်မှုလေးကိုသာပြုလုပ်လျှင်ပင် ကိုယ်တိုင်ရေးဆောင်းပါးလေးများ ဖြစ်လာမည်မှာလည်း မလွဲဧကန်ဖြစ်ပေသည်။
Image from google
ကိုယ်တိုင်ရေးဆောင်းပါးဟု ဆိုလိုက်သဖြင့် စာရေးဆရာစစ်စစ်များရေးသားသော ဆောင်းပါးများကဲ့သို့ ခက်ခဲစွာ တွေးရေးခြင်းကို ပြေးမမြင်စေလိုပါ။ စာရေးဆရာစစ်စစ်များ ရေးသားထားသောအကြောင်းအရာများအား စာရေးဆရာမဟုတ်ကြသော ကျွန်တော်တို့အနေဖြင့် လိုက်လံတုပြီး ရေးနိုင်ရန်မှာ အလှမ်းဝေးနေပါသေးသည်။ ယခု Steemit Platform တွင် ၀င်ရောက်ကာ စာရေးသားသူများ၊ တနည်းအားဖြင့် post တင်ရေးသူများသည် စာရေးဆရာများမဟုတ်ကြသဖြင့် စာရေးဆရာများ၏ အရေးအသားများကိုတော့မမီနိုင်ပါ။ အသက်အားဖြင့်လည်း အငယ်ဆုံးသည် ၁၅ နှစ် ၁၆ နှစ်လောက်တော့ရှိကြမည်ထင်ပါသည်။ ထို အသက်အရွယ်သည် ထိုက်သင့်သော ပညာ၊ ထိုက်သင့်သော အတွေ့အကြုံလေးများ ရှိမည်ထင်ပါသည်။ မိမိတို့၏ ကျောင်းမှ အတွေ့အကြုံများ၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် အပျော်ခရီးထွက်ခြင်း၊ ဘုရားဘူးထွက်ခြင်းစသည့်အတွေ့အကြုံလေးများကို ရေးသားမည်ဆိုပါက ရေးစရာကုန်မည်မထင်ပါ။ ထိုထက်အသက်ကြီးသူများကား အတိုင်းအထက်အလွန်ပင်ဖြစ် ပါသည်။ ပိုမိုအတွေ့အကြုံများကြပေမည်။ အိမ်တွင်းပုန်းနေသူတစ်ယောက်ပင်လျှင် အတွေ့အကြုံရှိသောခေတ် ကာလဖြစ်ပါသည်။ ထိုသို့ရေးခြင်းသည် မိမိအမှန်တကယ် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်ကလေးများအား စာဖတ်ရှုသူတို့အား မျှဝေပေးခြင်းဖြစ်မည်ထင်ပါသည်။ ကြောက်စရာကောင်းသောအဖြစ်အပျက်၊ ပျော်စရာ ကောင်းသောခံစားချက်၊ ကြည်နူးဖွယ်ရာအဖြစ်အပျက် စသည်ဖြင့် မိမိတို့၏ခံစားချက်များအားရေးပြ ဝေမျှနိုင်ကြ ပါသည်။ အများကြီးရေးနိုင်မည်ဟုလည်း ထင်ပါသည်။
Image from google
နောက်တစ်မျိုးရှိပါသေးသည်။ လူတိုင်း အသက်အရွယ်မရွေး အနည်းနှင့်အများ စိတ်ကူးယဉ်ဘူးကြမည် ထင်ပါသည်။ ထိုကဲ့သို့ပင် စာရေးခြင်းသည် တစ်နည်းအားဖြင့် စိတ်ကူးယဉ်ခြင်းပင်ဖြစ်မည်ထင်ပါသည်။ မိမိတို့အတွေးစိတ်ကူးများအား ရေးချပြလိုက်ခြင်းပင်ဖြစ်ပါသည်။ အတွေးစိတ်ကူးများသည် ဆောင်းပါးများ ၀တ္ထုများအဖြစ်သို့ရောက်ရှိလာကြပါသည်။ လက်တွေ့ဘ၀တွင်အမှန်တကယ်ရှိချင်မှလည်း ရှိပေမည်။ အဟုတ် အမှန်မဟုတ်သော်လည်း စာဖတ်သူများအား ဖတ်ရှုကောင်းစေရန် ရေးသားနိုင်ကြမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် မိမိသည် လက်တွေ့ဘ၀တွင် ကျောင်းတက်နေရသော်လည်း စိတ်ကူးထဲတွင် အလွန်အောင်မြင်ကျော်ကြားသော တေးသံရှင်တစ်ဦးအားကျခဲ့သည်ရှိသော် လက်ရှိအောင်မြင်နေသော တေးသံရှင်တစ်ဦးဦး၏ ဟန်အမူအရာကို အတုယူရေးဖွဲ့နိုင်မည်ဖြစ်ပါသည်။ ထို့အတူ အောင်မြင်သောလုပ်ငန်းရှင်သူဌေးကြီးများ၊ တီထွင်ဆန်းသစ်သူများ၊ ရှာဖွေလေ့လာသူများ စသည်ဖြင့် စရိုက်အမျိုးမျိုးဖြင့် ရေးသားနိုင်ကြမည်ဖြစ်ပါသည်။ သူငယ်ချင်းများနှင့်ဘောလုံး ဆော့ကစားခြင်း၊ ခြင်းလုံးခတ်ခြင်း၊ ရေကူးခြင်း၊ ငါးမျှားခြင်းစသည်ဖြင့်လည်းရေးသားနိုင်ပါသည်။ ရေးသားရန် အချက်အလက်များစွာရှိနေပါသည်။ မစဉ်းစားမိသောကြောင့် ရေးသားမရကြခြင်းဖြစ်ပါသည်။
Image from google
စိတ်ကူးတွင်ပေါ်လာသောအကြောင်းအရာတစ်ခုအား စတင်ရေးချလိုက်ခြင်းဖြင့်လည်း post တစ်ခုအဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အစတွင် ဘာရေးရမှန်းမသိ ဖြစ်နေပါမည်။ ဆက်ရေးပါ။ ရေးချင်သလိုရေးပါဟု ပြောလျှင် ယုံကြည်ရန်ခက်ခဲမည်လားတော့မသိပါ။ မယုံကြည်မဖြစ်ပါနှင့်။ ရေးသာရေးပါ။ သူအလိုလိုစိတ်တွင်ပေါ်လာသမျှ ရေးသာချကြည့်စေချင်ပါသည်။ ရေးချင်သောအကြောင်းအရာများကို ရေးသားရန် မရှိဟုထင်ပါကရပ်လိုက်ပါ။ ရေးထားသောစာများအား အစအဆုံးဖတ်ကြည့်ပါ။ အဆင်မပြေဖြစ်သည်ထင်သောအရာများအားပြုပြင်ပါ။ ဖြတ်ထုတ်လိုက်ပါ။ နောက်ဆုံးအချောသတ်ကြည့်ပါ။ အားလုံးရေးသားပြီးပါက နောက်ဆုံးတွင် ခေါင်းစဉ်တပ်ရန် စဉ်းစားပါ။ နောက်ဆုံးမှခေါင်းစဉ်ကိုတပ်ခြင်းသည် တစ်ခါတရံများစွာအသုံးဝင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ကူးရှိသမျှ ရေးချင်ရာရေးချထားသောကြောင့်ဖြစ်ပါသည်။ ရေးချင်ရာရေးချထားသဖြင့် ဖြစ်ချင်ရာဖြစ်နေမည်။ ထို့ကြောင့်ပြုပြင်ပြီးသောအဆင့်ပြီးမှသာ မည်သည့်ခေါင်းစဉ်တပ်သင့်သည်ကိုစဉ်းစားကာ နောက်ဆုံးမှ ခေါင်းစဉ်တပ်သင့်ပါသည်။ ကျွန်တော်သည် ခေါင်းစဉ်အား နောက်ဆုံးမှ တပ်သည်သာများပါသည်။
Image from google
လူအများအခက်အခဲတွေ့နေသည်မှာလည်း ခေါင်းစဉ် ကြောင့်ပင်ဖြစ်မည်ထင်ပါသည်။ အရင်ဦးစွာ ခေါင်းစဉ်ကို စဉ်းစား လိုက်သောအခါတွင် စာရေးရန်အတွက် နေရာကျဉ်းကျဉ်း၊ ဘောင်ကျဉ်းကျဉ်းလေးဖြစ်သွားပါသည်။ ခေါင်းစဉ်ကို အရင်စဉ်းစားခြင်းသည် အခါများစွာ အဆင်မပြေဖြစ်တတ်ပါသည်။ သေချာစွာ စဉ်းစားထားသောအရာများကိုသာ ခေါင်းစဉ်အရင်တပ်သင့်ပါသည်။ ဖြစ်နိုင်လျှင် သမိုင်းအကြောင်းအရာများ၊ ပညာရပ်များအား တတ်နိုင်သမျှ ရှောင်ကြဉ်ရေးသားသင့်ပါသည်။ သမိုင်းတို့သည် တိကျရမည်ဖြစ်သကဲ့သို့ ပညာရပ်ဆိုင်ရာများသည်လည်း တိကျရပါသည်။ အချိန်များစွာပေးမှ ရေးသားနိုင်မည်ဖြစ်ပါသည်။ မိမိတို့လုပ်ငန်းအတွေ့အကြုံကိုရေးသားလိုလျှင်ကား မလိုအပ်ပါ။ အချိန်အနည်းငယ်ကိုသာ အသုံးပြုခြင်းဖြင့် ဆောင်းပါးတစ်ပုဒ်ဖြစ်နိုင်ပါသည်။ အဓိကအားဖြင့်ဆိုသော် အခြားသူများရေးထားသောစာများကို လိုက်လံဖတ်ရှုရန်အကြံပြုပါသည်။ သို့မှလည်း စာဖတ်သောအရည်အသွေး တိုးတက်လာမည်။ စာဖတ်အရည်အသွေးတိုးတက်လာလျှင် စာရေးသားခြင်း အရည်အသွေးလည်း တိုးတက်လာမည်ဖြစ်ပါသည်။ Steemit Platform မှ စာများကိုသာဆိုလိုခြင်းမဟုတ်ပါ။ စာရေးဆရာကြီးများ ရေးသားထားသော စာအုပ်များကိုလည်း ဖတ်ပါ။ မှတ်ပါ။ လေ့လာပါ။ လေ့ကျင့်ပါ။ ထိုသို့ပြုလုပ်မည်ဆိုပါက သေချာပေါက်စာရေးလာနိုင်မည်ပင်ဖြစ်ပါသည်။(စာရေးဆရာအဆင့်ကိုဆိုလိုခြင်းမဟုတ်ပါ၊ သာမာန် post လေးများတင်ခြင်းလောက်ကိုသာဆိုလိုပါသည်)
Image from google
အထက်ပါရေးသားချက်များသည် ကျွန်တော်၏ စာရေးပုံရေးနည်းသာဖြစ်ပါသည်။ ထို့ကြောင့် ကြိုက်နှစ်သက်ပါ က ယူကုန်ကြပြီး မတိုက်ဆိုင်ပါက မယူရုံသာရှိပါသည်။ မည်သူနှင့်မျှ အတိုက်အခံလုပ်ရန်မဟုတ်ပါ။ စာရေးရန်အခက်အခဲတွေ့နေကြသောကြောင့်ဟု အဖွဲ့ဝင်အသစ်များပြောကြားသည်ကို ကြားနေရသောကြောင့် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်တွင်ရေးသားစရာများ ရှိနေပါသေးသည်။ လိုင်းပေါင်းစုံကို တတ်ကျွမ်းခြင်းမရှိ သော်လည်း အနည်းငယ်သောအကြောင်းအရာများအားရေးသားရန်မခက်ခဲပါခင်ဗျာ။ လူသစ်များ ပြောကြားလိုသည်မှာ အထက်ပါခေါင်းစဉ်အတိုင်း "ရေးချင်တာရေး ကောင်းအောင်ရေး" ဟုသာဖြစ်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။ ယခုဆောင်းပါးအားလည်း လူသစ်များ ဖတ်မိပါစေဟုလည်း ဆုတောင်းလိုက်ပါသည်။ ဒီဆောင်းပါးအား
ဖတ်မိပါကလည်း ချက်ချင်းမိမိစိတ်တွင် ခံစားပေါ်ပေါက်လာသော အကြောင်းအရာတစ်ခုအား အကြမ်းသဘောဖြင့် အစမ်းသဘောဖြင့် ရေးချကြည့်လိုက်ပါ။ အချောသတ်ကြည့်လိုက်ပါ။ ထပ်မံပြီး ပြောပြပါအုံးမည်။ ကျွန်တော်သည်လည်း စာရေးဆရာတစ်ယောက်မဟုတ်ပါခင်ဗျာ။
"တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်"
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
27-12-2017 ဗုဒ္ဓဟူးနေ့(Wednesday)