ရှေးရှေးတုံးက (၁)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မိသားစု အသိုင်းအ၀ိုင်းဆိုသည်မှာ လူမှုအသိုင်းအ၀ိုင်းတွင် အဓိက အခြေခံအကျဆုံးသော လူမှုဆက်ဆံရေး အသိုင်းအ၀ိုင်းဖြစ်ပါသည်။ ရှေးက မြန်မာလူမျိုးတို့၏ မိသားစုအသိုင်းအ၀ိုင်းတွင် ယောက်ျားဖြစ်သူ သို့တည်းမဟုတ် ဖခင်ဖြစ်သူက ဦးဆောင်ကာ မိသားစုတစ်ခုလုံးအား စီမံအုပ်ချုပ်ခဲ့ကြပါသည်။ ယောက်ျားဖြစ်သူ သို့မဟုတ် ဖခင်ဖြစ်သူသည် မိသားစု၏ အရှင်သခင်လည်းဖြစ်ပါသည်။ အိမ်ထောင်ဦးစီးလည်း ဖြစ်ပါသည်။ မိသားစုနှင့်ပတ်သက် သမျှသော အရေးကိစ္စဟူသမျှတို့အား စီမံခန့်ခွဲရပါသည်။ မိသားစုဝင်အားလုံး ကလည်း အိမ်ထောင်ဦးစီးဖြစ်သူ၏ စီမံခန့်ခွဲမှုအောက်တွင် နေထိုင်ကြပါသည်။ အိမ်ထောင်ဦးစီးဖြစ်သူ၏ သြဇာ ကိုလည်း လိုက်နာကာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည်အရေးကိစ္စမှန်သမျှတို့ကို ဆောင်ရွက်ကြပါသည်။ ဇနီးမယားသည် ယောက်ျားဖြစ်အား အိမ်ဦးနတ်အဖြစ် ယူဆကြပါသည်။ ထို့ကြောင့် မိသားစုတိုင်းတွင် အိမ်ထောင်ဦးစီးဖြစ်သူသည် မိသားစုတိုင်းအတွက် အိမ်ဦးနတ် အဖြစ်ခံယူကြပါသည်။ လေးလေးစားစား ဆက်ဆံကြပါသည်။ အိမ်ဦးနတ်ဆိုသည့်အတိုင်း စားသောက်ဖွယ်ရာများအား အိမ်ထောင်ဦးစီးအား ဦးချပြီး စားသောက်ကြပါသည်။ ဦးချသည်ဆိုခြင်းမှာ အစားအသောက်များမှ ကောင်းမွန်သည့်အရာတို့အား အိမ်ထောင်ဦးစီး စားသောက်ရန်အတွက် သီးသန့်ဖယ်ထားခြင်း သို့မဟုတ် အရင်ဦးဆုံး စားသောက်စေခြင်းဖြစ် ပါသည်။ ထို့နောက်မှ ကျန်မိသားစုဝင်များမှ စားသောက်ကြခြင်း ဖြစ်ပါသည်။ အရိုအသေပေးခြင်း၊ ဦးစားပေးခြင်းဖြစ်ပါမည်။ ရှေးတုံးက မြန်မာလူမျိုးတို့၏ အနိမ့်ဆုံး လူအဖွဲ့အစည်း ဆက်ဆံရေးဖြစ်ပါသည်။
ရှေးတုံးက လင် နှင့် မယားဆက်ဆံရေးမှာ မယားဖြစ်သူသည် လင်ဖြစ်သူအား အလွန်လေးစားစွာ ဆက်ဆံကြ ပါသည်။ ယောက်ျားဖြစ်သူကလည်း မိန်းမဖြစ်သူအား နိုင်ထက်စီးနင်း ဆက်ဆံမှုနည်းပါးကြကြောင်းလည်း သိရှိရပါသည်။ အိမ်ထောင်တာဝန်များကို ယောက်ျားနှင့်မိန်းမ မျှဝေယူကြပါသည်။ ယောက်ျားဖြစ်သူက အိမ်အပြင်ထွက် စီးပွားရှာပြီး ရရှိသမျှသော ၀င်ငွေတို့ကို ဇနီးမယားဖြစ်သူအား အကုန်အစင် အပ်နှံလေ့ရှိခဲ့ကြပါ သည်။ ဇနီးမယားဖြစ်သူကလည်း ခင်ပွန်း၏အစီအမံဖြင့် အိမ်တွင်းလုပ်ငန်းများ၊ သားသမီးကိစ္စများ၊ မိသားစု ကျန်းမာရေး၊ ပညာရေး၊ သာရေး၊ နာရေး ကိစ္စများအား စီမံလုပ်ဆောင်လေ့ရှိခဲ့ကြပါသည်။ ထိုသို့ ဇနီးမယားမှ လုပ်ကိုင်ဆောင်ရွက်မှုတို့အား ခင်ပွန်းဖြစ်သူ၏ အဆုံးအဖြတ်ကို လေးစား နာခံလုပ်ဆောင်လေ့ရှိခဲ့ပါသည်။ လူအများပြောဆိုကြသည့် မောင် တစ်ထမ်း မယ် တစ်ရွက် ဆိုသကဲ့သို့ပင် မျှတစွာ လုပ်ကိုင်ကြသဖြင့် ရှေးယခင် အိမ်ထောင်မှုများသည် စိုပြည်သာယာခဲ့ကြပါသည်။ ရှေးမြန်မာအသိုင်းအ၀ိုင်းတို့သည် မိသားစု စိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အလွန်အရေးပါခဲ့ပါသည်။ မြန်မာတို့၏ မိသားစုအသိုင်းအ၀ိုင်း သည် အခြားသောတိုင်းပြည် နိုင်ငံများနှင့် ကွဲပြားခြားနားနေမည်လားတော့ မသိပါ။ မြန်မာတို့သည် မိမိရပ်ရွာ၊ မိမိ မိသားစုအသိုင်းအ၀ိုင်းအား အလွန်သံယောဇဉ်တွယ်တတ်ကြသည်။ မြန်မာတို့သည် သံယောဇဉ်အလွန်ကြီး ကြပါသည်။ ယခုထိတိုင်လည်း သံယောဇဉ်ကြီးနေကြဆဲဟု ထင်ပါသည်။ ရပ်၊ ရွာ၊ မြို့ အပေါ်တွင်လည်း ခင်တွယ်ကြပါသည်။ ရပ် ရွာအားစွန့်ကာ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ နေထိုင်ရန် အလွန်ပင် ၀န်လေးကြ ပါသည်။ မိမိရပ်ရွာတွင်သာ သေတစ်ပန် သက်တစ်ဆုံး နေထိုင်တတ်ကြပါသည်။ စကားပြောလျင်လည်း မိမိတို့ ရပ်ရွာကောင်းကြောင်း ပြောဆိုကာ ထိုမြို့ ထိုရွာသား ဖြစ်ရသည်ကို ဂုဏ်ယူတတ်ကြပါသေးသည်။
ယခင်ရှေးအခါတုံးက မိမိတို့၏ အိမ်နီးနားပတ်ဝန်းကျင်အားလည်း မိသားစုသဖွယ် ခင်မင်ရင်းနှီးခဲ့ကြပါသည်။ ကျေးရွာများတွင် ရွာတစ်ရွာလုံးသည် မိသားစုသဖွယ် ဆက်ဆံကြသော ရွာများပင် ရှိခဲ့ကြပါသည်။ ရပ်ရွာရှိ လူကြီးများသည် မည်သည့်အိမ်ထောင်စုမှ လူငယ် လူရွယ် လူလတ်မဆို မိမိတို့၏ သားသမီးများသဖွယ် ဆုံးမ ကြသော အလေ့အထ ရှိခဲ့ပါသည်။ ထိုသို့ဆုံးမပါကလည်း ဆုံးမခံရသော လူငယ် လူရွယ် လူလတ်တို့က လေးလေးစားစား လိုက်နာတတ်ခဲ့ကြပါသည်။ ပါးစပ်ဖြင့် ဆုံးမ၍ မရပါက ကြိမ်လုံးဖြင့်ပင် ဆုံးမပိုင်ခွင့် ရှိခဲ့ကြ ပါသည်။ ထိုသို့ဆုံးမလျှင်လည်း မိဘ မောင်နှမသားချင်းများမလည်း ကျေနပ်စွာ လက်သင့်ခံခဲ့သော ဓလေ့ ရှိကြပါသည်။ လူကြီးများအားလည်း မိမိတို့၏ ဖခင်ကြီးများသဖွယ် လေးလေးစားစား ဆက်ဆံခဲ့ကြပါသည်။ လူကြီးများကလည်း မိမိတို့၏ ရင်မှဖြစ်သော သားသမီးများသဖွယ် ချစ်ခင်ရင်းနှီးခဲ့ကြပါသည်။ ရှေးယခင်က မြန်မာလူမျိုးများသည် မိမိတို့ထက် အသက် တစ်စက္ကန့် တစ်မိနစ် ကြီးသူများကို ရိုသေလေးစားတတ်သည့် အကျင့်စရိုက်ရှိခဲ့ဘူးပါသည်။ ကျေးလက်တောရွာတစ်ရွာသည် မိသားစု တစ်စုကဲ့သို့ပင်ဖြစ်ပါသည်။ မိသားစု တစ်စု၏ စိတ်ထားမျိုးဖြင့်သာ ကျေးရွာသူ ကျေးရွာသားများသည် ဆက်ဆံတတ်ခဲ့ပါသည်။ ကျေးရွာ၏ သာရေး၊ နာရေး ကိစ္စများတွင်လည်း တစ်ရွာလုံးမှ မိမိတို့အလုပ်ကိစ္စများအား လစ်လျူရှုကာ ၀ိုင်းဝန်းလုပ်ဆောင်တတ်ခဲ့ ကြပါသည်။ အိမ်တစ်လုံးဆောက်ခြင်း၊ သီနှံများ စိုက်ပျိုးရိတ်သိမ်းခြင်း များတွင်လည်း မိမိတို့အလုပ်ကဲ့သို့ ၀ိုင်းဝန်း ကူညီလုပ်ဆောင်တတ်ခဲ့ပါသည်။ အလွန်ချစ်စရာကောင်းသော အလေ့အထများပင်ဖြစ်သည်ဟု ထင်မိပါသည်။ လွမ်းလည်း လွမ်းမိပါသည်။ ယခုအခါတွင် ထိုအရာများအား မြင်တွေ့ရန် မလွယ်ကူတော့ပါ။
ခြံတစ်ခြံအတွင်းတွင် စိုက်ပျိုးထားသော သီးပင်၊ စားပင်တို့အား ရွာသူ ရွာသားများအနေဖြင့်လည်း စိုက်ပျိုး သူအား ခွင့်မတောင်းပဲ ထိုက်သင့်သလောက် ဆွတ်ခူးခွင့်လည်း ရှိခဲ့ဘူးပါသည်။ အကယ်၍ ထိုသို့ဆွတ်ခူးခြင်း မရှိကြပါကလည်း ရင့်မှည့်သောအချိန်တွင် ခူးဆွတ်ကာ လိုက်လံဝေငှပေးတတ်သော အလေ့အထလည်း ရှိခဲ့ဘူးပါသည်။ ဟင်းကောင်းတစ်ခွက် ချက်လျင်လည်း အိမ်နီးနားချင်းများအား ဝေငှခြင်း၊ အခြားအိမ်တွင် ဧည့်သည်ရှိပါက နေ့စဉ် မနက် ည ဟင်းခွက်များချက်ပို့ပေးကြခြင်း၊ ရွာသူ ရွာသားတစ်ယောက်သည် ထမင်းဆာနေချိန်တွင် မည်သည့်အိမ်တွင်မဆို ၀င်ရောက်စားသောက်နိုင်ခြင်း စသည့် ဓလေ့ထုံးစံတို့သည် အလွန်ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော ဓလေ့တစ်ခုဖြစ်သည်ဟုလည်း ထင်မြင်မိပါသည်။ ရှေးလူများ ပေါများခြင်းသည်လည်း ထိုသို့ နှမြော တွန့်တိုခြင်းမရှိခဲ့ကြသောကြောင့်ပင် ဖြစ်ပါမည်။ ထိုသို့လာရောက် စားသောက်ပါကလည်း အိမ်ရှင်များမှ အလွန်ပင် ၀မ်းမြောက် ၀မ်းသာ ဖြစ်ကြသော ခေတ်ကာလ ဖြစ်ခဲ့ဘူးပါသည်။ ထိုခေတ်မျိုး ပြန်ရရန် ပြန်ရောက်ရန် မလွယ်ကူတော့ပါ။ ယနေ့ခေတ်ကာလသည် လောဘများနှင့် နပန်းလုံးနေသော ခေတ် ဖြစ်နေပါပြီ။ ငါ့ သမီး ငါ့သား ငါ့မယား ငါ့ ပစ္စည်း ငါ့ ဥစ္စာ စသည်ဖြင့် ငါ့အတွက်သာ ဖြစ်နေသော ခေတ်ကာလဖြစ်နေပါပြီ။ နှမြော တွန့်တိုခြင်းကင်းမဲ့သော ခေတ်ကို ပြန်လည် ရရှိလိုလှပါသော်လည်း မဖြစ်နိုင်တော့မှန်း သိနေပါသည်။ လူသားတို့၏ ပျက်စီးချိန်သည် မကြာမီ နှစ်ကာလအတွင်းတွင် သိသာလာတော့မည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထို့သို့ ပျက်စီးခြင်းများတွင် မိမိတို့ မပါရှိကြစေရန် ကောင်းမွန်သော အကျင့်စာရိတ္တများ တည်ဆောက်ထားသင့်ပါကြောင်း အကြံပြုရင်းဖြင့် ယခု အပိုင်းအား ရပ်နားလိုက်ပါသည်။ ဆက်လက်ရေးသားချင်ပါသေးသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
16-Jun-2018 စနေနေ့(Saturday)