ဂဏန်းလုံး ပုစွန်လုံး အကျင့်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ငယ်စဉ်က ကျောင်းပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့ များတွင် စက်ဘီးဖြင့်ဖြစ်စေ၊ ခြေလျင် ဖြစ်စေ လွယ်အိတ်တစ်လုံးလွယ်၊ စာအုပ်တစ်အုပ်ထည့်၊ လေးခွနှင့်လောက်စာလုံများထည့်ကာ မြို့တစ်မြို့လုံး သွားချင်ရာလျောက်သွားတတ်ပါသည်။ လေးတန်း(စတုတ္ထတန်း)လောက်ရောက်သောအချိန်မှစကာ ထိုကဲ့သို့ ကျောင်းအားသည်နှင့် သူငယ်ချင်းများဖြင့် လျောက်လည်ကာ ငှက်ပစ်ခြင်း၊ သီးနှံခြံများမှ အသီးအနှံများကို ခူးယူခြင်းများပြုလုပ်လေ့ရှိပါသည်။ အသီးအနှံပင်များဆိုရာတွင် သရက်သီး၊ မာလကာသီး(မာကလာသီးဟု လည်းခေါ်ကြပါသည်၊ ဘယ်ဟာကအမှန်မှန်းတော့မသိပါ)စသည်တို့အား အိမ်ရှင်အလစ်တွင် မသိအောင် ခူးယူစားသုံးခြင်းဖြစ်ပါသည်။ အိမ်ရှင်သိလျှင် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ထွက်ပြေးကြပါ သည်။ အိမ်ရှင်အား ပြန်လှန်ရန်လုပ်ခြင်းမပြုတတ်ကြပါ။ ယခုခေတ်ကာလတွင်တော့ ထိုသို့မဟုတ်တော့သည် ကိုမြင်တွေ့ရပါသည်။ သူတစ်ပါးအိမ်မှ ပစ္စည်းဝင်ရောက်ခိုးယူပြီး ပိုင်ရှင်အား အသက်ကိုပင်ရန်ရှာတတ်ကြ ပါသည်။ တခါတရံတွင်မူ ငါးမျှားတံတစ်ချောင်းစီဖြင့် ဧရာဝတီမြစ်အတွင်း သစ်ဖောင်ပေါ်တွင် ငါးသွားမျှား တတ်ကြပါသည်။ ရေ၀င်ရပ်ကွက်များတွင်ရှိသော အင်းများတွင်လည်း ငါးမျှားတတ်ကြပါသည်။ ငါးမျှားသည် ဆိုရာတွင် ငါးရသည်ဖြစ်စေ၊ ငါးမရသည်ဖြစ်စေ ဂရုမစိုက်တတ်ကြပါ။ အချိန်ကုန်စေရန် အချိန်ဖြုန်းခြင်းနှင့် အပျော်သဘောမျိုးလုပ်ဆောင်ချက်များသာဖြစ်ပါသည်။ ငှက်ပစ်ခြင်းသည်လည်းထို့အတူတူပင်ဖြစ်ပါသည်။ ငါးမျှားသည်ဆိုရာတွင် ကိုယ်တိုင်ဖန်တီးသော ငါးမျှားတံဖြင့် လူကြီးများအား အတုယူကာ လုပ်ဆောင်ကြ ခြင်းသာဖြစ်ပါသည်။ ဧရာဝတီမြစ်အတွင်းငါးမျှားလျှင် မည်သို့မျှ ပြဿနာမရှိသော်လည်း ရေ၀င်ရပ်ကွက်ရှိ အင်းများတွင် ငါးမျှားသောအခါ ပြဿနာဖြစ်တတ်ပါသည်။ မြွေကဲ့သို့ အကောင်ရှည်များ နှင့် ပုစွန်လုံးခေါ် ဂဏန်းကောင်များဖြစ်ပါသည်။ ပုစွန်လုံးကောင်များက မည်ကဲ့သို့ ပြဿနာပေးသနည်းဆိုသော် ငါးမျှား၍ ရသော ငါးမျှားအား ငါးသီတံခေါ်သော ကြိုးဖြင့် သီထားကြပါသည်။ ငါးများခြောက်သွေ့မသွားစေရန်အတွက် ငါးသီတံကို ရေတွင် နစ်မြုတ်ထားတတ်ကြပါသည်။ ထိုအချိန်တွင် ပုစွန်လုံးက ငါးသီတံမှ ငါးများအား လက်မ နှင့်ညှပ်ကာဖြတ်ပစ်သဖြင့် ဖမ်းမိသောငါးများ ပြတ်ထွက်ကုန်တတ်ခြင်းနှင့် ငါးမျှားနေစဉ် ငါးစာအား ပုစွန်လုံးလာစားခြင်းဖြင့် ဒုက္ခပေးတတ်ပါသည်။ ငါးစာအားလာစား၍ ဆွဲမတင်တတ်ပါက ငါးမျှားချိတ်ကလေး ပြတ်ကျန်နေခဲ့သောကြောင့် ငါးဆက်မမျှားနိုင်တော့ပဲ ပြန်ခဲ့ကြရတတ်ပါသည်။


02.png


ပုစွန်လုံးက အစာလာဟပ်တတ်သည့်အတွက် ငါးကိုမတင်ရာတွင် ဖြည်းညှင်းစွာမတင်ပြီး ပုစွန်လုံးဖြစ်နေပါက အရှိဖြင့်အလျင်အမြန်ဆွဲတင်ကြရပါသည်။ ထိုအခါ ပုစွန်လုံးသည်မြေပေါ်သို့ကျကာ ကိုးရို့ကားယားပုံစံဖြင့် ပြေးပါလေတော့သည်။ ထိုအချိန်ကတည်းကပင် ပုစွန်လုံးကို အတော်အမြင်ကတ်ခဲ့ပါသည်။ ပုစွန်လုံးဆိုသော အကောင်သည် အတော်ဒုက္ခပေးသောအကောင်အဖြစ်လည်း မြင်မိပါသည်။ ပုစွန်လုံးအား စားရန်လည်း စိတ်မ၀င်စားပါ။ ပုစွန်လုံးမြင်လျှင် ကိုင်ပေါက်ချင်စိတ်ပင်ဖြစ်မိပါသည်။ လိုက်ဖမ်းသောအချိန်တွင်လည်း သတိထားရသေးသည်။ လက်မဖြင့် အညှပ်ခံရမှာလည်းစိုးရသေးသည်။ အဖမ်းမတတ်လျှင် အညှပ်ခံရတတ်ပါ သေးသည်။ ထိုပုစွန်လုံး၏ အသွင်သဏ္ဍာန်ကို ကြည့်လျှင်လည်း အတော်စိတ်တိုမိပါသည်။ အသံတစ်ခုခုကြား သည်နှင့် အနှီ ပုစွန်လုံးကောင်သည် ကိုးရို့ကားရားပါရှိသော သူ၏ လက်မနှစ်ဖက်အား ထောင်နေပါတော့ သည်။ ပုစွန်လုံး၏ အပေါ်ယံအခွံသည်လည်း ပြောင်ချောနေသည့်အတွက် ပြောင်ချော်ချော်ပုံစံဖြင့် တည်ရှိနေ ပါသည်။ ပြူးကြောင်ကြောင် မျက်လုံးနှစ်လုံးကလည်း ပြောင်ပြနေသကဲ့သို့ ထင်မှတ်ရပါသည်။ သူ့၏သွားလာ နေထိုင်ပုံကိုလည်း လေ့လာကြည့်ပါ။ ကို့ရိုးကားယားနှင့် လမ်းကြောင်းမှန်အတိုင်းမသွားပဲ ကွေ့ကာကောက် ၀ိုက်ကာသွားတတ်သည့်အပြင် ဘေးတိုက်ပြေးလေတော့သည်။ ပုန်းခိုစရာတစ်ခုခုတွေ့လျှင်လည်း ပုန်းခိုနေ တတ်သလို ပုစွန်လုံးကျင်းမဟုတ်သော်လည်း ကျင်းတစ်ခုခုတွေ့လျှင်လည်း ပုန်းခိုရန် ၀င်သွားတတ်ပါသည်။ အဲ ပုစွန်လုံးအကြောင်း လျောက်ပြောနေခြင်းကြောင့် ပေါက်တောက်တောက်ဖြစ်သွားပြီလို့တော့ မထင်ကြစေ လိုပါ။ အမှန်ကတော့ ပုစွန်လုံး (သို့မဟုတ်) ဂဏန်းကောင်နှင့် တူသောလူများအကြောင်းကို ပြောလိုသောကြောင့်သာဖြစ်ပါသည်။ အောက်တွင် ဆက်လက်ရှုကြပါခင်ဗျာ။


03.png


ပုစွန်လုံးလိုလူတွေလို့ဘာလို့ပြောရသလဲဆိုရင် လူအများနဲ့အမြဲလိုလိုဆန့်ကျင်တတ်ပြီး နေတတ်လို့ ခေါ်ကြခြင်း ဖြစ်ပါမည်။ ဘေးတိုက်သွားတတ်သကဲ့သို့ ကန့်လန့်တိုက်ရန်လည်း ၀န်မလေးတတ်ကြသူများဖြစ်ပါသည်။ ထိုကဲ့သို့သော သူများအား ပုစွန်လုံး(ဂဏန်းကောင်)နှင့် သည်ဟု သမုတ်တတ်ကြပါသည်။ ထိုသူများသည် ဂဏန်းကောင်၏ အခြားသော အမူအကျင့်များနှင့်လည်း ဆင်တူနေတတ်ကြပါသေးသည်။ အခြားသူများမှ ကြည့်လျှင် ကဏန်းကောင်သည် မျက်လုံးပြူးပြခြင်း နှင့် ပြောင်ချော်ချော်နိုင်ခြင်း အမူအယာတို့ကို မြင်တွေ့ရ သကဲ့သို့ပင် ထိုသူများတွင်လည်း မလေးမခန့် ပြောင်ချော်ချော် အပြုအမူများကို မြင်တွေ့ရတတ်ပါသည်။ မိမိကိုယ်ကို အထင်ကြီးခြင်းဖြင့်လည်း လူကြားသူကြားတွင် လက်မ တစ်ထောင်ထောင် လုပ်နေတတ်ကြပါ သေးသည်။ မိမိလောက်မတတ်၊ မမိလောက် မသိသူများဟု ထင်မှတ်ထားတတ်ကြပါသည်။ စကားအားလည်း အလုအယက်ပြောတတ်သည့်အပြင် အငြင်းအခုံလုပ်ရန်လည်း ၀န်မလေးတတ်ကြဟု ထင်ပါသည်။ အရေးအကြောင်း တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဂဏန်းကောင်က တွင်းအောင်းရှောင်တိမ်းရန် ကြိုးစားတတ် သကဲ့သို့ပင် ထိုသူတို့သည်လည်း ရှောင်တိမ်းနေတတ်ကြပါသေးသည်။ အခြားသူများအပေါ်တွင်လည်း မောက်မောက်မာမာ ပြောဆို ဆက်ဆံတတ်သော အကျင့်လည်း ရှိတတ်ပါသည်။ မာကျောကျော ပြောင်ချော်ချော် အမူအကျင့်တို့သည် ဂဏန်းတို့၏ အမူအကျင့်ပင်ဖြစ်ပေမည်။ သဘာဝ၏ ဖန်တီးပေးထားမှု ကြောင့်ဟု ဆိုသော်လည်း လူတို့သည် အသိဥာဏ်ဖြင့် မိမိတို့၏ အကျင့်စရိုက်တို့သည် ထိုကဲ့သို့ဖြစ်နေပါမူ ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်ပေသည်။


04.png


ထိုသူတို့၏အကျင့်စရိုက်အား လေ့လာလျှင် ဂဏန်းကောင်၏ ပုံစံနှင့် အတော်ပင်ဆင်တူကြပါသည်။ ပုစွန်လုံး သဘာဝရှိသောသူများဖြစ်သည့်အတိုင်း ရှေ့မှသွားလျှင်လည်း ဖြောင့်ဖြောင့်တန်းတန်းမသွား၊ ဘေးမှအတူယှဉ် လိုက်လျှင်လည်း ကွေ့ကွေ့ကောက်ကောက်၊ နောက်မှလိုက်ပြန်လျှင်လည်း တောင်ရောက်မြောက်ရောက် ဖြစ်နေတတ်ပါသည်။ တနည်းအားဖြင့်ဆိုသော် ထိုသို့သောသူများအခြားသောသူများနှင့် အဆင်ပြေရန်နည်းပါး သွားတတ်ပါသည်။ ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ နောက်လိုက်အဖြစ်သော်လည်းကောင်း အဆင် မပြေဖြစ်နေတတ်ပေသည်။ လူအများကြားတွင် လက်မထောင်ကာ မော်ကြွားတတ်ခြင်း၊ မောက်မာတတ်ခြင်း၊ ဖြောင့်မှန်သောလမ်းကြောင်းအတိုင်း ဖြောင့်မှန်စွာမကျင့်ဆောင်ကြခြင်း၊ အထိန်းအချုပ်မရှိတတ်ခြင်း၊ မိမိသာ အမြဲမှန်သည်ဟု တစ်ဖက်သတ်ဆန်သောအမြင်တို့ကြောင့် လူအများနှင့်ရေရှည်လက်တွဲရန်မဖြစ်နိုင်တတ်ကြ သောကြောင့် ကောင်းမွန်သောအကျင့်စရိုက်များမဟုတ်ပါ။ ထိုသို့သောအကျင့်စရိုက်များမိမိတွင် ရှိနေခဲ့သည် ရှိသော် ပြုပြင်သင့်ပါသည်။ ပုစွန်လုံး ဟုခေါ်ခေါ် ဂဏန်လုံးပင်ပြောပြော မည်သို့ပင်ခေါ်ဝေါစေကာမူ အကျင့်တို့သည် မပျောက်ပျက်နိုင်ကြပါ။ အကျင့်ဆိုသည်မှာလည်း မိမိတို့ကိုယ်တိုင်ကပင် ကျင့်ဆောင်လာခဲ့ ကြသောကြောင့် ဘိန်းစွဲသကဲ့သို့ စွဲသွားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ကောင်းခြင်း၊ မကောင်းခြင်း အကျင့်တို့အား မည်သူမျှပြုလုပ်ဖန်တီးခြင်းမဟုတ်ပါ။ ဖန်တီးရှင်သည် မိမိတို့ကိုယ်တိုင်ပင် ဖြစ်ကြောင်းအား သတိပြုနိုင်ကြပါစေ။ ဂဏန်းကောင်၏ အကျင့်စရိုက်နှင့်တူသော ဘေးတိုက် ကန့်လန့်တိုက်တတ်သော အကျင့်တို့အား မကျင့်ဆောင်သင့်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

1-Sept-2018 စနေနေ့(Saturday)