ဂုဏ်သိက္ခာလေးမြှင့်ချင်သည်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကောင်းသောဂုဏ်သတင်းကျော်ဇောမှုကို လူတိုင်းပင်အလိုရှိကြမည်ထင်ပါသည်။ မကောင်း သော ဂုဏ်သတင်းကျော်ကြားမှုကိုတော့ အလိုရှိကြမည်မထင်ပါ။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ နာမည် ဂုဏ်သတင်း ကောင်းသောကျော်ကြားမှုဖြင့် ကျော်ကြားလိုကြပါသည်။ မကောင်းသော နာမည်ဂုဏ်သတင်းကျော်ကြားမှုကို အလိုမရှိ ကြပါ။ အနည်းငယ်သောသူတို့သည်သာ မိမိတို့၏ နာမည်ဂုဏ်သတင်းကို အထိခိုက်ခံ တတ်ကြသည်ထင်ပါသည်။ ကျွန်တော်တို့၏ နာမည်ဂုဏ်သတင်းကျော်ကြားမှုသည် ကောင်းသောကျော်ကြားမှု ဖြစ်စေရန်အတွက် ကျွန်တော်တို့အနေဖြင့် ကောင်းသောအလုပ်တို့ ကိုလုပ်ကိုင်ရမည်ဖြစ်ပါသည်။ မကောင်းသောအလုပ်များကို လုပ်ကိုင်နေပြီး ကောင်းသတင်း ကျော်ဇောလိုချင်လို့မရနိုင်ပါ။ မကောင်းတာလုပ်ရင်တော့ မကောင်းကျိုးကို ခံစားကြရမည် ဖြစ်ပါသည်။ ကောင်းတာကိုလုပ်မှသာ ကောင်းကျိုးကိုခံစားရမည်ဖြစ်ပါသည်။ ကောင်းသတင်း ကျော်ဇောရန်အတွက် ကောင်းတာလုပ်ကြရန်လိုပါသည်။ အချို့သောသူများအနေဖြင့် ယခု မျက်မှောက်တွင် မကောင်းသောအလုပ်များဖြင့် ကြီးပွားအောင်မြင်သော သူဌေးကြီးတစ်ဦး ဖြစ်နေနိုင်ပါသည်။ ထိုကိစ္စသည် ယခုလက်ရှိလုပ်သောအလုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်တော်တို့မမြင်နိုင် မသိနိုင်သော အတိတ်က ကောင်းမှုအကျိုးကို ခံစားနေရခြင်းသာဖြစ် ပါသည်။ ထိုကောင်းမှု၏ ကုသိုလ်ကံအရှိန်ကုန်လျှင် မကောင်းကျိုးကို အမှန်ပင်ခံစားကြရမည် ဖြစ်ပါသည်။ လွှဲရှောင်မရသောအရာဖြစ်ပါသည်။
Image from google
ကလေးသူငယ်များသည် သာမန်အားဖြင့် ဖြူစင်သန့်ရှင်းသော စိတ်ရှိကြပါသည်။ ကလေးငယ်များကို လူတိုင်းလိုလိုချစ်ခင်ကြပါသည်။ အဘယ့်ကြောင့်ထိုသို့ ချစ်ခင်ကြပါ သနည်း။ ကလေးငယ်များ၏ မျက်နှာအမူအယာကပင် ဖြူစင်သောအရိပ်တို့၏ လွှမ်းမိုးမှုကြောင့်ပင်ဖြစ်နိုင်ပါသည်။ ထိုသို့ဖြူစင်သောကလေးများအား သက်ဆိုင်ရာ မိဘဆွေမျိုးများမှ အလွန်ချစ်ခင်တတ်ကြပါသည်။ သို့သော် အများစုသည် ချစ်ခင်မှုလွှဲမှား နေတတ်သောကြောင့် ကလေးငယ်များ၏ ဖြူစင်သော စိတ်ကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်နေကြကြောင်း သတိမပြုမိကြပါ။ ချစ်ရာမရောက် နှစ်ရာရောက်နေသည်ကို သတိမပြုမိ တတ်ကြပါ။ အရွယ်ရောက်သောအခါမှ ဆိုးလိုက်တဲ့ကလေးဟု ငြီးတွားနေတတ်ကြရပေသည်။ ကျွန်တော်တို့နိုင်ငံသည်လည်း နိုင်ငံတကာအလယ်တွင် အထင်ကြီးလေးစားခံရသော နိုင်ငံများထဲတွင် မပါဝင်ကြောင်း လူတိုင်းသိမည်ပင်။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ ယဉ်ကျေးမှု၊ မိမိတို့၏ စာပေယဉ်ကျေးမှုကို မချစ်ခင် မလေးစား တတ်ကြောင်းလည်း မြင်တွေ့ နိုင်ပါသည်။ ပါးစပ်လေးဖြင့် ချစ်ခင်ပြနေ၍မရပါ။ လက်တွေ့လုပ်သောအလုပ်ဖြင့် သက်သေပြ နိုင်မှသာ နိုင်ငံ၏ ဂုဏ်သိက္ခာအဆင့်အတန်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ယနေ့အချိန်တွင် နိုင်ငံတကာ၏ အဆင့်အတန်းမဆိုထားနှင့် အာရှနိုင်ငံများတွင်ပင် မြန်မာသည် နောက်ဆုံးအဆင့်ရောက်နေပါသည်။ သမိုင်းကြောင်းကောင်းခဲ့သည်သာ အော်ဟစ်နေကြရသည်။ လက်တွေ့နှင့်တော့ တစ်ခြားစီလိုဖြစ်နေသည်။
Image from google
ကျွန်တော်တို့သည် အမှားတစ်ခုကို ပြုလုပ်မိသည် ဆိုပါက ထိုအမှားကြောင့် မိမိနှင့် ဆွေမျိုးများပါ ထိခိုက်စေနိုင်သည်ကို သတိပြုသင့်လှပါသည်။ မိမိတစ်ယောက်တည်း လုပ်လိုက်သော အမှားတစ်ခုသည် မိမိတို့၏ ဂုဏ်သိက္ခာကျဆင်းရုံနှင့် ပြီးဆုံးသွားသည် မဟုတ်ပါ။ မိမိနှင့်ပတ်သက်သော မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက် စေနိုင်သည်ကို အမြဲသတိပြုဆင်ခြင်သင့်ပါသည်။ အခြားသော တိုင်းပြည်များတွင် အမှားတစ်ခုအတွက် ဆွေစဉ် မျိုးဆက် နာမည်ဆိုးဖြင့် ကျန်ရစ်နေခဲ့တတ်ပါသည်။ အခြားသောနိုင်ငံများသည် သူတို့ နိုင်ငံ၏ ဂုဏ်သိက္ခာထိခိုက်မည်ကို အလွန်စိုးရိမ်တတ်ကြကြောင်း တွေ့ရပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ထိုသို့သော စိတ်ဓာတ်ဖြင့် နိုင်ငံအတွက် စဉ်းစားပြီး လုပ်ကိုင်နေသူ မရှိသလောက် ရှားမည်ဖြစ်ပါသည်။ အခြားနိုင်ငံများသည် မည်သည့်ကြီးကျယ်သော လုပ်ငန်း ကိုမဆို လုပ်ကိုင်ကြရာတွင် စုပေါင်းဖွဲ့စည်း လုပ်ကိုင်တတ်ကြပါသည်။ ကျွန်တော်တို့ဆီတွင် အကြံတူ ရန်သူအဖြစ် သတ်မှတ်နေသူတွေ အများအပြားပင် ရှိနေဆဲဖြစ်ပါသည်။ လူနည်းစု လောက်ကသာ မိသားစု၏ ဂုဏ်သိက္ခာကို အလေးထားတတ်ကြပါသည်။ အများစုကတော့ အလေးထားရကောင်းမှန်းပင် မသိကြလေသလားမသိပါ။ နိုင်ငံ၏ဂုဏ်သိက္ခာဆိုတာ ဝေးလာဝေးပင်ဖြစ်နေပါသည်။ တောင်ကိုရီးယားဇာတ်လမ်းတွဲများတွင် ကြည့်ပါ။ တရုတ်ဇာတ်ကားများကို ကြည့်ပါ။ နိုင်ငံ၏ ကောင်းသတင်းကျော်ဇောရေးကို အလွန် အရေးထားကြကြောင်း မြင်ကြရမည်ဖြစ်ပါသည်။ မိမိတို့လူမျိုးဂုဏ်ကို အလွန်အလေးထား ကြကြောင်း မြင်ကြရမည်ဖြစ်ပါသည်။ တ်ဖိုးမထားနိုင်ခဲ့ရင်တောင် ဂုဏ်ပျက်အောင်မလုပ်သင့်ပါ။
Image from google
ယခု ကျွန်တော်တို့စာရေးနေကြသော Steemit တွင်လည်း ကျွန်တော်တို့တစ်တွေ စည်းကမ်း တကျဖြင့် လုပ်ကိုင်ဆောင်ရွက်သင့်သည်ဟု ထင်ပါသည်။ သို့မှသာ နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရာရောက်မည်ဖြစ်ပါသည်။ သို့သော် ထိုကိစ္စသည်လည်း ဖြစ်ရန်မလွယ်ကူလှပါ။ နှစ်ပေါင်းများစွာ နေချင်သလိုနေခဲ့ကြသော ကျွန်တော်တို့ သည် ရုတ်တရက် ပြောင်းလဲကာ စည်းလုံးညီညွတ်ရန်မလွယ်ကူပါ။ စည်းကမ်းတကျဖြစ်ရန် မလွယ်ကူပါ။ အခြားသောနေရာများ တွင် မစည်းလုံး၊ မညီညွတ်ရုံသာမကပါ။ ယခု Social Media များဖြစ်သော Facebook မှာပင် လူမညီ။ ပါးစပ်ဖြင့် ချစ်ခင်နေကြသူများမည်ထင်ပါသည်။ အမှိုက်ပစ်များကို စနစ်တကျစွန့်ပစ် ရန်အခြားသူများအား စည်းရုံးနေသူတစ်ယောက်သည် သူကိုယ်တိုင်ကတော့ အမှိုက်ပုံးအတွင်း သို့ စွန့်ပစ်ခြင်းမရှိဖြစ်နေတတ်သည်ကိုလည်း မြင်တွေ့ရပါသည်။ မလွယ်ကူသော်လည်း ကျွန်တော်တို့ ကြိုးစားသင့်သည်။ နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းစေမည့် လုပ်ရပ်များ နှင့် မဖျက်ဆီးချင်ပါ။ နိုင်ငံတကာတွင် ကျွန်တော်တို့နိုင်ငံသားအား နှာခေါင်းရှုံကြသည်။ သူခိုးများဟု ထင်မှတ်တတ်ကြသည်။ နှိမ်ချဆက်ဆံလိုသည်။ ထိုသို့သော သဘောထား အမြင်များအား ပြောင်းလဲနိုင်ရန်သည် မည်သို့သော နည်းလမ်းဖြစ်ပါသနည်း။ နိုင်ငံတကာအား သွားရောက်အလုပ်လုပ်ကိုင်နေသူ တစ်ယောက်မဟုတ်ပါသောကြောင့် မည်သို့ လုပ်ကိုင်သင့်သည်ကိုတော့ မပြောဆိုနိုင်ပါ။ ပြုပြင်ပြောင်းလဲရန် အချိန်မှီနိုင်ပါဦးမည်လား။ သူတစ်ပါးတို့၏ နောက်ဆုံးတွင်ရောက်နေသော စိတ်ဓာတ်၊ အောက်ဆုံးသို့ရောက်နေသော စိတ်ဓာတ်တို့ဖြင့် နိုင်ငံဂုဏ်ကို မဆောင်နိုင်တော့သည်မှာ သေချာနေပါသည်။ Steemit တွင် တော့ နိုင်ငံတကာမှ အထင်ကြီးလေးစားစေချင်သောဆန္ဒများဖြင့် ကြိုးစား နေမည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။ ဖြစ်လိုသောဆန္ဒအား ရေးသားခြင်းဖြစ်ပါသည်။ အမှားအယွင်းများပါလာက သည်းခံ ကြပါရန်လည်း တောင်းပန်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
31-Mar-2018 စနေနေ့(Saturday)