ကလေးသူငယ်များ နှင့် ကစားခြင်း(Children and Playing)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,




ကျွန်တော်တို့မြန်မာနိုင်ငံတွင် ရှေးယခင်က ပညာသင်ကြားရာ ကျောင်းများတွင်ဖြစ်စေ အိမ်မှာတွင်ဖြစ်စေ အပြစ်လုပ်မိပါက အမှားလုပ်မိပါက ကလေးငယ်များကို ကြိမ်လုံးနှင့်ရိုက်မှ ဥာဏ်ထက်သည် ဥာဏ်သွက်သည်ဟု ဆိုကာ အမှားကျူးလွန်မိကြပါက ကြိမ်လုံးနှင့်အရိုက်ခံထိကြပေသည်။ ထိုခေတ် ထိုအချိန်အခါက ယခုခေတ်ကဲ့သို့မဟုတ်ပါ။ မိဘ ဆရာ လူကြီးသူမများအားလည်း အလွန်တရာ ချစ်ကြောက်ရိုသေကြရပါသည်။ ယခုခေတ်ကာလတွင် ပညာသင်ကြားရာ ကျောင်းများတွင်ဖြစ်စေ၊ မိမိတို့၏ နေအိမ်တွင်ဖြစ်စေ ထိုကဲ့သို့ ကလေးများအား ရိုက်နှက်ဆုံးမခြင်းကို လက်မခံကြတော့ပေ။ ထိုကဲ့သို့ ကလေးများအား ရိုက်နှက်ဆုံးမခြင်းသည် ကလေးငယ်များ၏ ဥာဏ်ရည်ထက်မြက်သည်၊ ဥာဏ်ရည် သွက်လက်သည် ဆိုခြင်းကိုလည်း လက်မခံကြတော့ပါပေ။ ယခုခေတ်ပညာရှိများက ကလေးများအား ဥာဏ်ရည် ထက်မြက် သွက်လက်နေစေရန်အတွက် လိုအပ်ချက်မှာ ကလေးများအား စိတ်တိုင်းကျကစားစေခြင်းဖြစ်ပေသည်။ ထိုသို့ ကစားစေခြင်းဖြင့် ကလေးသူငယ်များတွင် စိတ်ပိုင်းဆိုင်ရာများ၊ ကိုယ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါသည်။


child playing 3.png

Image from google


ကလေးများ ပညာသင်ကြားရာတွင် ကစားခြင်းစေသည် စာသင်ကြားခြင်းကဲ့သို့ပင် ထပ်ထူ ထပ်မျှ အရေးကြီးကြောင်း ပြဆိုလာကြလေသည်။ ကလေးများအား ကစားစေခြင်းဖြင့် ကျန်းမာရေး(ကျန်းမာရေးဟုဆိုရာတွင် ခန္ဓာကိုယ် ကျန်းမာရေးသာမက စိတ်ကျန်းမာရေးလည်းပါဝင်ပါသည်) စည်းလုံးညီညွတ်မှု၊ မိမိတာဝန် မိမိတို့ သိနားလည်မှု တို့သာမက ဥာဏ်ပညာအရည်အသွေးလည်း ထူးချွန်ထက်မြက်လာကြကြောင်းကိုလည်း ပြဆိုထားကြပေသည်။ ငယ်စဉ်ဘ၀က ကလေးသူငယ်တိုင်းသည် ကစားခြင်းဖြင့် အချိန်ကုန်လွန်လိုကြပေသည်။ ကစားရမည်ဆိုပါက ပုံမှန်အားဖြင့် မည်သည့်ကလေးမဆို မကစားလိုဟု ငြင်းပယ်ကြလိမ့်မည်မဟုတ်တာသေချာပါသည်။ ကလေးဘ၀တွင် ကလေးမျာသည် ကစားရန်သာစိတ်အားထက်သန် နေကြကြောင်းကို ကလေးဘ၀ လွန်မြောက်ပြီးဖြစ်သောသူတိုင်း သဘောပေါက်ကြပါလိမ့်မည်။ ကစားနေစဉ်တွင် မိဘများက သားရေ သမီးရေ လမ်းထိပ်မှာ ဆီလေးသွားဝယ်ပေးပါအုံး ဆိုသော အလုပ်ခိုင်းလျှင်ပင် ကစားနေချိန်ဖြစ်သဖြင့် လုပ်ကိုင်မပေးချင်ကြပါချေ။ ကစားနေသောအရှိန်ပျက်ကြခြင်းကြောင့်ဖြစ်ပါသည်။


Child playing 1.png

Image from google


သို့သော် ကစားခြင်းဆိုရာတွင် ယခုခေတ်ကာလကဲ့သို့ မိုဘိုင်းဖုန်းများဖြင့် Game များအား နှိပ်ကစားခြင်းမျိုးကိုမဆိုလိုပါ။ ထို မိုဘိုင်းဖုန်းဖြင့် Game ကစားခြင်းသည် ကျန်းမာရေးနှင့် မညီညွတ်နိုင်သည့်အပြင် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ ကျီးပေါင်းရောဂါကဲ့သို့သော ရောဂါများကပ်ငြိ နိုင်ခြင်းတို့ကိုပင် ခံစားရပေမည်။ ဥာဏ်ရည်ကတော့ ထက်ကောင်းထက်လာမည်ဖြစ်သော်လည်း ကျန်းမာရေး ရှုထောင့်အရဆိုလျှင် လုံးဝ(လုံးဝ)မကောင်းနိုင်ပါချေ။ ကျွန်တော်ယခုပြောလိုသော ကစားခြင်းဆိုသည်မှာ ကလေးငယ်များ သဘာဝ ပြေးလွှားကစားရခြင်းများ၊ ဘောလုံးကန်ခြင်း၊ စကားထာဖွက်ခြင်း စသည့် ဥာဏ်ရည်အလုပ် ပါသော၊ ခန္ဓာကိုယ် အင်အားစိုက်ထုတ်ကစားရသော ကစားခြင်းများကို ဆိုလိုပါသည်။ ကလေးများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်ရှိသော အင်အားများသည် လိုအပ်နေသည်ထက် ပိုနေတတ်သဖြင့် ပိုနေသော ထိုအင်အားများကို ကစားခြင်းဖြင့် အကျိုးရှိအောင် အသုံးပြုစေခြင်းဖြစ်ပါသည်။ ယနေ့ခေတ်တွင် သွားကစားချေ ဟုပြောလိုက်မည်ဆိုပါက ကလေးများသည် မိုဘိုင်းဖုန်းနှင့် ကစားကြ လေတော့သည်။ တီဗီ ဗီဒီယို စသည်ကြည့်ချင်သွားကြည့်ကြပေမည်။ မိုဘိုင်းဖုးများဖြင့် Game ဆော့ခြင်း၊ တီဗီ ဗီဒီယိုကြည်နေ့ခြင်းတို့သည် ကလေးသူငယ်များ၏ ပိုနေသော အင်အားများကို အလဟသ ဖြစ်စေပါသည်။ အကျိုးမများ မတိုးပွားဘဲ ကျန်းမာရေးအတွက် မကောင်းသော အလေ့အထတစ်ရပ်ဖြစ်ပါသည်။ ပြေးလွှား လှုပ်ရှားနေရသော ကစားခြင်းမျိုးကို ကစားသော ကလေးသူငယ်များလည်း အလွန်နည်းလာပါသည်။ ပြေးလွှားလှုပ်ရှားကစားခြင်းသည်။ ကိုယ်လက်လှုပ်ရှား မကစားဘဲနေသော ကလေးများနှင့် ကိုယ်လက်လှုပ်ရှား ကစားပေးသော ကလေးများအား နှိုင်းယှဉ်ကြည့်ကြပါလျင် လှုပ်ရှားကစားနေသော ကလေးများက ဥာဏ်ရည်ပိုမိုထက်မြက် တတ်ကြောင်းကိုလည်း စောင့်ကြည့်လေ့လာနိုင်ပါသည်။


Child playing 5.png

Image from google


ကျွန်တော်တို့သည် မွေးဖွားလာစဉ်အခါကပင် ပုခက်အတွင်းလှုပ်ရှား ရုန်းကန် ဆော့ကစားနေကြရာမှ တဖြည်းဖြည်း ပြေးလွှားလှုပ်ရှား ဆော့ကစားသောအရွယ် ထိုမှတဆင့် အားကစားရုံများ စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲရွေးချယ်ပြီး စနစ်တကျ ကစားလာကြရပေသည်။ မိဘများအနေဖြင့်လည်း သားသမီးများအား မိုဘိုင်းဖုန်းများ၊ တီဗီ ၊ ဗီဒီယိုများ အရှေ့တွင်သာ အချိန်ကုန်မနေစေဘဲ ကိုယ်လက်လှုပ်ရှားကစားတတ်လာအောင် ငယ်စဉ်ကပင် သွန်သင် ပြသ လေ့ကျင့်ပေးထားအပ်လှပေသည်။ ကိုယ်လက်လှုပ်ရှား အားကစားများ လုပ်နေခြင်းဖြင့် မည်သို့သော အကျိုးထူးများရရှိလာသည်ကို နားလည်သဘောပေါက်လာလျင် ကလေးများကိုယ်တိုင်ကပင် နေ့စဉ် ကြိုးစားကြပေလိမ့်မည်ဖြစ်ပါသည်။ စိတ်ပျို မှ ကိုယ်နုသည်ဆိုသော စကားအတိုင်း ခန္ဓာကိုယ်နှင့်စိတ် သည် ဆက်စပ် ဒွန်တွဲနေပါသဖြင့် ခန္ဓာကိုယ် လှုပ်ရှားပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းလျင် ဦးနှောက်လည်း အလုပ်ကောင်းမွန်စွာလုပ်ကိုင်ပြီး စဉ်းစားတွေးခေါ်နိုင်သော ဥာဏ်ပညာထက်မြက်လာပါမည်။ ထို့သို့သော အကြောင်းအချက်များစွာကြောင့် ကလေးသူငယ်များအား ငယ်စဉ်ကာလကပင် ခေတ်ပေါ်ပစ္စည်းများဖြင့်သာ အချိန်ကုန် မနေစေပဲ ကိုယ်လက်လှုပ်ရှား ဖြစ်စေသည့် ပြေးလွှားဆော့ကစားခြင်းများကို အလေ့အကျင့်ပြုလုပ်ပေးသင့်ပါသည်။


Child playing.png

Image from google


ကျွန်တော်တို့ ငယ်စဉ်ကျောင်းနေစဉ်အရွယ်ကာလက အားကစားချိန်တစ်ချိန် သီးသန့်ထည့်ပေးထားပါသည်။ အားကစားချိန်တွင် စုပေါင်းကစားစေခြင်းသည်လည်း ကောင်းမွန်သော အရည်အချင်းများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထိုအားကစားအချိန်ကို မလုပ်မဖြစ်အနေဖြင့် ဆရာများက ပြုလုပ်စေပါသည်။ လစ်လို့မရပါချေ။ ယခုခေတ်တွင် မတော့ အားကစားချိန်တွင် မည်သို့ပြုလုပ်နေကြသည်ကိုတော့ မသိပါ။ စပေါင်းကစားခြင်းသည် အချင်းချင်းပေါင်းသင်းဆက်ဆံရေး၊ တာဝန်ယူတတ်မှုတို့အားလည်း သင်ကြားပေးရာလည်းရောက်ပေသည်။ ပေါင်းသင်း ဆက်ဆံရေးလည်းနားလည်လာသောကြောင့် ကလေးသူငယ်အချင်းချင်း ရန်ဖြစ်ခြင်း၊ ပြသနာဖြစ်ခြင်းလည်း အလွန်နည်းပါးပါသည်။ လူကြီးမိဘများစုသည် ကလေးများပြေးလွှားဆော့ကစားနေခြင်းကို မကြိုက်ကြပေ။ မှားယွင်းနေသည်ဟု ထင်ပါသည်။ ကလေးများအား စိတ်ကြိုက် လွတ်လွတ်လပ်လပ်အများနှင့် ကစားစေသင့်ပါသည်။ အန္တရာယ်မဖြစ်စေရန်သာ ဂရုစိုက်သင့်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်အခါက ကျောင်းများတွင်သာမက အိမ်ပြန်ရောက်လျင်လည်း ရေမိုးချိုး ထမင်းစား စာကျက်ပြီးလျင် နည်းမျိုးစုံကစားကြပေသေးသည်။ ပျော်ရွှင်စရာ ကောင်းလှသလို ကျန်းမာရေးနှင့်လည်း အလွန်ညီညွတ်ကြပါပေသည်။ ကျောင်းအားရက်များတွင်လည်း ယောက်ျားလေးများက သေနတ်၊ တုတ်များကိုင်ဆိုင်ပြီး စစ်တိုက်ခြင်း၊ ဘောလုံးကန်ခြင်း၊ နပန်းလုံးခြင်း၊ သစ်ပင်တက်ခြင်းများအပါအ၀င် ကစားနည်းမျိုးစုံဖြင့် ကစားကြပေသေးသည်။ အထူးသဖြင့် ယောက်ျားလေး အများစုသည် တုတ်နှင့်ရိုက်က ဂွေလှိမ့်ကစားနည်းကို အလွန် နှစ်သက်ကြပေသည်။


Child playing 6.png

Image from google


မိန်းကလေးများကလည်း မိန်းကလေးကစားနည်းများဖြစ်သော အိုးပုတ်ကလေးများဖြင့် ထမင်းဟင်းချက်ခြင်း၊ အရုပ်ကလေးများဖြင့် ကလေးထိန်းခြင်း စသည့် မိန်းကလေးသဘာဝကစားနည်းများ ကစားကြပေသည်။ မိန်းကလေးအများစုသည် ကြိုးခုန်ခြင်း၊ ဖုန်ခုန်ခြင်း စသည့် ကစားနည်းများကိုလည်း နှစ်နှစ်သက်သက်ကစားတတ်ကြပေသည်။ ထိုသို့ ကစားခြင်းသည် တနည်းအားဖြင့်ဆိုသော နောင် ရေးအတွက် လေ့ကျင့်သင်ကြားနေကြခြင်းပင်ဖြစ်ပါသည်။ ကလေးသူငယ်များသည် လူကြီများအားကြည့်ကာ သူတို့ကိုယ် သူတို့ လူကြီးများ အဖြစ်ထင်မြင်ယူဆကာ ကစားကြခြင်းဖြင့် ကလေးသူငယ်များ၏ အသိဥာဏ်ကို ပွင့်လင်းစေရုံသာမက စိတ်ဓာတ်ပိုင်းဆိုင်ရများ မြင့်မားလာ ကြပြီး အတွေးအခေါ်အမြော်အမြင်များလည်း တဖြည်းဖြည်း ရင့်ကျက်လာကြရပေသည်။ အလွန်ကောင်းမွန်လှပါပေသည်။ ခန္ဓာကိုယ်နှင့်စိတ်တို့သည် အပြန်အလှန်ဆက်သွယနေပါသဖြင့် ခန္ဒာကိုယ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးရှိ သွေးသားလည်ပတ်မှုလည်း ကောင်းမွန်ကာ ဦးနှောက်ကို ကောင်းကောင်းအလုပ်လုပ်စေပါသည်။ ထို့ကြောင့် လှုပ်ရှားကစားခြင်းသည် ပညာသင်ကြားရာတွင် လွယ်ကူလျင်မြန်ထိရောက်ပေသည်။


child playing 2.png

Image from google


နာမကျန်းဖြစ်သော ကလေးများလည်း အလွန်နည်းကြပါသည်။ ယခု ခေတ်ကလေးများကို ကြည့်လျင်တော့ လူကြီးများထက်ပင် ကျန်းမာရေးညံ့ဖျင်းနေတတ်သော ကလေးသူငယ် အများအပြားကို မြင်တွေ့နေ ကြရပေသည်။ အထူးသဖြင့် သိသာထင်ရှားသော ကျန်းမာရေး ချို့ယွင်းမှုများမှာ မိဘ ဖြစ်သူများက မျက်မှန် တပ်ဆင်ထားရခြင်းမရှိသေးပဲ သားသမီးများက မျက်မှန်လေးများဖြင့်လည်းကောင်း၊ မိဘများနှင့် လမ်းအတူတူလျောက် ကြရတွင် ကလေးများက လူကြီးများထက်အရင် မောပန်းလွယ်ခြင်း၊ ညောင်းညာခြင်းများကိုလည်း မြင်တွေ့နေရပါသည်။ အနာဂတ်ကာလ အတွက် ရင်လေးစရာ မြင်ကွင်းများလည်းဖြစ်ပေမည်။ အနာဂတ်ဟု ဆိုရာတွင် ကလေးငယ်များ၏ အနာဂတ်သာမက နိုင်ငံတော်၏ အနာဂတ်နှင့်လည်း သက်ဆိုင်ပေမည်။


Child playing 4.png

Image from google


ထို့ကြောင့် ယနေ့ခေတ် ပညာရေးကဏ္ဍတွင် ကစားခြင်းကိုပါ ထည့်သွင်းသင်ကြားနိုင်လျင် အလွန်ကောင်းမွန်မည်ထင်ပါသည်။ ကစားခြင်းသည် အချိန်ဖြုန်းခြင်းသက်သက်ဟု အထင်မရောက်စေလိုပါ။ ကိုယ်လက်လှုပ်ရှားမှုသည် အရွယ်တိုင်းအတွက် အလွန်ပင်လိုအပ်သည်မှာလည်း အမှန်ဖြစ်ပါသည်။ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး မလှုပ်မရှား ရောဂါပွား ဆိုသော စကားများကိုလည်း သတိပြုဆင်ခြင်သင့်လှပေသည်။ ထို့ကြောင့် ကလေးသူငယ်များအား ကစားခြင်းတည်းဟူသော ကျန်းမာစေသည့် လှုပ်ရှားမှုများကို ငယ်စဉ်ကပင် လေ့ကျင့် သင်ကြားပေးထားခြင်းဖြင့် ကလေးသူငယ်များ အရွယ်ရောက်ကြီးပြင်းလာချိန်တွင် ကျန်းမာ သောခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပြီး ဥာဏ်ရည် ဥာဏ်သွေးထက်မြက်သော တိုင်းပြည်၏ သားကောင်း ရတနာလေးများဖြစ်လာနိုင်ပါကြောင်း ရေးသားရင်ဖြင့် ဆောင်းပါအား အဆုံးသတ်လိုက်ပါသည်ခင်ဗျာ...

မှီငြမ်း - မြန်မာ့စွယ်စုံကျမ်း

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

7-10-2017(Saturday)