ကလေးများကို စောင့်ရှောက်ပါ (Keep Children With Right Knowledge)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



keep copy.png

Image from google


ကလေးသူငယ်များအား လူတိုင်းလူတိုင်း ချစ်ခင်မြတ်နိုးကြမည်ထင်ပါသည်။ ကလေးမချစ်တတ်သူအနည်းငယ်လည်း ရှိနိုင်ပါသည်။ကလေးသူငယ်များအား မှားယွင်းသော အယူအဆများဘေးမှ ကင်းဝေးနိုင်ကြပါစေရန်ရည်ရွယ်ရေးသားပါသည်။ ပိုင်နိုင်စွာ ရေးသားနိုင်ခြင်းရှိမည်မဟုတ်ပါလေသ်ာလည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် အထောက်အပံ့လေးတစ်ခု ဖြစ်နိုင်လျှင် ကျေနပ်ပါသည်။အထောက်အကူရနိုင်ကြပါစေရန်လည်း ဆုတောင်းပါသည်။ တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကောင်းမွန်တိုးတက်ရေးသည် ကလေးသူငယ်များအပေါ်တွင် မူတည်နေကြောင်းကို ရေးသားခဲ့ဖူးပါသည်။ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဥာဏ်အရည်အသွေးပြည့်မီခြင်းသည် နောင်အနာဂတ်ကာလ အတွက် တိုင်းပြည်ကို ဖွံ့ဖြိုးတက်တက်ခြင်းကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကလေးသူငယ်များကို မှန်ကန်သောနည်းစနစ်များဖြင့် စောင့်ရှောက်ရန်တာဝန်ရှိပါသည်။ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာရေးကောင်းမွန်ခြင်းသည်လည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်ပေမည်။ ဥာဏ်အရည်အသွေးပြည့်မီရေးသည် ကလေးသူငယ်များကို ကျန်းမာရေး ကောင်းမွန်နေစေရန် အလွန် အရေးကြီးပါသည်။ ငယ်စဉ်ကလေးဘ၀မရောက်ရှိမီ မိခင်ဝမ်းအတွင်းမှာနေစဉ်ကာလမှာပင် မိခင် ဖခင်တို့သည် ဂရုစိုက်သင့်ပေသည်။ ဥာဏ်ရည်မမီသော ကလေးများမွေးဖွားခြင်းသည် မိခင် ဖခင်တို့၏ ကျန်းမာရေးဗဟုသုတ နည်းပါးခြင်းကြောင့် ဖြစ်တတ်သည်ဟုလည်းထင်ပါသည်။ ထို့ကြောင့် မိခင် ဖခင်တို့သည် သားသမီးများအား ကိုယ်ဝန်စတင်ဆောင်စဉ်ကပင် ဂရုတစိုက်ရှိသင့်ပါသည်။ ဂရုမစိုက်မိသဖြင့် ဥာဏ်ရည်မမီသောကလေးတစ်ယောက် လူ့လောကသို့ရောက်ရှိခဲ့သည်ရှိသော် မိခင် ဖခင်တို့သာမက လူအများစိတ်သောကရောက်ကြရမည်ဖြစ်ကြောင်းကိုလည်း သတိပြုစေချင်ပါသည်။ ကလေးသူငယ်များသည် မိခင် ဖခင်တို့နှင့်သာ သက်ဆိုင်နေသည်မဟုတ်ပါ။ နိုင်ငံနှင့်သက်ဆိုင်နေသည်ကိုလည်း သတိရစေချင်ပါသည်။ ကလေးသူငယ်များကို ငယ်စဉ်ကပင် ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ထက်မြက်သူများအဖြစ်ကိုသာ မြင်လိုပါသည်။ မိမိတို့၏ မှားယွင်းသော တယူသန်လွန်းသော အယူအဆများကြောင့် ကလေးများ၏ ဘ၀လေးများကို မပျက်စီးစေသင့်ပါ။


11.png

Image from google


ကျွန်တော်တို့မြန်မာနိုင်ငံတွင် ကလေးသူငယ်များနှင့်ပတ်သက်လျှင် မှားယွင်းသောအယူအဆများကို အသည်းအသန် ကိုင်ဆောင်ထားကြသေးသည်ကိုလည်း မြင်တွေ့ရပါသည်။ ကျန်းမာရေးဗဟုသုတလည်း အလွန် နည်းကြပါသေးသည်။ ကျန်းမာရေးကို မိမိတို့ကိုယ်တိုင်က လိုက်စားကြမည်ဖြစ်သော်လည်း တိကျသေချာမှုမရှိ သော အဖြေများနှင့်သာ အဆုံးသတ်တွေ့ဆုံကြရမည်ထင်ပါသည်။ အချို့ကျန်းမာရေးအတွက်ဟုဆိုကာ လမ်းလျှောက်ကြသည်။ အချို့ စက်ဘီးစီးကြသည်။ အချို့မှန်မှန်ပြေးကြသည်။ တိကျသောကျန်းမာရေးဗဟသုတ အသိရှိကြသူများကား နည်းပါးမည်ထင်ပါသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ပြောရပါသနည်းဆိုသော် ကျွန်တော်တို့ မြန်မာလူမျိုးများသည် အပေါ်ယံကိုသာကြည့်ပြီး အပေါ်ယံအလုပ်များကိုသာ လုပ်တတ်သောအကျင့်၊ ရိုးရာဆိုသော အစွဲများကို သိရှိနေသောကြောင့်ဖြစ်ပေသည်။ အားလုံးကိုတော့ သိမ်းကျုံးဆိုလိုခြင်းမဟုတ်ပါ။ အကောင်းနှင့် မကောင်း၊ စွန့်ပစ်သင့်သည်အရာ နှင့် စွန့်ပစ်သင့်သည့်အချိန် တို့ကိုလည်း လက်မခံတတ်ကြပေ။ ထိုအကြောင်းများကိုနောက်နောင်ကြုံကြိုက်မှာ ရေးသားပါမည်။ ယခုတော့ကလေးသူငယ်များအတွက် ဆက်လက် ရေးသားလိုက်ပါအုံးမည်။

မြန်မာလူမျိုး မိဘများ၏ အချို့သည် မှားယွင်းသော ကျန်းမာရေးအယူအဆကို အစွဲအလမ်းကြီးစွာ ဖက်တွယ် ထားကြဆဲဖြစ်ကြောင်းကို သိမြင်ရပါသည်။ ထိုကဲ့သို့ မှားယွင်းစွာမှတ်ယူမှုများကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံ တွင် ကလေးငယ်ပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ကြရကြောင်းကိုလည်း ကြားသိနေရပါသည်။ ယခင်အချိန် ကာလများက နည်းပညာဖွံ့ဖြိုးမှုမရှိသောကြောင့် မကြားသိကြရသော်လည်း ယနေ့ခေတ်ကာလတွင် ခုဖြစ် ခု အင်တာနက်အလွယ်တကူရရှိနေပြီဖြစ်သောကြောင့် Social Media များမှာ အလွယ်တကူ သိရှိနေကြရပြီဖြစ်ပါ သည်။ မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းကိုလည်း သေချာစွာမသိရှိ၊ အနောက်တိုင်းဆေးပညာကိုလည်း ကောင်းစွာလက်မခံ မယုံကြည်ကြသူများသည် စာတိုပေစများဖြင့် ဆရာလုပ်နေတတ်ကြကြောင်းကိုလည်း တွေ့မြင်နေရပါသည်။ အချိန်လွန်မှ ကုသကြရပါတော့သည်။ ထိုအခါ ကလေးများ အသက်ဆုံးရှုံးကြရပါသည်။ ထိုသို့အသက်ဆုံးရှုံးကြရသည့်အချိန်သောအခါတွင် ဆရာန်များအားအပြစ်ဖို့ကြလေကုန်၏။ စဉ်းစားတော်မူကြပါ မြန်မာမိဘအပေါင်းတို့ခင်ဗျာ။ ကျွန်တော်တို့ MSC ထဲမှာ မိဘဖြစ်နေသူများ ပါမယ်ထင်ပါသည်ခင်ဗျ။


222.png

Image from google


ထိုကဲ့သို့မှားယွင်းသော အယူအဆများကို သင်ကြားပေးသူများမှာလည်း အတော်မျာများသည် စာတိုပေစများကို သာဖတ်ဖူးထားကြသူများသာဖြစ်ပါသည်။ ကြားဖူးနားဝနှင့် လိုက်လုပ်ကြပြီး အစွဲဖြစ်သွားကြသည်လည်းရှိကြပါ သည်။ ကာလကြာရှည်လာသောအခါ လက်ဆင့်ကမ်းသယ်လာသော အစွဲအလမ်းများသည် အမှန်တကယ်ဖြစ် သွားသလိုရှိနေတတ်ကြသည်။ မိုးရွာစေရန်ဖားအော်သည်ဆိုသောကိစ္စသည် အတော်ပင် သိသာလှပါသည်။ ဖားအော်သဖြင့် မိုးရွာသည်ဟူသော အတင်းကာရော ဆွဲညှိကြသည့်အယူအဆများဖြစ်သည်။ ရာသီဥတုအကြောင်းကို သေချာစွာ မသိကြရပါပဲနှင့် မိုးရွာခြင်းက ဖားအော်လို့ဖြစ်နေခြင်းသည် မှန်မမှန် စွဲသင့် မစွဲသင့် စဉ်းစားတော်မူကြပါကုန်။ ထိုကဲ့သို့သောအယူအဆသည် ပြသနာမဖြစ်နိုင်သဖြင့် စကားနဲရန်စဲလုပ်လို့ ရသော်ငြားလည်း အချို့သော အယူအဆအမှားများသည် လူတို့၏ အသက်အန္တရာယ်ကိုပင် ဖြစ်ပေါ်စေနိုင်သော ကြောင့် လျစ်လျူရှု မနေသင့်ပါပေ။ စွန့်လွှတ်သင့်သော အယူအဆအမှားများ ကို စွန့်လွှတ်ရပေမည်။

ကလေးများ၏ကျန်းမာရေးနှင့်ပတ်သက်သည့် အယူအဆအမှားများကို ကျွန်တော်ဖတ်ဖူး မှတ်ဖူးသမျှထဲမှ မှတ်မိသမျှကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စွန့်လွှတ်သင့်သည့် အယူအဆအမှားများကို စွန့်လွှတ်နိုင်ကြစေရန်အတွက်လည်းဖြစ်ပါသည်။ နို့တိုက်မိခင်တစ်ယောက်သည် အသီးအရွက်အစိမ်းများကို စားပါက ကလေးလေနာတတ်သည်ဟူသော အယူအဆသည် မှားယွင်းသောအယူအဆတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။ အစိမ်းရောင်ရှိသော သစ်သီး သစ်ရွက်များသည် ဗီတာမင် ဘီ(၁)ဓာတ်ပါကြောင်း မှတ်သားဖူးပါသည်။ ဘီတာမင် ဘီ(၁)ဓာတ်ချို့တဲ့ပါက ကလေးများသည် ရုတ်တရက် ချက်ချင်း အမောဖောက် တတ်သည်ဟုဆိုကြပါသည်။ ဘီ(၁)ဓာတ်ချို့တဲ့ပါက Beriberi ရောဂါဖြစ်ပွားတတ်ကြောင်းကိုလည်း မှတ်သား ဖူးပါသည်။ ကလေးများတွင် ဘီ(၁) ချို့ခြင်းဖြစ်ပါ အမောဖောက်ခြင်းချက်ချင်းဖြစ်တတ်ပြီး ဆေးကုသမည့်ဆရာဝန် ထံသို့ အချိန်မီမရောက်ပါက အသက်ဆုံးရှုံးရတတ်ကြောင်း သိရှိရပါသည်။

ကလေးများသည်တစ်ခါတစ်ရံဖျားတတ်ကြပါသည်။ ကလေးများမှမဟုတ်။ လူကြီးများလည်းဖျားတတ်ကြပါသည်။ လူကြီးများဖျားလျှင် ပြသနာမတက်သော်လည်း ကလေးများဖျားလျှင် ပြသနာတက်တတ်ပါသည်။ မိမိတို့ကလေး သည် ဖျားတိုင်း အဖျားကြီးတတ်သည်ဟူသော မှားယွင်းသည့်အယူဆတစ်ရပ်လည်းရှိနေတတ်ကြပါသည်။ ထိုသို့ အဖျားကြီးသည်ဟူသော အယူအဆအပြင် ရိုးရာပြုစားခြင်းများပင်ပါလာတတ်ကြပါသည်။ ဒီကလေးက ဖျားရင် အဖျားကြီးတတ်သည့်အပြင် ပါရာစီတမောလ် တိုက်လျှင် ခဏသာ အဖျားကျပြီး ပြန်ဖျားသည်။ အစာများကျွေးလျှင် ပြန်ဖျားတတ်သည်ဟုလည်း အယူသီးတတ်ကြပါသည်။ အလွန်မှားယွင်းသော အယူအဆ တစ်ရပ်ဖြစ်ကြောင်း မှတ်သားခဲ့ဖူးပါသည်။ ရောဂါနှင့်တိုက်ပွဲဝင်နေကြရသော ကလေး၏ ခန္ဓာကိုယ်အား ရိက္ခာ ဖြတ်လိုက်သကဲ့သို့ဖြစ်သဖြင့် ကလေး၏အသက်အန္တရာယ်ကိုပင် စိုးရိမ်ရကြောင်း သိရှိရပါသည်။ တိုက်ဖွိုက်ခေါ် အူရောင် ငန်းဖျားရောဂါတစ်ခုသာလျှင် အစာနှင့်မတည့်တတ်ကြောင်း၊ ထိုတိုက်ဖွိုက်သည်လည်း ကလေး တစ်ထောင်တွင် တစ်ယောက်သာလျှင် ဖြစ်တတ်ကြောင်း နှင့် ကလေးအား သူစားချင်သည့်အစာကို ကျွေးမွေးသင့် ကြောင်းဖတ်ဖူးပါသည်။ ကလေးများသည် သူတို့မစားချင်လျှင် ပါးစပ်ကိုပင်ပိတ်ထားတတ်ကြသည်ကို လူတိုင်း တွေ့မြင်ဖူးကြမည်ထင်ပါသည်။ အဖတ်ကျွေးလျှင်ဖျားတတ်သည်ဆိုသော အယူအဆသည်လည်း မှားယွင်းကြောင်း သိရှိရပါသည်။ ကလေးသည် ရောဂါနှင့်နပန်းလုံးနေရချိန်တွင် အာဟာရကိုပါ ဖြတ်လိုက်သော အခါတွင် ထိုဒဏ်ကိုမခံနိုင်ပဲ အသက်အန္တရာယ်ကြုံတွေ့နိုင်သည်ဖြစ်ကြောင်း သိရှိရပါသည်။ သတိပြုဆင်ချင် သင့်လှပေသည်။


333.png

Image from google


လူကြီးမိဘအများစုသည် ဖျားနေသည့် ကလေးအား လေစိမ်းတိုက်လျှင် အဖျားတက်တတ်သည်ဟု ယူဆတတ် ကြပြန်ပါသည်။ မည်သို့များ လေစိမ်း လေနီ လေ၀ါ ခွဲခြားထားပါသနည်း။ မှားယွင်းသော အယူအဆ တစ်ရပ်ဖြစ် သည်ဟု ဆိုကြပါသည်။ ရေကိုပင်ချိုးခိုင်းသော ခေတ်ကိုရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း သတိပြုစေချင်ပါသည်။ စောင်များကိုအထပ်ထပ်ခြုံပေးခြင်း၊ လေကောင်းလေသန့်ဝင်ထွက်နေသည့် တံခါးပေါက် များအား အလုံပိတ်လိုက်ခြင်း၊ အ၀တ်အစားများကို ထူထပ်စွာဝတ်ပေးလိုက်ခြင်းဖြင့် ကလေးငယ်၏ ခန္ဓာကိုယ် အပူချိန်ကို ပိုမိုမြင့်တက်အောင်ပြုလုပ်ပေးသကဲ့သို့ဖြစ်သွားတတ်ကြောင်း သိရှိရပါသည်။ ချောင်ချိပြီး ပါးလွှာသော အ၀တ်အစားများကို ၀တ်စေခြင်းသည် ခန္ဓာကိုယ်အပူချိန်အားလျော့ကျစေနိုင်ပါသည်။ ဆင်ခြင်သတိပြုနိုင်ကြပါ စေရန်အတွက်ရေးသားအပ်ပါသည်။ အချက်များသည် ကျန်ရှိနေသေးသော်လည်း ဆက်လက်ရေးသားရန်အတွက် စာမျက်နှာများစွာ လိုအပ်နေပါသေးသည်။ မှားယွင်းနေသော အယူအဆများကို ပယ်ဖျောက်ခြင်းအားဖြင့် မိမိတို့၏ ကလေးသူငယ်များကို ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ကြသော မိခင်ကောင်း၊ ဖခင်ကောင်းများဖြစ်နိုင်ကြပါစေရန် ဆုမွန်တောင်းရင်းဖြင့် ရပ်နားလိုက်ပါသည်။ တိုင်းပြည်တစ်ပြည်၏ အနာဂတ်သည်
ကလေးသူငယ်များ၏ အပေါ်တွင် မူတည်သကဲ့သို့ ကလေးသူငယ်များ၏ အနာဂတ်သည် မိဘနှစ်ပါး၏ ပြုစုပျိုးထောင်ပေးမှုအပေါ်တွင်လည်းမူတည်ပါသည်။ ကျန်းမာရေးကောင်းသော၊ ဥာဏ်ထက်မြက်သော ကလေးများအဖြစ် စောင့်ရှောက်ပေးနိုင်ကြပါစေ။ ဆရာဝန်တစ်ဦးမဟုတ်သကဲ့သို ဆေးဝန်ထမ်းတစ်ဦးလည်းမဟုတ်ပါ။ သိသင့်သိထိုက်သည်များကို မမှားယွင်းစေရန်အတွက် ရည်ရွယ်ရေးသားလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား

ကလေးကျန်းမာရေးဆိုင်ရာ အယူအဆအမှားများ(ဒေါက်တာ ရဲမြင့်ကျော်)


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

23-11-2017 ကြာသပတေးနေ့(Thursday)