"ကြိုးစားကြစေချင်ပါသည်"(Try It For Future)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
ကျွန်တော်တို့တစ်တွေ ကျောင်းမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အခြားသောကဏ္ဍတော်တော်များများမှာ သုံးစွဲနေကြသော စကားလေးနှစ်လုံးကို အကြောင်းပြုပြီး ဒီဆောင်းပါးလေးကို ရေးသားလိုက်ပါတယ်ခင်ဗျာ။ အဲဒီစကားလုံးလေးကတော့ Senior နဲ့ Junior ဆိုတဲ့စကားလေးတွေပါဗျာ။
Senior ဆိုတာကတော့ ကျောင်း၊ လုပ်ငန်းခွင် သို့မဟုတ် အခြားသောကဏ္ဍများမှာ မိမိတို့ထက်အရင် ရောက်နှင့်သူများကိုခေါ်ဝေါ်သုံးစွဲကြခြင်း ဖြစ်သလို မိမိတို့ထက် နောက်ကျမှ ရောက်ရှိလာကြသောသူများ Junior ဟုခေါ်ဝေါ်ကြကြောင်း လူတိုင်း လူတိုင်း နားလည် သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မည်။ Senior ဆိုတာ တစ်ချိန်တုံးက Junior ဘ၀ကို ဖြတ်သန်းလာခဲ့ကြပြီး Senior ဘ၀ကို ရောက်သွားကြရခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော ကလေးဘ၀ကို ဖြတ်သန်းပြီး လူငယ် လူရွယ်ဘ၀သို့ ရောက်ရှိသွားခြင်းပင်ဖြစ်ပါသည်။ ကလေးဘ၀ကို ဖြတ်သန်းခြင်း မပြုဘဲနှင့် တခါတည်း လူငယ် လူရွယ်ဘ၀သို့တစ်ခါတည်း ခုန်ကျော်ရောက်ရှိသွားခြင်းတော့ရှိမည်မဟုတ်ပါချေ။
လူတိုင်း လူတိုင်းသည် Junior ဘ၀တွင် မိမိထက်အရင်ရောက်ရှိနေပြီးဖြစ်သော လုပ်ငန်းအတွေ့အကြုံရှိထားပြီးဖြစ်သော Senior များ၏ သင်ကြားပြသပေးမှု ကူညီမှု ဖေးမမှု လမ်းပြမှု သွန်သင်ဆုံးမမှုများကို နာခံခြင်းအားဖြင့် ကောင်းမွန်သော Senior ဘ၀ကို ရောက်ရှိအောင်ကြိုးစားခဲ့ကြရပေသည်။ ထိုသို့ သင်ကြားပြသ ဆုံးမမှုများကို လိုက်နာခြင်းမရှိသော Junior များကတောဖြင့် ကောင်းမွန်သော အောင်မြင်သော Senior အဖြစ်သို့ ရောက်ရှိနိုင်မည်မဟုတ်ပါချေ။ Senior အဖြစ်သို့ရောက်ရှိနေပြီးဖြစ်ကြသောသူများကလည်း Junior များအား နားလည်မှု စာနာမှုများဖြင့် လက်တွဲခေါ်ဆောင်ကြရမည်ဖြစ်ပါသည်။ လက်တွဲခေါ်ဆောင်ခြင်းမပြုဘဲလည်း နေကြမည်မဟုတ်ကြပါ။ Senior များက Junior များကို လက်တွဲခေါ်ဆောင်ခြင်းမပြုပါကလည်း ထို Senior များသည် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသော ခေါင်းဆောင်မှုကို ပေးနိုင်လိမ့်မည်မဟုတ်ပါချေ။ အရည်အချင်းပြည့်ဝသော Team Leader တစ်ယောက် လုံးဝ(လုံးဝ) ဖြစ်လာမည်မဟုတ်သည်မှာလည်း သေချာပါသည်။ ကောင်းမွန်သော အရည်အချင်းပြည့်ဝသော Team Leader တစ်ယောက်ဖြစ်လာရန်လည်းအလွန်အရေးကြီးလှပေသည်။ သို့မှသာ မိမိဦးဆောင်သော လုပ်ငန်းခွင်သည်လည်းကောင်း၊ အသင်းအဖွဲ့အစည်းများသည်လည်းကောင်း အောင်မြင်နိုင်ပေမည်။ မိမိ၏ Junior များကိုလည်း အရည်အချင်းပြည့်ဝသော Senior, Leader များအဖြစ်သို့ရောက်ရှိအောင် လမ်းပြနိုင်ပေမည်။
ခေါင်းဆောင်တစ်ဦးရဲ့အရည်အချင်းများပြည့်ဝနေမှသာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်နိုင်ပါသည်။ သို့မှသာလည်း နောက်လိုက်ကောင်းများ မွေးထုတ်ပေးနိုင်ပါမည်။ နောက်လိုက်ကောင်းမှ ခေါင်းဆောင်နေရာရောက်ရှိသောအခါ ကောင်းဆောင်ကောင်း ဖြစ်နိုင်ပါမည်။ လုပ်ငန်းခွင်များတွင်လည်းကောင်း၊ ကုမ္ပဏီများတွင်လည်းကောင်း နောက်လိုက်ကောင်းကောင်းကို အလိုရှိကြပေသည်။ နောက်လိုက်ကောင်း တစ်ယောက်မဖြစ်လျှင် ခေါင်းဆောင်ကောင်းတစ်ယောက်လည်း မဖြစ်နိုင်ပါချေ။ နောက်လိုက်ဖြစ်နေချိန်တွင် နောက်လိုက်ကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားသင့်လှပေသည်။ သို့မှာသာ ခေါင်းဆောင်နေရာရောက်ရှိချိန်တွင် မိမိတို့ကိုယ်တိုင်က ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်နိုင်ပေမည်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ကြားဖူး မှတ်သားဖူးခဲ့သော Story လေးတစ်ခုပြောပြချင်ပါသည်။ အလုံးစုံကိုတော့မမှတ်မိပါသော်လည်း မှတ်မိသလောက် အကောင်းဆုံးရေးသားပေးသွားပါမည်။ ထို Story လေးထဲမှလည်း သင်ခန်းစာတစ်ခုခုရယူနိုင်ကြပါစေဗျာ။ Story လေးကို အောက်မှာဖတ်ရှုကြည့်ကြပါအုံးခင်ဗျာ။
Image From google
အောင်မြင်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဦးဆောင်နေရတဲ့ ကုမ္ပဏီမန်နေဂျာတစ်ယောက်က သူ့ဝန်ထမ်းမိန်းကလေးနှစ်ဦးကို သူ့ရုံးခန်းသို့ လာရန်အကြောင်းကြားလိုက်ပါတယ်။ မိန်ကလေး နှစ်ဦးကို မှတ်ရလွယ်အောင် မနှင်းဆီ နဲ့ မစပယ် လို့အမည် သတ်မှတ်လိုက်ကြတာပေါ့ခင်ဗျာ။ မိန်းကလေးနှစ်ဦးရောက်လာတဲ့အခါမှာတော့.....
မန်နေဂျာ က မစပယ် ကို "မစပယ်...မင်းရာထူးတိုးသွားပြီ... ကုမ္မဏီ အုပ်စုတစ်စုရဲ့ ခေါင်းဆောင်ဖြစ်သွားပါပြီ" လို့ပြောလိုက်ပါသတဲ့.... မစပယ် ကို ရာထူးတိုးကြောင်း ပြောပြီးပြီးချင်းမှာပဲ မနှင်းဆီ က မန်နေဂျာကို ချက်ချင်းမေးခွန်းတစ်ခု မေးလိုက်ပါတယ်.....
"ဆရာ ကျွန်မ အမှားတစ်ခုခုလုပ်မိထားလို့လား.... အလုပ်မှာ ကျွန်မလုပ်ရမယ့် အလုပ်တွေကို ပြီးအောင် မလုပ်လို့လား ..... အလုပ်ချိန်နောက်ကျလို့လား" ... မေးလိုက်ပါတယ်..... မန်နေဂျာက "မဟုတ်ပါဘူး မနှင်းဆီ" လို့ပြန်ဖြေလိုက်ပါတယ်.... ဒီတော့ မနှင်းဆီ က "ဒါဆိုရင် ဘာဖြစ်လို့မျာား ကျွန်မက ရာထူးမတိုးရတာပါလဲ.... ကျွန်မက မစပယ် ထက်အရင် အလုပ်ဝင်ခဲ့တာပါ.." လို့ပြန်မေးလိုက်ပါတယ်.... ဒါပေမယ့်လို့ အဲဒီမေးခွန်းကို မန်နေဂျာက ပြန်ပြီးအဖြေမပေးဘဲ မစပယ် နဲ့ မနှင်းဆီကို အလုပ်တစ်ခုခိုင်းလိုက်ပါတယ်....ကုမ္ပဏီက ကုန်ပစ္စည်း တွေကို လာရောက်လေ့လာမယ့် ဖောက်သည်တွေရဲ့ ခရီးစဉ်ကို ဆက်သွယ်မေးမြန်းစုံစမ်းခိုင်းလိုက်ပါတယ်.....
အချိန်အနည်းငယ်ကြာတဲ့အခါမှာတော့ မန်နေဂျာအခန်းထဲကို မနှင်းဆီက အရင်ရောက်လာပါတယ်...
မန်နေဂျာ က "ဖောက်သည်ကုမ္မဏီကို ဆက်သွယ်လို့ ရပြီလား" လို့ မေးလိုက်ပါတယ်... မနှင်းဆီ က သွက်သွက်လက်လက်ဖြင့် "ဟုတ်ကဲ့ ဆက်သွယ်လို့ရပါပြီ... နောက်တစ်ပတ်ထဲမှာ ပစ္စည်းတွေကို လာကြည့်ပါလိမ့်မယ်" လို့ပြန်ဖြေလိုက်ပါတယ်.... မန်နေဂျာက ဆက်ပြီးတော့ "နောက်တစ်ပတ် ဘယ်နေ့လာမှာလဲ" လို့ထပ်မေးလိုက်ပါတယ်... မနှင်းဆီ က "ကျွန်မ အဲဒီအချက်ကို မမေးလိုက်မိဘူး...နောက်တစ်ကြိမ် ဖုန်းဆက်မေးလိုက်ပါမယ်" မန်နေဂျာကဆက်ပြီး "လူ ဘယ်နှစ်ယောက်လာမှာတဲ့လဲ" "ဘယ်လိုလာမှာတဲ့လဲ... လေယာဉ်နဲ့လာမှာလား... ကားနဲ့လားမှာလား... မီးရထားနဲ့လာမှာလား" လို့ဆက်တိုက် မေးခွန်းတွေမေးလိုက်ပါတယ်... မနှင်းဆီ က "ဆရာ အဲဒီအချက်တွေကို မေးဖို့ မပြောလိုက်ဘူးနော်" လို့ပြန်ပြောလိုက်ပါတယ်...မန်နေဂျာက မနှင်းဆီပြောသမျှကို စာရွက်ပေါ်ရေးချမှတ်ထားလိုက်ပါတယ်... ပြီးတော့ မစပယ် ကိုအခန်းထဲလာဖို့ ခေါ်ခိုင်းလိုက်ပါတယ်... မစပယ် က အခန်းထဲရောက်တာနဲ့ သူ့ကိုခိုင်းလိုက်တဲ့အလုပ်အကြောင်းကို တစ်ချက်ချင်း အသေးစိတ် ရှင်းလင်းပြောကြားပါတော့တယ်... "ဆရာရှင့်.. ဖောက်သည်တွေ နောက်တစ်ပတ် ကြာသပတေးနေ့မှာ လေယာဉ်စီးပြီး လာပါမယ်.... ညနေ (၄) နာရီ လေယာဉ်တက်ပါမယ်.... လေယာဉ်စီးချိန် (၃)နာရီလောက်ကြာမယ်ဆိုတော့ ည(၇)နာရီမှာ လေယာဉ်ဆိုက်ပါမယ်...စုစုပေါင်း လူ(၅)ယောက်ပါမယ်လို့ပြောပါတယ်...သူ့တို့ကို ကျွန်မတို့ ကုမ္ပဏီက ကားနဲ့လာကြိုမယ့်အကြောင်းလည်းပြောထားပြီးပါပြီ... ဟိုတယ်ကို ချက်ချင်း အခန်းယူထားလိုက်ရမလား... ပစ္စည်းပြရမယ့် ဂိုဒေါင်နဲ့နီးနီးနားနား ဟိုတယ် ကိုရွေးထားပါတယ် ဆရာ" လို့တောက်လျောက်ပြောသွားပါတယ်.... မစပယ် စကားပြောပြီးတာနဲ့ မန်နေဂျာက မနှင်းဆီ ရဲ့ မျက်နှာ်ကိုလှမ်းကြည့်လိုက်ပါတယ်...
Image From google
ကဲ ချစ်မိတ်ဆွေများဆိုလျှင် မစပယ် နဲ့ မနှင်းဆီ ဘယ်သူ့ကို ရာထူးတိုးပေးမလဲ၊ ကုမ္ပဏီပိုင်ရှင်များကရော မည်သူ့ကို ရာထူးတိုးပေးချင် မယ်ထင်ပါသလဲ။ အဖြေကတော့ တညီတညွတ်တည်းဖြစ်မယ်ထင်ပါတယ်ခင်ဗျာ။ Senior ပင် ဖြစ်သော်လည်း ပြည့်ဝသော အရည်အချင်းမရှိသောကြောင့် Junior သမားက ကျော်တက်သွားခြင်းဟုလည်း ထင်မြင်ယူဆမိပါသည်။ လူတိုင်းလူတိုင်းက ကောင်းတဲ့ တော်တဲ့ နေရာမှာ ရောက်နေဘို့ထက် ရောက်တဲ့နေရာမှာ တော်နေ ကောင်းနေဘို့ အရေးကြီးလို့ထင်ပါသည်။ မိမိတို့ရဲ့ အရည်အချင်းများနဲ့ စေတနာထားမှု များက မိမိတို့ကို လူအများ အာရုံစိုက်လာတတ်ကြပါတယ်။ ထို့ကြောင့် အရင်ရောက်နှင့်ပြီးသော Senior များ၏ သင်ပြ ကူညီ ဆုံးမမှုများက အရေးကြီးသလို နောက်မှ ရောက်လာကြသော Junior များကလည်း ကူညီမှု သင်ပြမှု ဆုံးမမှုများကို လိုက်နာကြရန်လည်း အလွန် အရေးကြီး ပါသည်။ မစပယ်သည် နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ပါသည်။ Story လေးက မပြီးဆုံးသေးသော်လည်း ရှေ့ဆက်ရန်အတွက် ကျွန်တော် ကောင်းကောင်းမမှတ်မိသလို ပေးချင်သော အကြောင်းအရာက ဒီနေရာတွင် ပြည့်စုံနေပြီဖြစ်သောကြောင့် ကျန်နေသေးသော အကြောင်းအရာကို ဆက်မရေးတော့ပါခင်ဗျာ။ Story လေးက ဘာသာပြန်လား၊ ပုံပြင်လားကိုပင် ကျွန်တော်မမှတ်မိတော့ပါ။
Image from google
တနည်းအားဖြင့်ဆိုသော် Senior ကJunior ကို လက်တွဲခေါ်ဆောင်ကြရပါသည်။ လက်ဆင့်ကမ်းကြရပါသည်။ အကောင်းဆုံးသော ရလာဒ်များ ရရှိစေရန်အတွက် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းနေကြခြင်းဖြစ်ပါသည်။ Senior ဖြစ်သူသည် သူကိုယ်တိုင်က နားလည်တတ်ကျွမ်း ခြင်းမရှိပါက နောက် Junior များအား ကောင်းသောသင်ကြားမှု၊ ကောင်းသော လက်ဆင့်ကမ်းမှုများ ပေးနိုင်မည်မဟုတ်သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ရှေ့ဆောင်ဦးရွက် ပြုနေကြသော Senior များ၏ ကောင်းမွန်သော သင်ကြား ဆုံးမမှုများကို လိုက်နာပြီး ကောင်းမွန်သော အရည်အချင်းပြည့်ဝသော Junior များဖြစ်အောင်ကြိုးစားသင့်လှပါသည်။ အခြားသောသူများတော့ မည်သို့ခံယူသည်ကို ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ အရည်အချင်းပြည့်ဝသော Junior ကောင်းတစ်ယောက်ဖြစ်လာစေရန်ကြိုးစားနေပါသည်ဟု ပြောချင်ပါသည်။ လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ အခက်အခဲတွေကို ပြဿနာလို့ မယူဆကြပါနှင့်။ အခက်အခဲဆိုတွေကနေ ပညာတွေဖြစ်ပေါ်လာကြရတာဖြစ်တယ်လို့ယူဆပါတယ်။ အခက်အခဲဆိုတာက မိမိတို့ကို ပညာသင်ပေးနေသော ဆရာတစ်ပါးလို့ ယူဆမိပါတယ်။ အခက်အခဲကြုံလာရင်လည်း ၀ိုင်းဝန်းအဖြေရှာ ၀ိုင်းဝန်းဖြေရှင်းကြလျှင် ပြေလည်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်အောင်ကြိုးစားကြရပါမည်။
မင်းလဲကျတာကို ငါစိတ်မပူဘူး မင်းပြန်မထမှာကိုပဲ ငါစိတ်ပူတယ်။ (Lincoln)
အားလုံးအပေါ်ယဉ်ကျေးသိမ်မွေ့ပါ။ အများနဲ့လိုက်လျောညီထွေနေထိုင်ပါ။ မိတ်ဆွေကောင်းတစ် ယောက်သာထားပါ။ ရန်သူတစ်ယောက်မျှမရှိပါစေနဲ့။ (Benjsmin)
ကျွန်တော်တို့ ယခု ၀င်ရောက်လုပ်ကိုင်နေသော Steemit တွင်လည်း ထိုနည်းတူ စဉ်းစားအပ်ပေသည်။ ကျွန်တော်တို့ Myanmar Steemit Community တွင် ခေါင်းဆောင်ကောင်းအရည်အချင်းများနှင့်ပြည့်စုံသော Senior ဖြစ်သော ကိုဟင်နရီအောင် @kachinhenry ရှိနေပြီးဖြစ်ပါသည်။ ကိုဟင်နရီအောင်၏ ခေါင်းဆောင် လမ်းပြ သွန်သင်မှုအောက်တွင် Myanmar Steemit Member များကလည်း စည်းကမ်းတကျ လိုက်နာဆောင်ရွက် လုပ်ကိုင်ကြမည်ဆိုလျှင် ကျွန်တော်တို့ Myanmar Steemit Community သည် မအောင်မြင်စရာမရှိနိုင်ဟုလည်း ယုံကြည်ပါသည်။ ထို့အပြင် Member အချင်းချင်းလည်း စည်းလုံးညီညွတ်ရန်လိုအပ်ပါသည်။ စည်းလုံးမှု မရှိလျှင်လည်း အလွန်တော်သော ခေါင်းဆောင်ကောင်းတစ်ဦး ရရှိထားသော်လည်း အောင်မြင်မှုရရှိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့ Myanmar Steemit Community တွင်ပါဝင်နေကြသော သို့မဟုတ် မပါဝင်ကြသေးသော ကျွန်တော်တို့မြန်မာများအား စည်းစည်းလုံးလုံး ရှိကြပါလို့ တိုက်တွန်းလိုပါသည်။ ရှေးယခင်အခါကပင် ကျွန်တော်တို့ မြန်မာလူမျိုးများသည် ပွင့်လင်းကြည်လင်ကြပြီး တိုင်းတပါးမှ နိုင်ငံခြားသားများအား ယောက်ျား မိန်းမ မရွေး ဧည့်ဝတ်ကျေပွန်စွာ တန်းတူ ဆက်ဆံတတ်သောကြောင့် အင်္ဂလိပ်အုပ်စိုးစဉ်အခါကပင်လျှင် ဗြီတိသျှအစိုးရက အကောင်းဆုံးလူမျိုး(the most engaging people)ဟုပင် ခေါ်ဝေါ်ခဲ့ကြောင်းကို မှတ်သားခဲ့ဘူးပါသည်။ တချိန်က နာမည်ကောင်းဖြင့် ကျော်ကြားခဲ့ဘူးသော မြန်မာနိုင်ငံကို ကျွန်တော်တို့ တတ်နိုင်သည့်ဘက်မှ ကူညီကြရလျှင် မကောင်းပေဘူးလားခင်ဗျာ။ Myanmar Steemit Community တွင် မပါဝင်ကြသေးသောသူများအားလည်း ပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ ယခုအချိန်တွင် အောင်မြင်သောနိုင်သော လမ်းမပေါ်သို့ ခြေစချလာနိုင်ပြီဖြစ်သည်ကိုလည်း ညီအစ်ကို မောင်နှမများအားလုံး သိမည်ထင်ပါသည်။ ထိုသို့သော အခွင့်ကောင်းများကို လက်လွတ်မခံသင့်ကြောင်းလည်း သိရှိကြမည်ထင်ပါသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှလည်း မြန်မာကို လက်ခံလာစေရန်အတွက် ၀ိုင်းဝန်းကြိုးစားကြပါလို့လည်း တိုက်တွန်းအပ်သည်ခင်ဗျာ။ စာလည်း တော်တော်ရှည်သွားပြီဖြစ်ပါသောကြောင့် ဒီနေရာမှာပင် တစ်ခန်းရပ်ခွင့်ပြုပါခင်ဗျာ။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
Myanmar Steemit Community
16-9-2017(Sunday)