ကြီးပွား တိုးတက် အောင်မြင် (၂)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လွတ်လပ်စွာ ပြုံးခြင်း
ကျွန်တော်အနေဖြင့် အလုံးစုံတို့အား ကိုယ်တိုင်ကျင့်ဆောင်နိုင်ခြင်းမရှိသေးပါပဲနှင့် အခြားသူများအား နည်းပေး လမ်းပြလုပ်သကဲ့သို့ဖြစ်နေပါသည်။ ကိုယ်တိုင် ကျင့်ဆောင်ခြင်းမရှိပဲနှင့် စာဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ဆုံးမ သွန်သင် လမ်းပြနေရခြင်းကို လိပ်ပြာမလုံဖြစ်မိပါသည်။ သို့သော်လည်း ကိုယ်တိုင်မကျင့်ဆောင်နိုင်သေး သော်လည်း ကျင့်ဆောင်နိုင်သူများအား အကျိုးရှိစေလိုသောကြောင့် ဆက်လက်ရေးသားပါမည်။ သည်းခံ ခွင့်လွှတ် ဖတ်ရှုပေးကြပါကုန်လော့ချစ်မိတ်ဆွေအပေါင်းတို့။ လူ နှင့် လူချင်း ဆက်ဆံကြရာတွင် နှုတ်ယဉ်ကျေးမှုရှိရန်သာမက ခန္ဓာကိုယ်ယဉ်ကျေးမှုရှိရန်လည်း လိုအပ်ပါသည်။ နှုတ်ယဉ်ကျေးမှုရှိသော်လည်း ကိုယ်ယဉ်ကျေးမှုမရှိခြင်းသည် ကြီးပွား တိုးတက် အောင်မြင်ရန်မဖြစ်နိုင်ပါချေ။ နှုတ်မှ မင်္ဂလာပြောနေရုံဖြင့် လည်း မင်္ဂလာရှိနေမည်မဟုတ်သေးပါ။ ကိုယ်ရော နှုတ်ပါ မင်္ဂလာရှိအောင်နေထိုင်နိုင်မှ ဖြစ်ပါမည်။ နှုတ်မှ ကျန်းမာပါစေ ဆုတောင်းပါတယ် ပြောဆိုနေသော်လည်း ကိုယ်အမူအူရာသည် ယဉ်ကျေးမှုမရှိ မြန်မြန်သေပါစေ ဆုတောင်းနေသကဲ့သို့ဖြစ်နေတတ်ပါသည်။ ကိုယ်၏အမူအရာ ယဉ်ကျေးခြင်း၊ မယဉ်ကျေးခြင်းကို လူအများက အလွယ်တကူနားလည်နိုင်ပေသည်။ ကိုယ်အမူအရာ ယဉ်ကျေးရမည်ဆိုရာတွင် အလွန်အကျွံယဉ်ကျေးခြင်းကို မဆိုလိုပါ။ သူ့နေရာနှင့်သူ ဆိုသကဲ့သို့ပင်ဖြစ်ပါသည်။ ရိုသေထိုက်သူကိုရိုသေရမည်မှာ အမှန်ပင်ဖြစ် သော်လည်း လူတိုင်းအားရိုသေရမည်ဟုမဆိုလိုပါ။ အချို့သောသူတို့သည် နှုတ်စကားဖြင့် အလွန်ယဉ်ကျေးကြ သည်ကိုတွေ့ရသော်လည်း ကိုယ်အမူအယာသည် မည်သူနှင့်မျှ အဖက်မတန် တစ်လောကလုံးအား အစိုးရသည့် စကြသတေးမင်းထင်နေတတ်ပေသည်။ ထိုသို့သောသူတို့အား အကြောင်းသိနေသူများအတွက် ပေါင်းသင်းလိုစိတ် ရှိကြမည်မဟုတ်ပါ။ နောက်ကွယ်တွင် မေးငေါ့ အတင်းအဖျင်းပြောဆိုနေမည်မှာလည်း မြေကြီးလက်ခတ်လျှင် လွဲချင်လွဲပါမည်။ လူဆိုသည်မှာလည်း ကိုယ့်ထမင်းကိုယ်စားပြီး သူများအတင်းပြောကြ သူမှာ အများစုပင်ဖြစ်ပါသည်။ ကိုယ်၏ ယဉ်ကျေးခြင်းသည်လည်း ကြီးပွား တိုးတက် အောင်မြင် လိုသူများအဖို့ ဆင်ခြင်သင့်သော အရည်အချင်းတစ်ရပ်ဖြစ်ပါသည်။ ယဉ်ကျေးခြင်းသည်လည်း နေရာဒေသအလိုက်မတူညီ ကွဲပြားနေတတ်သည်ကိုလည်း လေ့လာသတိထားရမည်ဖြစ်ပါသည်။
ယဉ်ကျေးသော အမူအရာဖြင့် လူအများကို ဆက်ဆံတတ်ခြင်းသည်လည်း လူအများ၏ ချစ်ခင်နှစ်သက်မှုရစေ သကဲ့သို့ အပေါင်းအသင်း တိုးတက်များပြားလာစေပါသည်။ ကိုယ်အမူအရာ ယဉ်ကျေးဆုံးသည် အလွန်လွယ်ကူပြီး အလွန်ပင်ထိရောက်သော အလုပ်တစ်ခုကို လူအများစုက မေ့လျော့နေသည်ထင်ပါသည်။ ထိုအမူအရာသည်ကား ပြုံးရယ်ခြင်း ပင်ဖြစ်ပါသည်။ ပြုံးခြင်းသည် ငွေမကုန် လူမပန်း အလွန်သက်သာကာ အလွန်ထိရောက်သော ကိုယ်အမူအရာ ယဉ်ကျေးမှုတစ်ခုပင်ဖြစ်ပါသည်။ လူတိုင်းအား ချစ်ခင်ရင်းနှီးသောသောအမူအရာသည်လည်း ပြုံးပြခြင်းပင်ဖြစ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး အမြန်ရင်းနှီး ကျွမ်းဝင်စေသည်မှာလည်း ပြုံးခြင်းပင် ဖြစ်ပါသည်။ ပြုံးရယ်ခြင်းသည် ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူဖြစ်စေပါသည်။ မျက်နှာကြောတင်းတင်းနေထိုင်ခြင်းသည်ကား ကျန်းမာရေးကို ထိခိုင်စေနိုင်ပါသည်။ ပြုံးခြင်းသည် လူတစ်ဦးမှတစ်ဦးသို့လည်း ကူးစက်စေနိုင်ပါသည်။ ပြုံးပြ နှုတ်ဆက်ခြင်းဖြင့် မည်သူမျှ အကျိုးမယုတ်နိုင်သကဲ့သို့ ချစ်ခင်နှစ်သက်သော သူတို့ပင် ပိုမိုပွားများလာစေနိုင်ပါသည်။ ပြဿနာ တစ်စုံတစ်ရာဖြစ်ခဲ့သည်ရှိသော် ပြုံးရယ်ပြီး ယဉ်ကျေးသော ကိုယ်အမူအရာရှိသည့်သူသည် ဖြေရှင်းရန်ပိုမို လွယ်ကူမည်ဖြစ်ပါသည်။ ပြုံးရယ်ခြင်းကင်းမဲ့နေသူတစ်ယောက်အဖို့ စိတ်ညစ်စရာကိစ္စတို့သည်လည်း ပေါ်ပေါက်လာတတ်ကြပါသည်။ ကြီးမားသောအမှားအယွင်းတို့သည် မိမိတို့၏ အမည်နာမ ကိုလည်းဒဏ်ရာ ပေးသွားကြပေသည်။ အမည်နာမ နာမည် ဒဏ်ရာရသွားခြင်းသည် မည်သည့်အရာ နှင့်မျှ ဖုံးကွယ် မထားနိုင်တော့ပါကြောင်း ရေးသားခဲ့ဘူးပါသည်။ ကိုယ်ခန္ဓာတွင်ရရှိခဲ့သော ဒဏ်ရာအား အ၀တ် တန်ဆာတို့ဖြင့် ဖုံးအုပ် ကွယ်ဖျောက်ထားနိုင်သော်လည်း နာမည်ဒဏ်ရာအား ဖုံးကွယ်မထားနိုင်ပါ။ ထို့ကြောင့် ကြီးပွား တိုးတက် အောင်မြင်လိုသူတစ်ယောက်အတွက် အလွန်လွယ်ကူပြီး အကျိုးကျေးဇူးကြီးမားသော ပြုံးရယ်ခြင်း တည်းဟူသော ကိုယ်၏ယဉ်ကျေးမှုကို အလေ့အကျင့်ဖြစ်စေရန် လေ့ကျင့်ထားသင့်ပါ သည်။
ကိုယ်အမူအရာ ယဉ်ကျေးမှုအားနည်းသူများကို လေ့လာကြည့်လျှင်များသောအားဖြင့် ထိုသူတို့၏ တလွဲမာနကြောင့် ဖြစ်နေသည်ကများပါသည်။ ထိုလွဲမှားသောမာနသည် အများစုသော လူတို့တွင်ရှိနေတတ်ရာ အောင်မြင်လိုသူတို့သည် ထိုတလွဲမာနအား အပြီးတိုင် ချိုးနှိမ်ထားရမည်ဖြစ်ပါသည်။ မာနဆိုသောအရာသည် လူတိုင်းတွင် ရှိတတ်ပါသည်။ မိမိတွင်သာ မာနရှိသည်မဟုတ်ကြောင်း သတိပြုဆင်ခြင်နိုင်လျှင် အလွန်ကောင်းမွန်သော မိတ်ဆွေအပေါင်းအသင်းတို့ ရရှိလာမည်ဖြစ်ပါသည်။ ထိုသို့လူတို့အား ကောင်းကျိုးမပေးသော တလွဲမာနကို ဆောင်ယူထားသောသူတို့၏ မျက်နှာတွင် ပြုံးရယ်ခြင်းကို ပြုလုပ်ထားသော်လည်း မာနကြောင့် လူတို့သည် ခင်မင်ရင်းနှီးရန် မလိုလားကြတော့ပါ။ မာနရှိသောသူတို့၏ မျက်နှာတွင် ပြုံးရယ်နေသော်လည်း သိသာ မြင်သာကြပေသည်။ အများစုသောလူတို့သည် သူတို့ကိုယ်တိုင်ကမကောင်းမှုပြုလုပ်နေနိုင်သော်လည်း အခြားသူများ မကောင်းမှုပြုလုပ်ခြင်းကိုမူ မနှစ်ခြိုက်တတ်ကြပါ။ အခြားသူများကိုမူ မကောင်းမှု မပြုလုပ်စေချင်ကြပါ။ အခြားသောအရာများသည်လည်း ထို့အတူတူပင်ဖြစ်ပါသည်။ မာနဆို သောအရာအားလည်း လူတိုင်းက မနှစ်ခြိုက်တတ်ပါ။ သို့သော် မိမိတွင် မိမိမနှစ်ခြိုက်သော မာနရှိမှန်း ထိုမာနအား ချိုးနှိမ်ပစ်ရန်လိုအပ်မှန်း စဉ်းစားမိခြင်းကား မရှိကြပါ။ ထို့ကြောင့်လည်း လုပ်ငန်းအဆက်အသွယ် ကြိးကြီးမားမားရရှိနိုင်သည့်အခွင့်အလမ်းတို့သည်လည်း ကိုယ်၏ ယဉ်ကျေးမှု၊ နှုတ်၏ယဉ်ကျေးမှု မရှိသော တလွဲမာနပိုင်ရှင်တို့သည် လက်လွတ်ခဲ့ရတတ်ပါသည်။ တလွဲမာနအား အပြီးတိုင် ချိုးနှိမ်ပြီး လွတ်လပ်စွာ ပြုံးရယ်ပြလိုက်ပါ။
မပြုံးတတ်သူ ဈေးမရောင်းရ ဟုဆိုကြပါသည်။ ဈေးရောင်းသူသည် ပြုံးရွှင်သောမျက်နှာထားရှိရမည်ဖြစ်ပါသည်။ ဈေးသည်တစ်ယောက်သည် ဈေးဝယ်အား ပစ္စည်းပြသပြီး ဈေးဝယ်သူက ဈေးကြီးသည်ဟု ပြောသောအခါ ဈေးသည်အများစုတို့သည် ကိုယ် နှုတ်အမူအရာ ချက်ချင်းပြောင်းလဲသွားတတ်ကြောင်း မြင်တွေ့ရပါသည်။ ဈေးသည်က ဈေးဝယ်သူအား သေချာနားလည်အောင်ရှင်းပြရမည့်အစား ကိုယ်ခန္ဓာ မကောင်းသော အမူအရာဖြင့် ပါးစပ်မဲ့ရွဲကာပြလျက် နှုတ်ကလည်း ဈေးကြိး မ၀ယ်နဲ့ပေါ့ ဟု ပြောဆိုတတ်ကြပေသည်။ ထိုကဲ့သို့ အမူအရာ၊ နှုတ်စကားတို့ဖြင့် မိမိအား ပြောကြားလာခဲ့ပါလျှင် မည်သို့ တုံ့ပြန်ပြောဆိုပြုလုပ်မည်လဲ ဆိုသည်ကိုမူ ဈေးသည်သည် ဈေးဝယ်အား စာနာခြင်းမရှိပါ။ တနည်းအားဖြင့်ဆိုသော် ဈေးသည်တို့သည် မိမိ ကိုယ်တိုင် ဈေးဝယ်ရသောအခါတွင် ထိုကဲ့သို့ဆက်ဆံလျှင် မကြိုက်နှစ်သက်ကြသည်မှာ သေချာပါသည်။ ထိုကဲ့သို့သောအရာကို မည်သို့ခေါ်ဆိုနိုင်ပါမည်နည်း။ အခြားသူတစ်ယောက်၏ နေရာတွင် ၀င်ရောက်ခံစားမှုမရှိခြင်းပင်ဖြစ်ပါသည်။ ကိုယ့်ဘက်က အမြဲမှန်နေတတ်ပြီး အခြားသောသူတို့င အမြဲမှားနေခြင်းသည်ဟု တစ်ဖက်သတ်အယူအဆပင် ဖြစ်ပါသည်။ ကိုယ်ချင်းစာတရားမရှိခြင်း ဟုခေါ်ဆိုနိုင်မည် ထင်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် လက်ဆုပ်လက်ကိုင်ပြရန်မဖြစ်နိုင်သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ အများအပြား တည်ရှိနေပါသည်။ လက်ဆုပ်လက်ကိုင်ပြမှ ယုံကြည်မည်ဆိုသောသူများနှင့်တော့ အံဝင်ခွင်ကျတော့မဖြစ်နိုင် ပါ။ မေတ္တာတရားအား လက်ဆုပ်လက်ကိုင်ပြရန်မလွယ်ကူပါ။ ထို့အတူ ကိုယ်ချင်းစာတရားအား လက်ဖြင့်ဆုပ်ကိုင်ပြသနိုင်မည်မဟုတ်ပါ။ သို့သော် လက်ဆုပ်လက်ကိုင် ပြနိုင်သောအရာများထဲတွင် ပြုံးရယ်ခြင်းသည်လည်း တစ်ခုပါဝင်နေပါသည်။ ပြုံးရယ်ခြင်းဖြင့် အခြားသူများအား နှုတ်ဆက်ပါက တစ်ဖက်က လည်း ပြုံးရယ်ခြင်းဖြင့် ပြန်လည် နှုတ်ဆက်မည်ဖြစ်ပါသည်။ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ အကြိမ်ကြိမ် ပြုံးပြပါက တစ်ဖက်မှလည်း အပြုံးဖြင့် တုံ့ပြန်လာသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်အမူအရာ ယဉ်ကျေးမှုတွင် အလွယ်ကူဆုံး ကျန်းမာရေးအတွက်အကျိုးကျေးဇူးကြီးမားသော အောင်မြင် ကြီးပွား တိုးတက် လိုသူတိုင်းဆောင်ထားသင့်သော ပြုံးရယ်ခြင်း အား လွတ်လွတ်လပ်လပ် စိတ်ပါလက်ပါ ပြုံးပြနိုင်ကြပါစေဟု ရေးသားရင်း ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
24-Aug-2018 သောကြာနေ့(Friday)