ကြီးပွား တိုးတက် အောင်မြင် (၃)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


အပြစ်တင်ခြင်း ငြင်းခုန်ခြင်း


မိမိကိုယ် မိမိ အပြစ်တင်ခံရတာ အပြစ်ပြောခံရခြင်းကို ကြိုက်နှစ်သက်သလား? ဆိုသည့်မေးခွန်းကို မလိမ်တမ်း မညာတမ်း မေးမြန်းကြည့်စေချင်ပါသည်။ မိမိအား အခြားသူတစ်ဦးတစ်ယောက်မှ အပြစ်ထိုင်ပြော နေခြင်းကို မိမိတို့၏ မိဘပင်ဖြစ်သော်လည်း သည်းခံနိုင်ကြလိမ့်မည်မဟုတ်ပါ။ ထို့အတူ အခြားသူများသည် လည်း သူတို့အား အပြစ်တင်ခြင်းကို နှစ်ခြိုက်လိမ့်မည်မဟုတ်ပါ။ ထောက်ပြဝေဖန်ခြင်းသည် မှားယွင်းမှု လွဲချော်မှုတို့အား ကောင်းစေလိုသောစေတနာ ပါပေသည်။ အပြစ်တင်ခြင်းကမူ မည်သူတစ်ဦးတစ်ယောက်၏ ကောင်းကျိုးမှ မပါရှိပါ။ အပြစ်တင်ခြင်းဖြင့် မည်သူမျှ အကျိုးမရှိသည့်အပြင် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည့်အပြင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမုန်းပွားခြင်းသာ ဖြစ်စေနိုင်ပါသည်။ အပြစ်တင်ခြင်းသည် အရွဲ့တိုက်လိုစေတတ်သော၊ စိတ်ဓာတ်ကျစေသော လုပ်ဆောင်ချက်သာဖြစ်ပါသည်။ မိမိအား အပြစ်တင်ခံရခြင်းကို ကြိုက်နှစ်သက်သောသူ လောကတွင် မည်သူမျှ မရှိနိုင်ပါ။ အချို့သောသူတို့သည် ဝေဖန်ထောက်ပြခြင်း နှင့် အပြစ်တင်ဝေဖန်ခြင်းတို့အား မကွဲပြားပဲ ရမ်းသန်းပြောဆို တတ်ကြပါသည်။ ထောက်ပြ ဝေဖန်သည့်နောက်တွင် အကြံပြုချက်များလည်း ပါသင့်ပါသည်။ အပြစ်တင်ဝေဖန်ခြင်းတွင်မူ အပြစ်ရှာခြင်းက ရှေ့မှသွားနေခြင်းဖြစ်ရာ မည်သို့ပင်ကောင်းမွန်အောင် ပြုလုပ်စေကာမူ အပြစ်တင်ဆဲသာဖြစ်နိုင်ပါသည်။ ထောက်ပြဝေဖန်ခြင်း နှင့် အပြစ်တင်ခြင်းကိုမူ ကွဲပြားရမည်ဖြစ်ပါသည်။ ကောင်းစေလိုသော စိတ်စေတနာ ကောင်းမွန်စေလိုသောဆန္ဒတို့ဖြင့် ထောက်ပြဝေဖန်ခြင်းသည် ကြီးပွား အောင်မြင် တိုးတက်ရေးတို့အတွက် လိုအပ်သော်လည်း အပြစ်တင် ဝေဖန်ခြင်းကိုမူကား ဝေါင်ဝေါင်ရှေးပြီး ဝေးဝေးရှောင်ကြရမည်ဖြစ်ပါသည်။


02.png


ကြီးပွား တိုးတက် အောင်မြင်လိုသူတို့သည် သူတစ်ပါးတို့အား စိတ်ဓာတ်ကျစေနိုင်သော အပြစ်တင်ခြင် နှင့် ငြင်းခုံခြင်းအား ရှောင်ရှားနိုင်ပါက ထိုက်တန်သော အကျိုးတရားများ ခံစားရမည်မှာ သေချာပါသည်။ ထိုအကျင့် နှစ်ခုရှိနေပါက ချက်ခြင်းပြုပြင်စေလိုက်ပါ။ အပြစ်တင်ခြင်းသည် လူတို့အား စစ်ကြေငြာခြင်း ဖြစ်သကဲ့သို့ဖြစ်သောကြောင့် အပြစ်တင်ခံရသောသူသည် သူကိုယ်သူ အပြစ်မရှိကြောင်း ကာကွယ်ရန် ကြိုးစား မည်သာဖြစ်ပါသည်။ မှန်ကန်ခြင်း မကန်ခြင်းသည် ထိုအချိန်တွင် မစဉ်းစားနိုင်ကြတော့ပါ။ မိမိအား အပြစ်တင်ခံရခြင်းမှ လွတ်ကင်းစေရန်အတွက်သာ ကြိုးစားမည်သာဖြစ်ပါသည်။ မိမိ၏ အပြစ်မဟုတ်ပဲ အခြားသောတစ်စုံတစ်ယောက်အား လွှဲချကာ အပြစ်တင်ခံရခြင်းမှ လွတ်ရန်ကြိုးစားမည်မှာ သေချာပါသည်။ အမှန်တကယ်အပြစ်ကျူးလွန်ထားသည့်တိုင် အပြစ်ရှိကြောင်းဝန်ခံကြလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့်လည်း တရားရုံးများ ဖြစ်ပေါ်လာရခြင်းဖြစ်မည်ထင်ပါသည်။ အင်မတန်နည်းပါးသော လူနည်းစုလောက်သာ မိမိတို့၏ အပြစ်ကို လျင်လျင်မြန်မြန်ဝန်ခံတတ်ကြပါသည်။ ထိုသူများအားလေ့လာကြည့်ပါကလည်း တနည်းနည်းဖြင့် အောင်မြင်နေသူများသာ အများစုဖြစ်ပါသည်။ အပြစ်တင်ခြင်းသည် မိဘ နှင့် သားသမီး၊ ဆရာ နှင့် တပည့်၊ ငယ်ပေါင်းကြီးဖော် မိတ်ဆွေအပေါင်းအသင်းတို့ကိုပင် ဆက်ဆံရေးပျက်ယွင်းစေနိုင်၊ အမုန်းတရားပွားစေနိုင်ပါ သည်။ အပြစ်တင်တတ်သော အထက်အရာရှိ၏လက်အောက်တွင် မည်သည့်ဝန်ထမ်းမျှ အလုပ်မလုပ်ချင်ကြပါ။ အပြစ်တင်လွန်းသော ဆရာ၏ စာသင်ချိန်တွင် မည်သည့်ကျောင်းသားမျှ စိတ်ဝင်စားလိမ့်မည်မဟုတ်ပါ။ အပြစ်တင်လွန်းသော မိဘတို့နှင့်အတူ ထမင်းလက်ဆုံစားရန် သားသမီးတို့သည် ငြင်းပယ်ကုန်ကြပါလိမ့်မည်။ ထိုမျှ အရင်းနှီးဆုံးသူများကိုပင် တစိမ်းဆန်ဆန်ဖြစ်သွားစေနိုင်သော၊ အလွန်အဖျက်စွမ်းအားကြီးမားလှသော အပြစ်တင်ခြင်း ကို တစ်သက်တာပတ်လုံး ရှောင်ရှားသင့်ပါသည်။ ကြီးပွား တိုးတက် အောင်မြင်လိုသူတို့အဖို့ ပေါင်းသင်းဆက်ဆံရေးသည် အလွန်အရေးကြီးသည်ဖြစ်ရာ ထိုသို့ အခြေခံအကျဆုံးသော မိဘနှင့်သားသမီး ပေါင်းသင်းဆက်ဆံရေးအား ပျက်ယွင်းစေတတ်သော အမူအကျင့်အား ရှောင်ရှားသင့်ပါသည်။


03.png


အပြစ်တင်ခြင်း နှင့်အတူ အလွန်ဆိုးရွားလှသော လက်တွဲဖော်ဟု သတ်မှတ်နိုင်သော ငြင်းခုံခြင်းသည်လည်း အလွန်ပင်ဆိုးရွားသော အကျင့်ဆိုးတစ်ခုဖြစ်ပါသည်။ အပြစ်တင်ပြီးသည့်နောက်တွင် လိုက်ပါလာတတ်သည်မှာ ငြင်းခုံခြင်းပင်ဖြစ်ပါသည်။ ငြင်းခုံခြင်းသည်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အကျိုးမရှိစေသောအကျင့်တစ်ခု ဖြစ်ပါသည်။ စကားငြင်းခုံခြင်းအား သူငယ်ချင်း အပေါင်းအသင်းများနှင့် အပျော်သက်သက်ဆိုလျှင် ပြဿနာ မရှိသော်လည်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အစည်းအဝေးပွဲများတွင် ငြင်းခုံနေခြင်းသည် အချိန်ဖြုန်းသည့် အပြင် အကျိုးမရ၊ အမှတ်အတေး အမုန်းတရားတို့ဖြင့်သာ အဆုံးသတ်တတ်ကြပါသည်။ ထို့ကြောင့် ကြီးပွား တိုးတက် အောင်မြင်လိုသူတို့သည် ငြင်းခုံခြင်းကို ရှောင်ရှားကြရမည် ဖြစ်ပါသည်။ ငြင်းခုံခြင်းဖြင့် မိမိတို့သည် အနိုင်ရကောင်းရနိုင်ပေသည်။ ထိုသို့ငြင်းခုံခြင်းဖြင့် အနိုင်ရသွားသော်လည်း မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်း၊ ဖောက်သည်ကောင်း တစ်ယောက်ကတော့ ဆုံးရှုံးသွားမည်ဖြစ်ပါသည်။ မိတ်ဆွေများထဲတွင် ပစ္စည်းတစ်မျိုးအား တံဆိပ်တစ်ခုဖြင့် ရောင်းချနေသူများပါရှိနေကြမည်ထင်ပါသည်။ ပစ္စည်းဝယ်ယူမည့် ဈေးဝယ်တစ်ယောက်က မိတ်ဆွေတို့ရောင်းသော တံဆိပ်သည် မကောင်းဟု ပြောဆိုလာမည်ဆိုပါစို့။ မိတ်ဆွေတို့အနေဖြင့် ချက်ချင်းဒေါသထွက်ကာ ပြန်လည်ခုခံငြင်းခုံပေလိမ့်မည်။ ထိုသို့ ငြင်းခုံခြင်းဖြင့် ထိုဈေးဝယ်အား ထွက်ခွာသွားစေပါလိမ့်မည်။ ငြင်းခုံလိုက်ခြင်းတွင် မိတ်ဆွေတို့အနိုင်ရကောင်း ရလိုက်ပေလိမ့်မည်။ သို့သော် ဈေးဝယ်တစ်ယောက် တစ်သက်လုံးဆုံးရှုံးသွားပါလိမ့်မည်။ မိတ်ဆွေတို့အနေဖြင့် ရောင်းချနေသောတံဆိပ်အား မကောင်းဟု ပြောသော ဈေးဝယ်၏ မကောင်းဟုပြောသောအချက်တို့အား ဟုတ်ပါသည် မှန်ပါသည်ဟု ၀န်ခံလိုက်လျင် ထိုဈေးဝယ်အနေဖြင့် နောက်ထပ်ပြောစရာ စကား ကုန်ဆုံးသွား မည်ဖြစ်ပါသည်။ ထိုသို့ကုန်ဆုံးသွားလျင် မိတ်ဆွေတို့၏ ကုန်ပစ္စည်းအတွက် ကောင်းမွန်သောအချက်တို့အား ပြောပြဆွေးနွေးကာ ဈေးဝယ်သူအား ဆွဲဆောင်နိုင်သည့်အပြင် မကောင်းပြောသူ ဈေးဝယ်သည်လည်း သူပြောလိုရာပြောပြီးသည့်အတွက် နားထောင်ကာ ကျေနပ်နေမည်ဖြစ်ပါသည်။ ဈေးဝယ်သူသည် မိတ်ဆွေအား လေးစားမှု ရှိလာပါလိမ့်မည်။ ထိုအခါမိတ်ဆွေတို့၏ ကုန်ပစ္စည်းသည်လည်း ရောင်းချကောင်းရောင်းချနိုင်မည်ဖြစ်သကဲ့သို့ ထိုဈေးဝယ်သည်လည်း တစ်သက်တာ ဖောက်သည်ကောင်းတစ်ယောက် ဖြစ်သွားနိုင်ပါသည်။ မည်သူ့အတွက်မျှ အကျိုးမရှိသော ငြင်းခုံခြင်းကို တစ်သက်တာ ရှောင်ကြဉ်ပါ။ ငြင်းခုံခြင်းဖြင့် အနိုင်ယူမလား? မငြင်းခုံပဲနဲ့ လူတစ်ယောက်ရဲ့ လေးစားမှုကို ခံယူမလား?


04.png


ငြင်းခုံခြင်းသည်လည်း မိမိအနိုင်ရရန်ကို သို့မဟုတ် မိမိစကားမှန်သည်ဆိုခြင်းကို သက်သေပြရန်အတွက် လူတို့သည် မိမိကိုယ်ကို ကာကွယ်ရန် သို့မဟုတ် မှန်ကန်ခြင်းကိုသက်သေပြရန်အတွက် အပြင်းအထန်ငြင်းခုံ ကြပါလိမ့်မည်။ ထိုသို့ငြင်းခုံခြင်းတွင် မိမိအနိုင်ရရှိခဲ့သည်များလည်း ရှိမည်ဖြစ်သကဲ့သို့ မငြင်းနိုင်သဖြင့် ရှုံးခဲ့သည်များလည်း ရှိနိုင်ပေမည်။ မိမိက ရှုံးခဲ့သည်ကိုလည်း အငြိုးအတေးထားတတ်ကြပါသည်။ ထိုသို့ပင် မိမိနှင့်ငြင်းခုံသူကို အနိုင်ရခဲ့သောအခါတွင်လည်း ထိုသူက အငြိုးအတေးထားမည်သာဖြစ်ပါသည်။ ငြင်းခုံခြင်းကို သေချာစွာလေ့လာကြည့်ပါ။ ငြင်းခုံခြင်းစတင်ခြင်းကသည်ပင် ငါ မှန်တယ် မင်း မှားတယ် ငါ တော်တယ် မင်း ညံ့တယ် ဟု ဆိုလိုနေကြောင်း သိနိုင်ပါသည်။ မိမိအား မှားသည်ဟု ပြောခြင်း၊ ညံ့သည်ဟုပြောခြင်းကို အလွန်သဘောကျနှစ်ခြိုက်စွာ ပြုံးရယ်နေကြမည်မဟုတ်ပါ။ လက်ခုပ် လက်ဝါးတီးကာ အားရပါးရ သင့်အားတော်လှပါသည်။ မှန်လှပါသည်ဟု ချီးကျူးနေမည်မဟုတ်ပါ။ ထို့အတူ မည်သူမျှ ငြိမ်နေမည်မဟုတ်သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ငြင်းခုံခြင်းတွင် အနိုင်ရပါက တစ်ဖက်သားအား မင်း မှားတယ် မင်း ညံ့တယ် ဟု ပြောဆိုရာရောက်ကြောင်း သတိပြုကာ ငြင်းခုံခြင်းကို ရှောင်ရှားနိုင်ပါကြပါစေ။ ငြင်းခုံခြင်းသည် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဆုံးရှုံးမှုတစ်ခု ဖြစ်ပေါ်လာပါသည် ငြင်းခုံကြခြင်းဖြင့် မိမိက မှန်ကန်သည်ဟူသောအချက်ကို သေချာစွာ ပြနိုင်သည်ဆိုငြားအံ့။ ထိုငြင်းခုံခြင်းတွင် အနိုင်ရသွားပါ လိမ့်မည်။ သို့သော် ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော သူငယ်ချင်းအပေါင်းအသင်းတစ်ယောက် မိတ်ဆွေ ကောင်းတစ်ယောက်တော့ ဆုံးရှုံးသွားမည်ဖြစ်ပါသည်။ ငြင်းခုံခြင်းဖြင့် မိတ်ဆွေအပေါင်းအသင်း မတိုးနိုင်ပါ။ ငြင်းခုံခြင်းဖြင့် ဈေးရောင်းမကောင်းနိုင်ပါ။ ငြင်းခုံခြင်းဖြင့် နာမည်ကောင်းမရနိုင်ပါ။ ငြင်းခုံခြင်းတွင် မိမိအနိုင်ရသည်ဖြစ်စေ အနိုင်မရသည်ဖြစ်စေ မိတ်ဆွေ သူငယ်ချင်းများ ဆုံးရှုံးနိုင်သည်ကို အမြဲသတိရကြပါ။ ကြီးပွား တိုးတက် အောင်မြင်လိုသော ချစ်မိတ်ဆွေ အပေါင်းအနေဖြင့် ထိုကဲ့သို့ အဖျက်စွမ်းအား ကြီးမားလှသော ပေါင်းသင်းဆက်ဆံရေးအား ဆိုးရွားစွာ ပျက်ယွင်း စေတတ်သော အပြစ်တင်ခြင်း နှင့် ငြင်းခုံခြင်း အား ရှောင်ရှားနိုင်ကြပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

25-Aug-2018 စနေနေ့(Saturday)