ကြီးပွား တိုးတက် အောင်မြင် (၄)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ရိုးသားခြင်း ကတိတည်ခြင်း


ကြီးပွား တိုးတက် အောင်မြင်လိုသူတို့သည် ရိုးသားဖြောင့်မတ်ရန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရိုးသားဖြောင့်မတ်ခြင်းကို လူအများကြိုက်နှစ်သက်တတ်သောကြောင့်ဖြစ်ပါသည်။ ရိုးသားခြင်းဆိုသည်မှာ အဓိပ္ပါယ်များစွာ ရှိနိုင်ပါသည်။ ရိုးသားခြင်းတွင် ဖြောင့်မတ်မှန်ကန်ခြင်း၊ မတရားမှု မကောင်းမှု စသည့်တို့လည်း ပါဝင်နေမည်ထင်ပါသည်။ လူတို့သည် ကိုယ်တိုက်က ရိုးသားဖြောင့်မတ်မှန်ကန်သူတစ်ယောက် ဟုတ်ချင်မှဟုတ်ပေမည်။ သို့သော် မိမိတို့၏ သားသမီး၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုးအသိုင်းအ၀ိုင်းကိုမူ ရိုးသားရန်သူဖြစ်ရန် အတွက် အမြဲဆိုဆုံးမလေ့ရှိကြပါသည်။ အောင်မြင်လိုသူတို့သည် ရိုးသားခြင်းတစ်မျိုး တည်းဖြင့် မအောင်မြင် မကြီးပွား မတိုးတက်နိုင်ပါ။ ရိုးသားခြင်းနှင့်အတူ တွဲဖက် ကျင့်သုံးသင့်သည့် အရာများ ရှိနေပါသည်။ ထိုတွဲဖက်သောအရာတို့အား ကျင့်သုံးလိုက်နာမှ သာလျှင် တိုးတက်ကြီးပွားနိုင်မည်ဖြစ်ပါသည်။ ရိုးသားခြင်း သက်သက်ဖြင့်နေထိုင်ပါက လူ့လောကတွင် စားနိုင်သောက်နိုင်သည့် လူတန်းစားတွင် ပါဝင်ကောင်း ပါဝင်နိုင်ပါသည်။ ရိုးသားခြင်းသက်သက်ဖြင့် အိုမင်းရင့်ရော်သည့်တိုင်အောင် ဆင်းဆင်းရဲရဲ လုပ်ကိုင် နေထိုင် စားသောက်သွားကြရသူများ လောကတွင် အများအပြားရှိပါသည်။ ရိုးသားခြင်း သက်သက်သည် မကောင်းမွန်ဟုဆိုလိုခြင်းမဟုတ်ပါ။ ရိုးသားခြင်း၏ ဂုဏ်သည် ကြီးကျယ်မြင့်မြတ်ပါသည်။ သို့သော် ကြီးပွား တိုးတက် အောင်မြင်လိုသောသူတို့အတွက်မူ ရိုးသားခြင်း တစ်ခုတည်းဖြင့်တော့ မရနိုင်ပါ။ ရိုးသားခြင်းဟု ဆိုရာတွင် ရိုးသားခြင်းနှင့် ဖြောင့်မတ်မှန်ကန်ခြင်းသည်လည်း ဒွန်တွဲရှိနေရမည်ဖြစ်ပါသည်။ ဖြောင့်မတ်မှန်ကန်မှုမရှိလျင် ရိုးသားသည်ဟု မည်သို့ဆိုနိုင်မည်နည်း။ ရိုးသားခြင်းဆိုရာတွင်လည်း ပုံစံအမျိုးမျိုး တည်ရှိနေနိုင်ပါသည်။ ရိုးသားခြင်းသည် အကျင့်စာရိတ္တများတွင် မရှိမဖြစ်လိုအပ်သောအရာတစ်ခုသာဖြစ်ပါ သည်။ ကြီးပွား အောင်မြင် တိုးတက် လိုသူတို့အတွက်လည်း ရိုးသားခြင်းသည်မရှိမဖြစ်လိုအပ်ပါသည်။ ရိုးသားရမည်ဖြစ်သော်လည်း အူတူတူ အတတ နေထိုင်ရမည်မဟုတ်ပါ။ ရိုးသားပါ သို့သော် မအပါနှင့်။


02.png


ရိုးသား ဖြောင့်မတ်ခြင်းသည် မည်သည့်ခေတ်ကာလတွင်မဆို အစဉ်အမြဲ ခေတ်မီနေသည့် ကိုယ်ကျင့်တရား တစ်ခုဖြစ်ပါသည်။ ရိုးသားခြင်းဆိုသည်မှာ အူတူတူနိုင်ခြင်း၊ အ ခြင်းမဟုတ်ပါ။ ရိုးသားခြင်းဆိုသည်မှာ အလွယ်ဆုံးအားဖြင့်ဆိုရသော် မိမိနှင့်မသက်ဆိုင်သောအရာတို့အား ရယူပိုင်ဆိုင်လိုစိတ်မရှိခြင်း၊ မတရားရယူ လိုမှုမရှိခြင်း တို့ပင်ဖြစ်ပါမည်။ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းဆိုသည်မှာ လူတို့၏ အဓိကအခန်း ကဏ္ဍမှ ပါဝင်နေသော အကျင့်စာရိတ္တပင်ဖြစ်ပါသည်။ ကြီးပွား တိုးတက် အောင်မြင်ခြင်းတွင်လည်း ကောင်းခြင်း၊ မကောင်းခြင်းတော့ ရှိနေမည်သာဖြစ်ပါသည်။ ကောင်းသောနည်းလမ်းဖြင့်အောင်မြင်ခြင်းကိုသာ အလိုရှိကြမည် ဖြစ်ပါသည်။ သို့သော်လည်း မကောင်းမှုဖြင့် အသက်မွေးသူများတွင် အောင်မြင်သူအများ အပြားရှိနေနိုင်ပါသည်။ ခေတ်အဆက်ဆက်တွင် ထိုသို့ မကောင်းမှုဖြင့်အောင်မြင်ကျော်ကြားခဲ့သူများ ရှိနေဆဲ ပင်ဖြစ်ပါသည်။ နောင်လည်း ဆက်လက်ရှိနေဦးမည်ဟုထင်ပါသည်။ ယခုခေတ်ကာလတွင် ရိုးသားသူအား အပြစ်တင် အပြစ်ဖို့ လက်ညှိုးထိုး ကဲ့ရဲ့ခံရသောခေတ်ဖြစ်နေလေသည်လားမသိ။ ရိုးသားသူတို့သည် ရိုးသားတတ်ခြင်းကြောင့် တခါတရံတွင် ဒုက္ခရောက်တတ်ပါသေးသည်။ ထိုသို့မဖြစ်စေရန်အတွက်လည်း လိမ္မာ ပါးနပ်မှုရှိရမည်ဖြစ်ပါသည်။ ရိုးသားသူများအား လူလည် လူလိမ် တို့သည် အသုံးချကာ အကျိုးစီးပွား ရယူတတ် ကြပေသည်။ ထိုအခါ ရိုးသားသောသူများသည် လူလည် လူလိမ်များ၏ အသုံးချခြင်းကို မသိရှိခဲ့ပါက ဒုက္ခတွေ့ ရတတ်သည့်အပြင် နာမည်ဆိုး နာမည်ပျက်များပင် လက်ဆောင်အဖြစ် ရရှိသွားတတ်ပါသည်။ ရိုးသားသော သူတို့သည် လိမ္မာပါးနပ်မှုရှိရန်လည်း လိုအပ်ပါသည်။ ဒုက္ခတို့အား ခံနိုင်ရန်အတွက် သတ္တိလည်းလိုအပ်ပါသည်။ ရိုးသားသော်လည်း ကြောက်ရွံ့တတ်သူတို့သည် ကြီးပွား အောင်မြင် တိုးတက်ရန်မလွယ်ကူပါချေ။ လူဆိုး၊ လူညစ်၊ လူလိမ်၊ လူကောက်များသည်ပင် သူတို့ကိုယ်တိုင် လိုက်နာကျင့်သုံးခြင်းမရှိသော်လည်း ရိုးသားဖြောင့်မတ်သူများနှင့်သာ ဆက်ဆံလိုကြသည်။ ပညာရှိများ၊ သူတော်ကောင်းများ ကလည်း ရိုးသား ဖြောင့်မတ်သူများအား ချီးမွမ်းကြပေသည်။ ထိုသို့ဆိုလျှင် ရိုးသားဖြောင့်မတ်ခြင်းသည် လူတိုင်းကြိုက်နှစ်သက် သည် လူတိုင်းချီးမွမ်းသည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။ လူတိုင်း ချီးမွမ်းသော်လည်း လူတိုင်းလိုက်နာကျင့်သုံး ခြင်းမရှိသောအရာများတွင် ရိုးသားဖြောင့်မတ်ခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပေမည်။


03.png


ရိုးသားခြင်းနှင့်အတူ ဆက်လက်တွဲခေါ်ထားသင့်သည့် အရာတစ်ခုသည်ကား ကတိသစ္စာ တည်ကြည်ခြင်းပင်ဖြစ်ပါသည်။ ကတိသစ္စာတည်သောသူကို လူအများက လေးစားကြသည်ကို အထူးအထွေ ပြောရန်မရှိပါ။ ကတိဆိုသည်မှာ လုပ်ကိုင်ဆောင်ရွက်မည်၊ လိုက်နာပါမည်ဟု ဆိုလိုခြင်း ဖြစ်ပေမည်။ တနည်းအားဖြင့်ဆိုသော် သဘောတူညီထားသည့် သဘောတူညီချက် ဖြစ်ပါမည်။ သစ္စာဆိုသည်မှာ မှန်ကန်ခြင်းကို ရည်ညွှန်းသည်ဖြစ်ပါသည်။ မှန်တာကို ပြောရင် သစ္စာဟုပင် လူတိုင်း ပါးစပ်ဖျားက ပြောဆိုတတ် ကြပါသည်။ မကောင်းမှုကို ပြုလုပ်ခဲ့ကြောင်း မလိမ်မညာ ပြောဆိုခြင်းသည် သစ္စာစကားပင်ဖြစ်ပါသည်။ မိမိမလုပ်သောအရာ၊ မိမိတွင်မရှိသောအရာတို့အား ပြောဆိုခြင်းသည် သစ္စာမဟုတ်ပါ။ “စကားသစ္စာ မှန်သောခါဝယ်၊ သြဇာလေးနက် ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဟုပင် အင်းဝခေတ် စာဆိုအကျော် ရှင်မဟာသီလ၀ံသ က စပ်ဆိုထားခဲ့ကြပါသည်။ ကတိမတည်သောသူ သစ္စာမရှိသောသူတို့အား လူအများသည် မကြိုက်နှစ်သက်ကြပါ။ လူအချင်းချင်းပြောဆိုဆက်ဆံကြရာတွင် ကတိသည် အဓိကကြလှပါသည်။ ထိုသို့ အဓိကကျလှသော ကတိမတည် သစ္စာမရှိကြသဖြင့် စီးပွားရေးလုပ်ငန်း တွဲမလုပ်လိုသူများ၊ ပညာအတူသင်ကြားလိုခြင်းမရှိသူများ လောကတွင် အများအပြားရှိကြပါသည်။ အောင်မြင်လိုသူတို့အတွက် လူအများနှင့် သင့်တင့်သော ပေါင်းသင်းဆက်ဆံရေး ရှိကြရမည်ဖြစ်ပါသည်။ အများနှင့် ပေါင်းသင်းဆက်ဆံရမည့်သူသည် ကတိသစ္စာမရှိလျှင်လူအများ၏ ယုံကြည်ကိုးစားခြင်းကို ရရှိနိုင်တော့မည်မဟုတ်ပါ။ လူအများ၏ ယုံကြည်မှုပျက်ယွင်းခဲ့သည်ရှိသော် အောင်မြင်ရန် မလွယ်ကူနိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် အောင်မြင်ခြင်းဆိုသည်မှာလည်း လူအများဆီမှ လက်ခံယုံကြည်ခြင်းမှ ရရှိလာသော အကျိုးရလာဒ်ဖြစ်သောကြောင့်ဖြစ်ပါသည်။ လူအများ၏ အသိအမှတ်ပြု သောလက်မှတ်တစ်ခုပင်ဖြစ်ပါသည်။ ကတိကို လွယ်လွယ်ပေး လွယ်လွယ်ဖျက်တတ်သော လူတစ်ယောက် အဖြစ် မရပ်တည်မိပါစေနှင့်။


04.png


အမြဲတမ်း ကတိမတည်တတ်သောသူတို့အား ရေရှည်တွင် မပေါင်းဖော်လိုကြပါ။ ပေးထားသော ကတိတို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖုံးကွယ်တတ်သူတို့သည် ကြီးပွား တိုးတက် အောင်မြင်ရန် မလွယ်ကူပါ။ အချို့သော ငွေကြေးအရ အောင်မြင်နေသူတို့သည် သူတို့ အချိန်အား အလွန်တန်ဖိုးထားတတ်သော်လည်း အခြားသူများ၏ အချိန်အား အသုံးမကျသကဲ့သို့ထင်မှတ်နေတတ်ပါသည်။ ချိန်းဆိုထားခြင်း၊ ကတိထားခြင်းတို့အား အလွယ်တကူ ဖျက်ပစ်တတ်ကြသည်ကိုလည်း တွေ့ကြုံဖူးပါသည်။ အလွန်ဆိုးရွားလှသော အကျင့်ဖြစ်သည်ဟုလည်း ထင်မှတ်မိပါသည်။ မတည်နိုင်သောအရာ၊ မလုပ်နိုင်သော ကိစ္စတို့အား ကတိထားခြင်းမပြုရန်သင့်ပါသည်။ အချိန်နာရီတို့သည် လူသားအားလုံးအတွက် အတူတူပင်ဖြစ်ရာ သူတို့အချိန်သည်သာ တန်ဖိုးရှိနေသည်ဟုမှတ်ထင်ကာ အခြားသူများအား စောင့်ဆိုင်းခြင်းဖြင့် အချိန်ကုန်လွန် စေကာ ဖြုန်းတီးပစ်လိုက်ခြင်းသည် အလွန်မတရားသော ကိစ္စတစ်ရပ်အဖြစ်လည်း ထင်မြင်မိပါသည်။ လာနိုင်သောအချိန်ကို ချိန်းဆိုသင့်ပါသည်။ ကတိတစ်ခုအား လွယ်လွယ်မပြုသင့်ပါ။ ကတိပေးခဲ့ပြီးပါကလည်း ကတိတည်အောင် ကြိုးစားဆောင်ရွက်သင့်ပါသည်။ ပေးထားသော ကတိအား အကြိမ်ကြိမ်ဖျက်ဆီးနေခြင်း သည် မိမိတို့၏ အောင်မြင်မှုအား ရိုက်ချိုးပစ်နေသကဲ့သို့လည်း ထင်မှတ်မိပါသည်။ မတည်နိုင်သောကတိအား မပေးမိစေရန် သတိပြုသင့်ပါသည်။ တခါတရံ ကတိပျက်ခြင်းအား လူအများစုက နားလည်ပေးနိုင်သော်လည်း အမြဲတမ်းကတိပျက်ခြင်းကို မည်သူမျှ နားလည်ပေးနိုင်လိမ့်မည်မဟုတ်ပါ။ ကြီးပွား အောင်မြင် တိုးတက်လိုသူ တို့သည် မတည်နိုင်သော ကတိများကို အထပ်ထပ်ပေးသော အကျင့်ကို ရှောင်ရှားရန်လိုမည်ဖြစ်ပါသည်။ ပါးစပ်မှ အလွယ်တကူ ထွက်သောစကားသည် အကျိုးမဲ့မဖြစ်စေသင့်ပါ။ ပေးနိုင်သော ကတိတို့အား ပေးပြီး ထိုကတိကိုလည်း တည်အောင် ကြိုးစားကြရမည်ဖြစ်ပါသည်။ ကတိ တည်ခြင်း ကတိမတည်ခြင်းဖြင့် မိမိတို့၏ တန်ဖိုးကို ဆုံးဖြတ်ခံကြရလိမ့်မည်။ ရေးလျှင် ရေးရန်စာများစွာ ကျန်နေဦးမည်ဖြစ်ပါသည်။ စာမျက်နှာအား ငဲ့ကွက်ခြင့်ဖြင့် ဆက်မရေးတော့ပါဘူး။ အချုပ်ရေးသားရသော် ကြီးပွား တိုးတက် အောင်မြင်လို သူတို့သည် ရိုးသားဖြောင့်မတ်မှန်ကန်ပြီး ကတိသစ္စာ မြဲနိုင်သူများဖြစ်ပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

27-Aug-2018 တနင်္လာနေ့(Monday)