ကြီးပွား တိုးတက် အောင်မြင် (၅)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ခေတ်မီခြင်း ဗဟုသုတများခြင်း
ကြီးပွား တိုးတက် အောင်မြင်လိုသူတို့သည် လိုအပ်ချက်များမှာ အလွန်များပြားလှမည်ဖြစ်ပါသည်။ ယခုကျွန်တော်ရေးသားခြင်းများသည် ပြည့်စုံသည်ဟု မဆိုနိုင်ပါ။ လိုအပ်သော အချက်အလက်အချို့အား ဖြည့်ဆည်းနိုင်ရန်အတွက်ရေးသားခြင်းသာဖြစ်ပါသည်။ ထိုအချက်အလက်များအား အခြေခံကာ ဆက်လက် လေ့လာပြီး ကြီးပွား တိုးတက် အောင်မြင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြစေရန် ကြိုးစားကြရမည်ဖြစ်ပါသည်။ လုပ်ပါဟု မတိုက်တွန်းလိုသော်လည်း လုပ်လျှင် အကျိုးမယုတ်လျော့သော အကျင့်စရိုက်များ ရရှိနိုင်မည်ဟု လည်းမျှော်လင့်မိပါသည်။ ကိုယ်တိုင်က အားလုံးကို ကျင့်သုံးလိုက်နာဆောင်ရွက်ခြင်းမပြုနိုင်သော်လည်း လိုက်နာကျင့်သုံးနိုင်သူတို့အတွက် အကျိုးဖြစ်ထွန်းစေမည်ဟုလည်း ယုံကြည်ပါသည်။ ထို့ကြောင့် ရေးလက်စ ကြီးပွား တိုးတက် အောင်မြင်ခြင်းအတွက် လိုအပ်ချက်ဖြစ်သော ခေတ်မီခြင်း နှင့် ဗဟုသုတရှိခြင်းတို့အား ဆက်လက်ရေးသားလိုက်ပါသည်။ အောင်မြင်ရေးလမ်းစဉ်လိုက်နေသူများမဟုတ်သော်လည်း ခေတ်မီရန်နှင့် ဗဟုသုတရှိရန်လိုအပ်မည်ဖြစ်ပါသည်။ ယနေ့ခေတ်ကာလသည် အသိမြန် အတတ်မြန်သော ခေတ်ဖြစ်ရာ သိစရာမှန်သမျှကို သိနိုင်ရန်မလွယ်ကူသလို တတ်စရာများလည်း ပေါများလှသည်ဖြစ်ရာ တတ်စရာအကုန်ကို မတတ်သော်လည်း ထိုက်သင့်သော အတတ်ပညာရှိထားသင့်ပါသည်။ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တက်လှမ်းနေကြသူများအတွက် ခေတ်မီစေရန်၊ ဗဟုသတများစွာရှိနေစေရန်သည် အမှန်တကယ် အရေးပါလှ ပါသည်။ ခေတ်မီခြင်းဆိုသည်မှာ ခေတ်ကို လွန်ဆန်ပြီး အလွန်အကျွံပြုလုပ်နေခြင်းကိုမဆိုလိုပါ။ ခေတ်နှင့် လျော်ညီစွာ နားလည်ထားနိုင်မှု၊ ခေတ်နှင့်လျောညီစွာ နေထိုင်လုပ်ကိုင်တတ်မှုများကိုသာ ဆိုလိုခြင်းဖြစ်ပါ သည်။ ခေတ်ဆန်လွန်းလျင် လူအများ အမြင်ကတ်နိုင်ပါသည်။ ခေတ်မီသည်ဟုဆိုကာ အသက်အရွယ်ကို မငဲ့ကွပ်ပဲ မတော်တရော်အ၀တ်တန်ဆာများ ၀တ်ဆင်ခြင်းသည် လူအမြင်ကတ်သည့်အပြင် ကဲ့ရဲ့ဖွယ်သာ ဖြစ် နိုင်ပါသည်။ ခေတ်မီရန်အတွက် နေ့စဉ် သတင်း၊ နေ့စဉ်တိုးတက်နေသော ခေတ်၏ အခြေအနေတို့အား သိနား လည်ထားပြီး ခေတ်နှင့်လျော်ညီစွာ ပြုမူ ပြောဆို နေထိုင်တတ်ခြင်းသာ အဓိကကျမည်ဖြစ်ပါသည်။ လူငယ်တို့အား ကြည့်ကာ မျက်စိစပါးမွှေးစူးနေကြခြင်းသည် ခေတ်ကို လျစ်လျူရှုကာ ခေတ်မမီခြင်းပင် ဖြစ်နိုင်ပါသည်။ ကြီးပွား တိုးတက် အောင်မြင်လိုသူတို့သည် ခေတ်ကို လျစ်လျူရှုထားရန် မဖြစ်နိုင်ပါချေ။ နေ့စဉ် လစဉ် နှစ်စဉ် ခေတ်ကာလသည် အမြဲပြောင်းလဲနေသည်ဖြစ်ရာ ပြောင်းလဲမှုကို အသိအမှတ်မပြု ကိုယ်ထင်ရာ ကိုယ်လုပ်နေခြင်းသည် အောင်မြင်လိုသူတို့အတွက် ဆန့်ကျင်ဖက်လမ်းသာဖြစ်ပါသည်။ ခေတ်မီစေရန် အတွက် ဘာတွေဖြစ်နေသလဲ? ဆိုတာကို သိအောင်လုပ်ပြီး အသိအမှတ်ပြုနိုင်ရန် အမြဲကြိုးပမ်းပါ
ခေတ်ရေစီးကြောင်း ပြောင်းလဲနေခြင်း၏ အရှိန်အဟုန်သည် ပိုမိုပြင်းထန်စွာ စီးဆင်းပြောင်းလဲနေပေသည်။ ထိုသို့ပြင်းထန်စွာစီးဆင်းပြောင်းလဲနေသော ခေတ်ကာလတို့အား ကန့်လန့်ခံတားဆီးရန် မဖြစ်နိုင်ပါချေ။ ကြီးမားစွာ စီးဆင်းနေသော ရေစီးကြောင်းအား ကန့်လန့်ခံရန်ကြိုးပမ်းခြင်းသည် ရေစီးကြောင်း၏ အရှိန်ဖြင့် ချိုးဖောက်ဖျက်ဆီးပစ်ခြင်းကို ခံရမည်ဖြစ်ပါသည်။ ကန့်လန့်မခံပဲ မိမိတို့နိုင်ငံယဉ်ကျေးမှုနှင့် သင့်လျော်သော အရာတို့အား ပြုပြင်းပြီး လက်ခံခြင်းသည် အကောင်းဆုံးသော နည်းစနစ်ဖြစ်နိုင်ပေသည်။ ထိုနည်းစနစ်အား ဂျပန်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကျင့်သုံးခဲ့ပြီးဖြစ်ကြောင်း စာများတွင် ဖတ်ရှုခဲ့ဖူးပါသည်။ ထိုသို့ နိုင်ငံရိုးရာယဉ်ကျေးမှုနှင့်သင့်လျော်သော အရာတို့အားပြုပြင်ပြီး လက်ခံခြင်းကို လူအများစုအနေဖြင့် လက်ခံမည်ဟုလည်း ယုံကြည်ပါသည်။ ယနေ့ခေတ်ကာလတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်နယ်ပယ် အသီးသီးကို လှမ်းမျှော်ကြည့်ပါက ဦးဆောင် ဦးရွက်ပြုလုပ်သူအများစုတို့သည် ခေတ်ပညာကို တတ်ကျွမ်းကြတဲ့ လူငယ် လူရွယ် လူလတ်ပိုင်းများ ဖြစ်နေသည်ကို တွေ့ကြရပါမည်။ နယ်ပယ်အသီးသီးကို ၀င်ရောက်နေရာယူလာကြတဲ့ လူငယ်လူရွယ်တွေကို မင်းတို့ငယ်ပါသေးတယ် အတွေ့အကြုံလိုပါသေးတယ် ဆိုပြီး တွန်းထုတ်ပါက ခေတ်နှင့် လျော်ညီစွာပြုမူနေထိုင်ခြင်းမဟုတ်နိုင်တော့ပါဘူး။ ခေတ်မမီတော့ခြင်းသာ ဖြစ်သွားပါလိမ့်မည်။ လူငယ်လူရွယ်အများစုတို့သည် လူကြီးများကဲ့သို့မဟုတ်ပဲ ဆုံးဖြတ်ချက်တစ်ခုကို အလျင် အမြန်ချတတ်ကြပါသည်။ ထို့ကြောင့် ကောင်းကျိုးများလည်း အလျင်အမြန်ခံစားကြရတတ်ပါသည်။ ထိုကိစ္စ သည် လူငယ်များ၏ စိတ်မြန်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားတစ်ခုလည်းဖြစ်ပါသည်။ လုပ်ငန်းများကို လျင်လျင်မြန်မြန် တိုးတက်သွားစေနိုင်ပါသည်။ သို့သော် ရေရှည်အောင်မြင်မှုမရဖြစ်ရခြင်း၏ အဓိကတရားခံမှာ လူငယ်အများစုတို့သည် စိတ်ခံစားမှုနောက်သို့လိုက်ကာ လုပ်ငန်းများကို လုပ်ငန်းသဘောတရားများလျစ်လျူရှု ကာ စာရွက်စာတမ်းများအား အလေးမထားကြသောကြောင့် ပျက်စီးသွားတတ်ကြပါသည်။ လိုအပ်သောနေရာ တွင်မူ အတွေ့အကြုံများစွာရှိသော ခေတ်မီသော လူကြီးများမှ ၀င်ရောက်ထိန်းသိမ်းပေးပါက ကောင်းမွန်သွား မည်ဟုထင်ပါသည်။ လူကြီးများလည်း ခေတ်မီသင့်သကဲ့သို့ လူငယ်များလည်း ထင်ရာမစိုင်းကြရန် လိုမည်ထင် ပါသည်။ ခေတ်မီသောသူသည် အခြားသူများကိုလည်း နားလည်ပေးနိုင်ပါလိမ့်မည်။ ခေတ်မီခြင်းသည် ကြီးပွား တိုးတက် အောင်မြင်ရေးအတွက် အရေးပါသော အရာတစ်ခုဖြစ်ပါသည်။
ခေတ်မီခြင်းနှင့်တွဲဖက်ကာ တည်ရှိနေသင့်သောအရာတစ်ခုသည်ကား များသော ဗဟုသုတရှိခြင်းပင်ဖြစ်ပါ သည်။ အကြား အမြင် ဗဟုသုတများခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည် ဟုလည်း ဆိုကြပါသည်။ ဗဟုသုတဟုဆိုရာတွင် အချိန်ပြည့် အခန်းအောင်းကာ စာအုပ်များအား တစ်အုပ်ပြီး တစ်အုပ် ဖတ်နေခြင်းမျိုးကို မဆိုလိုပါ။ အားလပ်သောအချိန်များတွင် ဒေသန္တရ ဗဟုတရှိစေရန်အတွက် ခရီးသွားခြင်း၊ မိတ်ဆွေအပေါင်း အသင်းရှာဖွေခြင်း၊ ပရဟိတ လုပ်ငန်း လူမှုရေးလုပ်ငန်း ဘာသာရေးလုပ်ငန်းများတွင် ၀င်ရောက်ကူညီ ဆောင်ရွက်ခြင်း၊ ဘာသာစကားလေ့လာသင်ကြားခြင်း စသည့် မိမိတို့၏ အရည်အချင်းတိုးတက်စေသောအရာ တို့အား လုပ်ကိုင်ဆောင်ရွက်ထားသင့်ပါသည်။ ယနေ့ခေတ်သည် မျက်စိပွင့် နားပွင့်လာသောခေတ်ဖြစ်ရာ အချိန်မဆိုင်း သိလိုသောအရာတို့အား အလွယ်တကူ သိမြင်လာပြီဖြစ်ရာ မိမိတို့၏ မျက်စိကိုဖွင့် နားကိုစွင့်ကာ ဗဟုသုတစုဆောင်းထားရှိကြရမည်ဖြစ်ပါသည်။ ဗဟုသုတရှာဖွေခြင်းသည် အမြဲတမ်း ပြည့်စုံနေသည်မရှိနိုင်ပါ။ ကဏ္ဍမျိုးစုံအား သိထားရန်၊ တတ်ထားရန်လည်း မလွယ်ကူပါ။ သို့သော် မိမိတို့တတ်နိုင်သမျှတော့ လေ့လာ ထားသင့်ပါသည်။ ဗဟုသုအတော်အသင့်ရှိလာသောသူများ၏ ကြီးစွာသော အမှားအယွင်းတစ်ခုရှိလာတတ်ပါ သည်။ ထိုအမှားသည်ကား မကြာမီက ရေးသားခဲ့သောအပြစ်တင်ခြင်း နှင့် ငြင်းခုံခြင်း ပင်ဖြစ်ပါသည်။ ဗဟုသုတအထိုက်အလျောက်ရှိလာချိန်တွင် ငါသိတယ် ငါတတ်တယ် ငါနားလည်တယ် ဟူသောစိတ်ဝင်လာ ခြင်းဖြင့် သူတစ်ပါးအား အပြစ်တင်ခြင်း၊ သူတစ်ပါးတို့နှင့် ငြင်းခုံခြင်း လုပ်လာတတ်ပါသည်။ ထိုအရာတို့သည် ကြီးပွား အောင်မြင် တိုးတက်လိုသောသူတို့နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆိုသကဲ့သို့ပင်ဖြစ်ပါသည်။ ဆန့်ကျင်ဘက်အရပ်ဆီသို့ ခေါ်ဆောင်သွားပါလိမ့်မည်။ ရှောင်ရှားသင့်သည်တို့အား ရှောင်ရှားခြင်းဖြင့် လည်းကောင်း၊ ဆောင်ထားသင့်သည်တို့ကို ဆောင်ထားခြင်းဖြင့်လည်းကောင်း ရရှိလိုသောအရာတို့အား ဆုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ရှောင်ရှားသင့်သည်ကို ထိပ်တိုက်ဆုံတွေ့ခြင်း၊ ဆောင်ထားသင့်သည်ကို အမှိုက်ထဲထည့်ထားခြင်းသည် မည်သည့်အရာကိုမျှ ဖမ်းဆုပ်နိုင်လိမ့်မည်မဟုတ်ပါ။ ထိုက်သင့်သော ဗဟုသုတ ရရှိလာကြသူများ ရှောင်ရှားသင့်သော အပြစ်တင်ခြင်း နှင့် ငြင်းခုံခြင်း တို့အား ယောင်လို့ပင် လှည့်မကြည့်ပါနှင့်။
အကြားအမြင် ဗဟုသုတများပြားလာလျှင် စီးပွားရေးလုပ်ငန်းများတွင်လည်းကောင်း၊ လူမှုရေးလုပ်ငန်းများတွင် လည်းကောင်း မည်သည့်အချိန်တွင် မည်သို့လုပ်ကိုင်ဆောင်ရွက်ရမည်ကို နားလည်လာကြမည်ဖြစ်ပါသည်။ ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း သတိတရားလက်ကိုင်ထားတတ်လာမည်ဖြစ်ရာ အမှားအယွင်း နည်းပါးလာမည်ဖြစ်ပါသည်။ သတိဖြင့်ကြည့်ရှုတတ်လာသည့်အတွက် အားနည်းချက်တို့အား မြင်တွေ့လာမည် ဖြစ်သကဲ့သို့ အားသာချက်တို့ကိုလည်းမြင်တွေ့လာကြမည်ဖြစ်ပါသည်။ သတိတစ်ချက်ကြောင့် အသိပညာ တစ်ခုခု တိုးသွားတတ်ပါတယ် စာတွေ့ဖြင့် တွေ့ကြုံခဲ့ကြသည်ကို လက်တွေ့တွင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူလာမည်ဖြစ်ပါသည်။ သိလိုသော အချက်ကို သိလိုသူတို့ မေးမြန်းသောအချိန်တွင် မိမိတို့ရှာဖွေထားသည့ှ်ဗဟုသုတ၏ အကျိုးကျေးဇူးကြောင့် အလွယ်တကူ ပြန်လည်ဖြေကြားအကူအညီပေးနိုင်မည်ဖြစ်ပါသည်။ အသုဘများကိုတော့ လိုက်လံပို့ဆောင်ပေးဘူး သော်လည်း ကိုယ်တိုင်စီစဉ်ဆောင်ရွက်ဖူးခြင်းမရှိသူများအတွက် လူသေကောင်အား မည်သို့ ပြင်ဆင်ရကာ မည်သို့ သုဿန်တွင်မြေမြုတ်ရမည်ကို မသိနိုင်ပါ။ အလှူမပြုလုပ်ဘူးသောသူများ အဖို့ အလှူစနစ်တကျ အောင်မြင်ပြီးစီးရန် မည်သို့ ဆောင်ရွက်လုပ်ကိုင်ရမည်ကို နားလည်လိမ့်မည်မဟုတ်ပါ။ ထိုအရာတို့သည် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်သူများအနေဖြင့်သာ စီမံလုပ်ကိုင်နိုင်ပါလိမ့်မည်။ အခြားသော စီးပွားရေးကိစ္စများတွင်လည်း ထို့အတူတူပင်ဖြစ်ပါသည်။ မပြည့်မစုံဗဟုသုတသည် ကြီးစွာသောဒုက္ခကို ဖြစ်စေတတ်ပါသည်။ ဒါ့ကြောင့် ဗဟုသုတကိုလည်း ပြည့်စုံစွာ ရှာဖွေစုဆောင်းသင့်ပါသည်။ ဗဟုသုတ ရှာဖွေရာတွင် မိမိတို့၏ စိတ်ကူးယဉ်မျှော်မှန်းချက်များနှင့် အနီးစပ်ဆုံးသော ဗဟုသုတများကို ပိုမိုရှာဖွေထားသင့်ပါသည်။ မျက်မှောက်ခေတ် လူ့လောကကြီးတွင် အောင်မြင်နိုင်စရာ နယ်ပယ်မျိုးစုံတည်ရှိနေပါသည်။ မိမိတို့သည် မည်သည့်နယ်ပယ်တွင် ကြီးပွားခြင်း၊ တိုးတက်ခြင်း၊ အောင်မြင်ခြင်များ ရရှိလိုသည်ကို ကိုယ်တိုင်လေ့လာသင်ယူကြရမည်သာဖြစ်ပါသည်။ ဥယျာဉ်၊ ခြံမြေ၊ လယ်ယာကိုင်းကျွန်း စိုက်ပျိုးခြင်း၊ ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ခြင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း စသည် စသည်ဖြင့် ရွေးချယ်စရာများစွာရှိသည့်အနက်မှ စိတ်ပါ ၀င်စားရာလုပ်ငန်းအား ဗဟုသုတများ သေချာစွာ စုဆောင်း လေ့လာသင်ကြားကြခြင်းဖြင့် ဘ၀တွင် ကြီးပွား အောင်မြင် တိုးတက်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်းဖြင့် ကြိးပွား အောင်မြင် တိုးတက်ခြင်း အား နိဂုံးအဆုံးသတ် တစ်ခန်းရပ်လိုက်ပါသည်။
သိအောင်လုပ်၊ သိပြီးရင်ကျင့်၊ ကျင့်ပြီးရင် အောင်မြင်ခြင်းက သင့်ထံအရောက်လှမ်းလာပါလိမ့်မည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
29-Aug-2018 ဗုဒ္ဓဟူးနေ့(Wednesday)