ကြက်သီးတောင် ထမိတယ်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ခေါင်းစဉ်ကြည့်ပြီး သရဲတွေ တစ္ဆေတွေ သဘက်တွေ ပြိတ္တာတွေ အကြောင်း ရေးထားတယ်လို့ မထင်လိုက်ကြပါနဲ့… အဲဒါတွေထက်ကြောက်စရာကောင်းတဲ့ ကျွန်တော်တို့ လူတွေအကြောင်းကို ရေးချင်တာပါ… တကယ်တော့ သရဲ တစ္ဆေ ပြိတ္တာ သဘက် ဆိုတာတွေက အရမ်းသနားစရာကောင်းတဲ့ လူ့ဘုံအပြင်က သတ္တ၀ါတွေပါလေ… အဲဒီသတ္တ၀ါတွေက နေ့တိုင်း တွေ့နေရတာမှ မဟုတ်တာပဲလေ… တွေ့နေရလည်း အကုသိုလ်တွေများလွန်းလို့ အဲဒီလို ဘ၀ရထားကြလေတော့ သိပ်ဒုက္ခမပေးကြတော့ပါဘူး… အဲဒါတွေထက် ကြောက်စရာကောင်းတာက လူတွေပါပဲဗျ… လူတွေအတော်များများ ပြောတတ်တဲ့ လက်သုံးစကားလေး တစ်လုံးပါ… လူ့လောက လူ့ကမ္ဘာကြီးမှာ လူနဲ့လူချင်းဆက်ဆံပေါင်းသင်းကြတဲ့နေရာမှာ အောင်မြင်နေတဲ့သူပဲဖြစ်ဖြစ် မအောင်မြင်သေး တဲ့သူတွေပဲဖြစ်ဖြစ် ပြောတတ်တဲ့ စကားလုံးလေးတစ်လုံးပါ… လူတိုင်းနီးပါး ကြားသိနေရသော စကားလုံးလေးဖြစ်မယ် ထင်ပါတယ်… ဒီစကားလုံးလေးကို အတော်များများကလည်း အသုံးပြုကြတာ တွေ့ရပါတယ်ဗျ… အဲဒီစကားလုံးလေးတွေကို ကြားရရင် တကယ်ကို ကြက်သီးထမိတယ်ဗျ…


02.png

Image from google


အဲဒီစကားလုံးလေးတွေကို ပြောတယ်ဆိုရင် အမှန်လို့မထင်တတ်တော့သလို ဒီစကားလုံးလေးတွေပြောပြီဆိုရင် လန့်နေမိတာ အမှန်ပဲ… အမှန်ပြောလေသလား… အဆင်ပြေအောင် ပြောနေလေသလား… တကယ့်စိတ်ရင်းနဲ့ပြောနေလေသလား ဆိုတာကိုလည်း သေချာ မဆုံးဖြတ်နိုင်တော့ပါ… ဘာကြောင့်မဆုံးဖြတ်နိုင်တော့သလဲဆိုတော့ ခံရတာတွေ များနေလို့ပါပဲ… ဒီစကားလုံးလေးတွေ ဒီလိုအဓိပ္ပါယ်သက်ရောက်တဲ့ စကားလုံးမျိုးတွေနဲ့ ကြုံရင် ကြက်သီးတောင်ထနေမိတော့တယ်… လူတိုင်းက စိတ်သဘောထားချင်းတော့ တူချင်မှ တူပေမယ်… လူအတော်များများကတော့ သူတို့အဆင်ပြေစေဖို့ သုံးတဲ့စကားလုံး တစ်ခုလိုဖြစ်နေတာကို မြင်နေရ တွေ့နေရ ကြားနေရတော့ လန့်နေမိတာ ကြက်သီးထမိတာ အမှန်ပဲ… အဲဒီစကားလုံးက မင်းမို့လို့ပါ မင်းမို့လို့နော် အခြားသူဆိုမရဘူး ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပါယ်တူ စကားလုံးတွေပြောလာပြီဆိုရင်တော့ ငါ့မို့လို့ အခွင့်အရေးလေးတွေ ပိုရတယ် လို့မထင်တော့တဲ့အပြင် သူများတွေတော့ မသိပါ… ကျွန်တော်တော့ တကယ် ကြက်သီးထမိတယ်ဗျို့… လန့်လည်း လန့်နေမိတယ်…


04.png


မင်းမို့လို့ပါ ငါလုပ်ပေးလိုက်ပါတယ်… တခြားသူတွေဆို ငါ လုပ်မပေးဘူး… သူငယ်ချင်း အချင်းချင်းမို့ပါ တခြားသူတွေဆို ငါ လုပ်မပေးပါဘူး… မင်းမို့လို့ အကူအညီပေးတာနော်… မင်းမို့လို့ မင်းမို့လို့ မင်းမို့လို့… တကယ်မြင်တွေ့နေရတာကတော့ မင်းမို့လို့ ငါဈေးပိုတင်ယူ လိုက်တယ်… တကယ်က မင်းမို့လို့ ငါ ဆော်ထည့်လိုက်တယ် ဆိုရမလိုဖြစ်နေတတ်ကြတာ… မင်းမို့လို့ ဒုက္ခပေးလိုက်တယ် ဖြစ်နေတတ်တာ… မင်းမို့လို့ ငါအခွင့်အရေးလေး ပိုယူလိုက်တာ… အဲဒီလိုဖြစ်နေကြတာကို မြင်တယ် တွေ့နေရတယ်… ထိုသို့သောသူများသည် အခြားသူများထက်ပင် ပိုပြီး အခွင့်အရေးယူတတ်သကဲ့သို့ပင်ဖြစ်နေသည့်အပြင် မိမိတို့ အကူအညီတောင်းလိုက်မိသည့်အတွက် ကျေးဇူးတောင် တင်နေရတတ်သေးတယ်… အမှန်က တော့ အခြားသူများနှင့်အလုပ်လုပ်သည်က ပိုပြီးပင် အဆင်ချောနေမယ်ထင်တယ်ဗျို့… ဒါက ကျွန်တော့်အတွေ့အကြုံနဲ့ ပြောခြင်းဖြစ်လို့ မှားချင်လည်း မှားနိုင်ပါတယ်… အခြားသူများက ကြုံဖူးချင်မှလည်း ကြုံဖူးကြပါလိမ့်မယ်… ဒါပေမယ့် ထိုသို့သော စကားပြောသူများဟာ အများ အားဖြင့်တော့ ကျွန်တော်ပြောသလိုပင်ဖြစ်နေတတ်ပါတယ်… မိတ်ဆွေတွေပဲ လုပ်ပေးရမှာပေါ့ ဆိုသော မိတ်ဆွေ ဆိုသော ကြီးကျယ်သည့် ခင်မင်မှုကြီးကို ခုတုံးလုပ်တတ်ကြသေးတယ်… မိတ်ဆွေဆိုတာ ဒါမျိုးမှမဟုတ်တာ… တကယ့်မိတ်ဆွေကောင်း တကယ့်မိတ်ဆွေစစ်ဆိုတာ လောကမှာ အင်မတန်ရှားပါးတဲ့ ရတနာတစ်မျိုးဖြစ်တယ်ဆိုတာ သိသာနေပါတယ်…


03.png

Image from google


တကယ့်မိတ်ဆွေစစ်ဆိုတာက ကူညီနိုင်ရင် အမြတ်အစွန်း အခွင့်အရေး မကြည့်ကူညီ လိုက်တတတ်တာပဲ… မကူညီနိုင်ရင်တောင် အားနာနေတတ်တာ… ကျွန်တော်ကိုယ်တိုင်လည်း အားနာတယ်ဆိုတာမကောင်းမှန်း သိပေမယ့် အကျင့်က မပျောက်နိုင်သေးဘူး… တစ်ခါတစ်လေအားနာလိုက်မိရင် ခံရရောပဲ… မိတ်ဆွေဆိုတာ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ စွဲစွဲမြဲမြဲ ပေါင်းသင်းရမယ်လို့များ မတွက်ကြ တာပဲထင်တယ်… အခြားသောလူမျိုးအတော်များများက မိတ်ဆွေဖြစ်မှုကို သေတပန် သက်တဆုံး မိတ်ဆွေအဖြစ်နဲ့ အမှန်တကယ် ကူညီကြတတ်တာ တွေ့မိတယ်… ကျွန်တော်တို့ ဆီမှာတော့ ကိုယ့်အကျိုးရှိနေသေးတယ်ဆိုရင်တော့ မိတ်ဆွေပဲ ကိုယ့်အတွက် အကျိုးမရှိနိုင် တော့ဘူးဆိုရင်တော့ ဘာမိတ်ဆွေမှ မဟုတ်တော့တာများပါတယ်… မိတ်ဆွေဖြစ်မှုကို အခြား သောလူမျိုးတွေက တန်ဖိုးထားတယ်… ကျွန်တော်တို့ကတော့ ကိုယ့်အတွက်အကျိုး တစ်စုံတစ်ရာရှိနေရင် မိတ်ဆွေဖြစ်တယ်… အကျိုးတစ်စုံတစ်ရာမရှိရင်တော့ မိတ်ဆွေ မဖြစ်တော့တာတွေ တွေ့ရတယ်… ဒီလိုစိတ်ဓာတ်မျိုးတွေနဲ့ ကျွန်တော်တို့နိုင်ငံကို ဘယ်လိုများ တည်ဆောက်ကြမလဲမသိပါဘူး… နောင်တက်လာမယ့် လူငယ်တွေကို မိုက်ရိုင်းတယ် အလိုက် မသိဘူး… ဘာမှ နားမလည်တတ်ကြဘူး ဆိုပြီးအပြစ်သာတင်နေတယ် လူကြီးဖြစ်နေကြတဲ့ လူတွေကိုယ်တိုင်က မကောင်းတဲ့အကျင့်တွေရှိနေကြမှတော့ ဘယ်လိုလုပ်ပြီး လူငယ်တွေက ကောင်းလာနိုင်မလဲပေါ့…


05.png

Image from google


လူငယ်တွေကို ကောင်းမွန်တဲ့လမ်းမညွှန်ပြနိုင်ပဲ လူငယ်တွေ မကောင်းဘူးပြောနေရတာ မှန်ပါ့မလား တွေးနေမိတယ်… သားသမီးများမကောင်းတာက မိဘနဲ့ဆရာသမားများ မကောင်းလို့ ပဲလို့ မှတ်ယူနိုင်ပါမယ်… မိဘနဲ့ဆရာသမားများကသာ ကောင်းကောင်းမွန်မွန် သွန်သင်ဆုံးမနိုင်မယ်ဆိုရင် လူငယ်တွေ မကောင်းစရာမရှိပါဘူးလို့လည်း ထင်မြင်မိပါတယ်… ဒီတော့ မိတ်ဆွေဖြစ်မှုကို တန်ဖိုးထားတတ်အောင် မိဘကို ကူညီတတ်အောင် ဆရာသမားကို ရိုသေလေးစားတတ်အောင် လူကြီးများကို ရိုသေတတ်လေးစားတတ်အောင် မိဘနဲ့ ဆရာသမားတွေက ကောင်းကောင်းမွန်မွန်ဆုံးမထားသင့်တယ်… အခုစာဖတ်နေတဲ့သူလည်း မင်းမို့လို့ ဖတ်ရတာနော် … အခြားသူတွေ မဖတ်ရဘူး… မင်းမို့ ဖတ်ခွင့်ပေးထားတာလို့ ပြောရင်း ရပ်နားလိုက်ပါတယ်… ပြောရင်းနဲ့တောင် ကြက်သီးထလာတယ် အဲ အဲ မှားလို့ ရေးရင်းနဲ့ တောင်ကြက်သီးထလာတယ်…

မင်းမို့လို့နော် မင်းမို့လို့နော် မင်းမို့လို့နော်


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

13-Mar-2018 အင်္ဂါနေ့(Tuesday)