ကကြီး ခကွေး အောင်မြင်ရေး(ကျန်းမာရေး ဂရုစိုက်ပါ)
ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ဘဝအောင်မြင်ရေးအကြောင်းကို ပြောကြမယ်ဆိုရင် မပြီးနိုင်မစီးနိုင်နဲ့ ရေးလို့ကုန်နိုင်ဖွယ်မရှိဘူး... ရှေးအဆက်ဆက်ကလည်း အောင်မြင်ရေးနဲ့ပတ်သက်လို့ အမျိုးမျိုးအဖုံဖုံအစုံစုံနဲ့ ရေးခဲ့ကြ ပြောခဲ့ကြတာပါပဲ... တစ်ဉီးနဲ့တစ်ဉီး တစ်ယောက်နဲ့တစ်ယောက်ကတော့ အတွေ့အကြုံ မတူညီကြလို့ အတွေးအခေါ် ယူဆချက်တွေကလည်း တူနိုင်ဖွယ်မရှိပါဘူး... ကိုယ့်အတွေ့အကြုံ ကိုယ့်အတွေးအခေါ် ကိုယ့်ဝါသနာနဲ့ကိုက်ညီရာကိုသာ လုပ်ကိုင်ကြပါလို့တိုက်တွန်းလိုပါတယ်... အောင်မြင်ရေးစာတွေကိုပဲ ရေးနေတာမို့ အောင်မြင်သူတစ်ယောက်လို့တော့မထင်လေနဲ့... သူလို ကိုယ်လို အနေအထားနဲ့ နောက်တက်လာမယ့် မျိုးဆက်သစ်လေးတွေ လေ့လာနိုင်ဖို့အတွက် ရေးသားခြင်းသာဖြစ်ပါတယ်ဗျာ... အခုရေးလိုတဲ့အချက်က အောင်မြင်ရေးခေါင်းစဉ်အောက်မှာ အမှန်တကယ် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး ကို ဂရုစိုက်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုပဲရေးသားလိုပါတယ်... လူမှု စီးပွား ဘာပဲလုပ်လုပ် ကိုယ့်ကျန်းမာရေးက နော်နီနော်နဲ့ ခနော်ခနဲ့ မကျန်းမမာ ဖြစ်နေလို့ကတော့ အဆင်မပြေ မအောင်မြင်နိုင်တာကိုတော့ ဘယ်ပညာရှင်ကမှ ငြင်းကြလိမ့်မယ်မဟုတ်ဘူးဗျ... ဘဝမှာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်နေရင်တောင်မှ ကျန်းမာရေးမကောင်းပဲ အိပ်ယာထက်မှာလဲနေသူဖြစ်နေခဲ့မယ်ဆိုရင် အဲဒီလူက သူ့ဘဝကို ကျေနပ်နေနိုင်ပါ့မလား... သူ့အောင်မြင်မှုက ကျန်းမာရေးကောင်းစေနိုင်ပါ့မလား... ဒီတော့ ဘာပဲလုပ်လုပ် ကျန်းမာရေးက အရေးကြီးတယ်ဆိုတဲ့အကြောင်းအရာကို သာမန်လက်ခံထားခြင်းမျိုးမဟုတ်ပဲ အမှန်တကယ် ကျန်းမာရေးနဲ့ညီညွတ်အောင် နေ့စဉ်ဘဝမှာ စားသောက် နေထိုင် သွားလာ နေထိုင်ဖို့ လိုပါလိမ့်မယ်...
သားနဲ့အမိ သမီးနဲ့အဖ ဘယ်သူက ဘယ်သူ့ကိုမှ မကူညီနိုင်တာအဲဒီ ကျန်းမာရေးပဲဖြစ်ပါတယ်... ငါ့သား ငါ့သမီး ငါ့အဖေ ငါ့အမေ ကို အဲဒီလိုရောဂါမျိုးမဖြစ်နဲ့ ငါ့မှာသာဖြစ်ပါ လို့ အစားဝင်ခံယူလို့ရတဲ့အထဲမှာ ကျန်းမာရေးမပါဘူး... ငါ့အဖေမှ ငါ့အမေမှ ငါ့သားမှ ငါ့သမီးမှ ဖြစ်ရလေခြင်း ငါ့မှာသာ လာဖြစ်ပါ... အဲဒီရောဂါ ကျွန်တော့်ကိုပေးပါ အမေမှာ အဖေ့မှာ သားလေးမှာ သမီးလေးမှာ မဖြစ်ပါစေနဲ့လို့တောင်းယူ အစားဝင်ခံပေးလို့ မရဘူး... ဒီတော့ ကျန်းမာရေးဆိုတာကို ကိုယ်တိုင်ရဲ့ အသိနဲ့ပဲ နေ့စဉ်ဘဝမှာ ဆင်ဆင်ခြင်ခြင်နေထိုင်ကြရမှာပဲဖြစ်ပါတယ်ဗျာ... ကျွန်တော်တို့သာ ကျန်းမာရေးမကောင်းသူတစ်ယောက်ဖြစ်သွားခဲ့မယ်ဆိုရင် အလွန်ကောင်းတဲ့ အစားအစာဆိုတာ မရှိတော့ဘူး... အခုလို ကပ်ရောဂါ ကိုဗစ် နှိပ်စက်နေတဲ့အချိန်မှာ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်သင့်လှပါတယ်... ကိုယ့်ရောဂါနဲ့မတည့်တာတွေ က အစားကောင်းတွေ ကိုယ်အလွန်ကြိုက်တဲ့ အစားအစားတွေ ဖြစ်နေတတ်သလို ကိုယ်အလွန်မုန်းတဲ့ ဆေးတွေကတော့ မသောက်ချင်လည်းသောက်ရတော့မှာကလည်း ဧကန်အမှန်ပဲဖြစ်ပါလိမ့်မယ်... အစားတွေစားတိုင်း ကျန်းမာရေးကောင်းမှာမဟုတ်တဲ့အတွက် စားသင့်တဲ့အစားအသောက်ကို သတိပြုသင့်လှပါတယ်... ချစ်မိတ်ဆွေအပေါင်းကို ပေးလိုတဲ့သတင်းစကားလေးက မိမိရဲ့ကျန်းမာရေးကို ဂရုစိုက်ကြပါလို့...
အခုအချိန်မှာ အစားအစာတွေကို ဆေးလိုမစားခဲ့ကြရင်
နောင်တစ်ချိန်မှာ ဆေးကို အစားအစာလို စားကြရပါလိမ့်မယ်
ဘဝအောင်မြင်တိုးတက်ချင်တယ်ဆိုရင်ဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့...
အောင်မြင်သောဘဝပိုင်ရှင်များ ဖြစ်ကြပါစေ...