ကြမ်းတမ်းသောလက်တစ်စုံ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ငယ်စဉ် မူလတန်းကျောင်းတက်နေတုံးအချိန်တစ်ချိန်က တစ်နေ့ကို မုန့်ဖိုး (၁၀)ပြားလောက်သာ ရတဲ့အချိန် လောက်ကဖြစ်မယ်ထင်ပါတယ်။် သူငယ်ချင်းတွေ စုပြီးတော့ ဘောလုံးစု ၀ယ်ကြမယ် ဆိုတော့ ကျောင်းမုန့်ဖိုးကို အထိမခံချင်တော့ အမေ့ ပိုက်ဆံအိတ်ထဲက ကနေ အလစ်သုတ် ငွေစုမိလိုက်တဲ့ နေ့တစ်နေ့ကို အမှတ်တရရှိနေဆဲပါပဲ။ အဲဒီနေ့က လောကဓံရဲ့ရိုက်ချက်လို့ပြောရမလား။ ဒါမှမဟုတ် လောကကြီးမှာရှိတဲ့ ကြမ်းတမ်းတဲ့လက် တစ်စုံပိုင်ဆိုင်ထားတဲ့ လက်ကြမ်းကြီးနဲ့ နရင်း အရိုက်ခံလိုက်ရတဲ့နေ့တစ်နေ့ပေါ့လေ။ အခြား သောသူငယ်ချင်းများက အလွယ်တကူ ကျောင်းမုန့်ဖိုးလေးတွေထဲက ထည့်ကြပေမယ့် ကျောင်းမုန့်ဖိုးအထိခိုက်မခံချင်တော့ နရင်းအုပ်ခံလိုက်ရတယ်။ ခိုးတယ်ဆိုတာ လူကောင်းတွေရဲ့အလုပ်မဟုတ်ဘူး။ အဲဒီလိုပဲ လိမ်တာ ညာတာလည်းပဲ ကောင်းတဲ့အလုပ်မဟုတ်ဘူးဆိုတာ မသိဘူးလားလို့ဆိုပြီး နရင်းထူပူသွားရတယ်။ ဆူခံထိတဲ့ နေ့၊ ပြင်းပြင်းထန်ထန် ဆုံးမတာခံလိုက်ရတဲ့နေ့ တစ်နေ့ ဖြစ်ခဲ့တယ်။ သူ့ရဲ့လက်ကြမ်းကြမ်းကြီး တစ်စုံနဲ့ အဆုံးမ ခံလိုက်ရတယ်။ အဲဒီလို ဆုံးမ ခံပြီးတဲ့နောက်ကစပြီး သတိထားလာမိတာကတော့ အဲဒီနေ့ကစပြီး သူဟာ မိသားစုကို အမြဲတမ်းလိုလို လိမ်နေတယ် ညာနေတယ်ဆိုတာကို သတိပြုလာခဲ့မိတာပါပဲ။ အဲဒါကို နားမလည်ခဲ့ဘူး။ မလုံလောက်တဲ့ မိသားစုစားဝတ်နေရေးအတွက် သူ့လက်ကြမ်းကြမ်းတွေနဲ့ အစွမ်းကုန် ကြိုးစားပြီး လုပ်ကိုင်နေတာကို မသိခဲ့မိဘူး။ သူ့ရဲ့ချွေးစက်တွေ မောပန်းနွမ်းနယ်မှု တွေနဲ့အတူတူ မျက်ရည်တွေကိုလည်း အရင်းအနှီးဖြစ်ခဲ့ရတာကို မသိခဲ့မိဘူး။


03.png

Image from google


လောကဓံရဲ့ရိုက်ချက်ကို အလူးအလဲခံပြီး အံကိုတင်းတင်းကြိတ် လက်သီးကိုကျစ်ကျစ်ပါ အောင်ဆုတ်ပြီး လက်ကအသားမာထုတက်ရုံသာမကပါဘူး။ ပခုံးသားတွေလက် အသားမာတက်ပေမယ့် သူ့နှလုံးသားက နူးညံ့နေမယ်မှန်း မသိခဲ့မိပါဘူး။ အိမ်ပြန်နောက်ကျ လို့ စားစရာများပါလာခဲ့ရင် အတင်းနိုးကျွေးခဲ့လို့စိတ်ဆိုးခဲ့မိတယ်။ စားစေချင်တဲ့ ရင်ထဲက စေတနာကို မမြင်တတ်ခဲ့ဘူး။ ပြည့်စုံကုံလုံတဲ့ဘ၀ တစ်ခုကို မပေးစွမ်းနိုင်ခဲ့ပေမယ့် သူ့အင်အား သူ့ပညာနဲ့ အစွမ်းကုန်အသုံးချပြီး ရှာဖွေပေးခဲ့တာမှန်း လုံးဝမသိခဲ့မိဘူး။ လောကဓံရဲ့ ရိုက်ချက်ပြင်းပြင်းတွေကို ခံစားနေရပေမယ့် မပင်ပန်းပါဘူး ဆိုတဲ့စကားကို ပါးစပ် ကမချတတ်တဲ့ လက်ကြမ်းကြမ်းပိုင်ရှင်ကြီးကို နားမလည်နိုင်ခဲ့ဘူး။ လိမ်ညာတာက လူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူးဆိုပြီး နရင်းရိုက်ခဲ့တဲ့သူ က မပင်ပန်းပါဘူးဆိုတဲ့စကားနဲ့ အမြဲတမ်းလိမ်ညာနေခဲ့တာမှန်း လုံးဝမသိခဲ့ဘူး။ သူတစ်ပါးတွေရဲ့ အစော်ကားမခံရလေအောင် ရှေ့ကနေ မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးနေခဲ့တာမှန်း အဲဒီအချိန်တွေတုံးက လုံးဝ မသိခဲ့ပါဘူး။ ငါပညာမတတ်ခဲ့လို့ သူတစ်ပါးအခိုင်းခံဖြစ်နေရတာ ငါ့သားသမီးတွေကိုတော့ ပညာတတ်ကြီးတွေဖြစ်စေချင်တယ်လို့ အမြဲပြောနေတဲ့ အဲဒီလူကြီးကို ငေးကြည့်နေတတ်တာ ကလွဲပြီး ဘာမှ နားမလည်နိုင်ခဲ့ဘူး။


02.png

Image from google


တစ်ခါတစ်ရံမှာ ဟင်းကောင်းကောင်းနဲ့စားရလို့ သူ့ဟင်းပန်းကန်ထဲ အသားကောင်းများထည့် ပေးရင် ငါက ဒါတွေမကြိုက်ပါဘူး အရိုးပဲကိုက်မယ် ဆိုတဲ့စကားလုံးတွေက အလိမ်အညာတွေ မှန်း လုံးဝမသိခဲ့ပဲ အရိုးပဲကြိုက်တယ်ဆိုတဲ့လူကြီးကို တအံ့တသြငေးမောကြည့်မိခဲ့ဘူးတယ်။ လူထူး လူဆန်းတစ်ယောက်လို အသားမကြိုက်ပဲ အရိုးသာစားတယ်ဆိုတဲ့လိမ်ညာစကားကို အမှန်လို့ပဲထင်နေခဲ့မိတယ်။ ဆောင်းရာသီအတွက် စစ်အင်္ကျီအဟောင်းကိုသာ နှစ်စဉ် ၀တ်နေလို့ အနွေးဝတ်တစ်ထည် ၀ယ်ဖို့ပြောတိုင်း ငါမအေးပါဘူး ဆိုတဲ့ စကားနဲ့ တွင်တွင်ငြင်းပြီး သားသမီးတွေကို နွေးထွေးစေခဲ့မှန်း လုံးဝမသိခဲ့ပါဘူး။ အမြဲတမ်း လိမ်ညာတတ်တဲ့စကားတွေပြောပြီး သူ့သားသမီးများ စားစေခဲ့တာ၊ ၀တ်စေခဲ့တာကို မသိခဲ့မိပါဘူး။ အဲဒီလိုအချိန်တွေတုန်းကတော့ လက်ကြမ်းကြမ်းတစ်စုံကို သေသည်အထိ ပိုင်ဆိုင်ထားခဲ့တဲ့ အဖေဆိုတဲ့လူကြီးတစ်ယောက်ရဲ့ ဖခင်မေတ္တာကို နားမလည်နိုင်ခဲ့သေးပါ ဘူး။


04.png

Image from google


အဲဒါတွေကိုနားလည်သင့်သလောက် နားလည်လာခဲ့တဲ့အချိန်မှာတော့ လက်ကြမ်းကြမ်းပိုင်ရှင် သားသမီးများကို အလွန်ဂရုစိုက်တတ် ကာကွယ်တတ်တဲ့ အဖေကတော့ လောကကြီးကို ကျောခိုင်းလို့ တမလွန်ခရီးကို ထွက်ခွာသွားတာ နှစ်အတော်တောင်ကြာခဲ့ပါပြီ။ ဒါတွေကို နားလည်လာတဲ့အချိန်မှာတော့ သတိရ တမ်းတနေရုံကလွဲပြီးတော့ သူ့အတွက် ဘာမှ လုပ်မပေးနိုင်တော့ပါဘူး။ ကျွန်တော်တို့ကို လိမ်ခဲ့တဲ့အဖေ လက်ကြမ်းကြမ်းကြီးတွေကို ပိုင်ဆိုင်ထားပေမယ့် သားသမီးတွေရဲ့ မျက်နှာကိုကြည့်ပြီး ပြုံးနေတတ်တဲ့အဖေ ကို သားလွမ်းလှပါတယ်။ အမြဲတမ်းလိမ်ညာခဲ့တဲ့ လက်ကြမ်းကြမ်းပိုင်ရှင် ကို တစ်လှည့်ပြန်ပြီး လိမ်ညာခွင့်ပေးချင်ပါသေးတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ ကျွန်တော်လည်း အဖေ မကြိုက်မှန်းသိပေမယ့် အဖေလိုပဲ လိမ်ညာသွားပါ့မယ်။ ကျေးဇူးဆပ်ခွင့်မကြုံလိုက်တာ အင်မတန်ဝမ်းနည်းစရာတစ်ခုပါ။ ကျေးဇူးဆပ်ခွင့်ရှိနေပါလျက်နဲ့ နောင်တစ်ချိန်မှာ နောင်တနဲ့ အတူ တမ်းတနေရမယ့်အဖြစ်မရောက်အောင်ကြိုးစားနိုင်ကြပါစေ။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

27-Mar-2018 အင်္ဂါနေ့(Tuesday)