ကထိန်ခင်းသည့် တန်ဆောင်မုန်း(Tazaungmone And Kahtain Festival In Myanmar)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
စာဆိုရှင်များသည် တန်ဆောင်မုန်းနှင့်ပတ်သက်ပြီး စာကဗျာများ အများအပြားပင်စပ်ဆိုထားခဲ့ကြပါသည်။ အောက်တွင် စာဆိုတော် ဖိုးသူတော်ဦးမင်း ရေးသားစပ်ဆိုခဲ့သည့် ကထိန်နှင့်ပတ်သက်သော ကဗျာလေးကို ဗဟုသုတရရှိစေရန် ထည့်သွင်းပေးလိုက်ပါသည်။
♦ လှူကထိန်သင်္ကန်းနှင့်၊
♦ မဂ်လမ်းတဲ့ ဆုပန်ရွယ်
♦ သည်ချိန်ကို ရွှေမုံကြဲလို့
♦ ခဝဲရွှေကြာရင်းမှာ၊ သင်းရနံကြွယ်
♦ ကောင်းကင်လယ်
♦ ထက်ဝယ်ဘုံဦး
♦ ရွှေစန္ဒာနှင့်
♦ ကြတ္တိကာ ကြယ်ရောင်စွန်းတယ်
♦ ထွန်းထိန်လို့မြူး။
(ဇိုးသူတော်ဦးမင်း)
ကထိန်အကြောင်းမရေးသားမီ ကထိန်ကျရောက်သော တန်ဆောင်မုန်းလအကြောင်း အနည်းငယ်ကို ရေးသားလိုပါသည်။ ကျွန်တော်သည် တိကျစွာ သိခြင်း၊ တတ်ခြင်းကြောင့် ရေးသားခြင်းမဟုတ်ပါ။ မှန်ကန်သော အသိတရားလေများ၊ မှန်ကန်သော ဗဟုသုတလေးများ ရရှိစေလိုသော စေတနာဖြင့် ရေးသားခြင်းဖြစ်ပါသည်။ ဖတ်ဖူးခဲ့သော ဆရာတော်ကြီးများ၏ စာအုပ်များ၊ နာကြားခဲ့ဖူးသောတရားတော်များ၊ တရားစာအုပ်များ၊ ဗုဒ္ဓဘာသာဆိုင်ရာကျမ်းစာအုပ်များထဲမှ မှတ်သားထားဖူး သည်များကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
တန်ဆောင်မုန်းလသည် မြန်မာပြက္ခဒိန်တွင် ရှစ်လမြောက်သော လဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်အရ အများအားဖြင့် အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင် ကျရောက်တတ်ပါသည်။ တန်ဆောင်မုန်း လ၏ ကို တန်ဆောင်မှုန်း ဟု ခေါ်တွင်ခဲ့ကြောင်းကိုလည်း မှတ်သားခဲ့ဘူးပါသည်။ တနည်းအားဖြင့် ဆိုသော် တန်ဆောင်မုန်း သို့မဟုတ် တန်ဆောင်မှုန်း ဟုခေါ်ဆိုပါသည်။ တန်ဆောင်မုန်းလသည် မိုးလေးလ ပြည့်ပြီးဖြစ်သဖြင့် မိုးလေကင်းစင်သော လလည်းဖြစ်ပါသည်။ ထိုအချိန်တွင် တောင်သူလယ်သမားများအနေဖြင့်လည်း ကောက်ရိတ်သိမ်းရသည့်အချိန်လည်း ဖြစ်ကြောင်း မှတ်သားဘူးပါသည်။ တန်ဆောင်မုန်း၏ အထိမ်းအမှတ်ပန်းအဖြစ် ခဝဲပန်း ဖြစ်ကြောင်းကို လည်းသိရှိရပါသည်။ တန်ဆောင်မုန်းလ၏ အဓိပ္ပါယ်မှာ“မီးရှူး၊ မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (၀ါ) အမိုက်အမှောင်ကို မီးအလင်းရောင်ဖြင့် ပျောက်လွင့်စေသောလ”ဟု ဆိုကြပြီး “တန်ဆောင်တိုင်”ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင် သို့မဟုတ် မီးရှူးတိုင် အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်း ပွဲတော်များ ကျင်းပ ဆင်နွဲကြပေသည်။
Image from google
တနည်းအားဖြင့်ဆိုရသော တန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ထူးခြားလှသာ လတစ်လဖြစ်မည်ထင်ပါသည်။ တန်ဆောင်မုန်းလတွင် ထူးခြားသည့် ပွဲတော်များဖြစ်သည့် မသိုးသင်္ကန်းယက်လုပ်လှူဒါန်းခြင်း၊ မီးပုံပျံလွှတ်တင်ပွဲများလည်း ကျင်းပသည့်လဖြစ်ပါသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ မီးပုံးပျံလွှတ်တင်ပွဲသည် မြန်မာနိုင်ငံသာမကာ အခြားသော နိုင်ငံများသို့တိုင် ကျော်ကြားလှပြီး နိုင်ငံခြားသားအများစု စိတ်ဝတ်စားကြပေသည်။ ယခုအခါ ပြင်ဦးလွင်မြို့တွင်လည်း မီးပုံးပျံလွှတ်တင်ပွဲ ကျင်းပနေပြီဖြစ်ပါသည်။ အမျိုးသားနေ့သည်လည်း တန်ဆောင်မုန်းလအတွင်းကျရောက်ပေသည်။ တန်ဆောင်မုန်း လပြည့်ညသည် ဗုဒ္ဓမြတ်စွာဘုရားက ဖခင်ကို သတ်ဖြတ်မိသော အဇာတသတ် ဘုရင်အား ချေချွတ်ရန် သာမညဖလသုတ်အားဟောကြားတော်မူခဲ့သောကြောင့် သာမညဖလ အခါတော်နေ့ ဟုလည်းကောင်းခေါ်ဆိုသကဲ့သို့ ** ဆေးပေါင်းခသည့်ည** ဟုလည်းကောင်း ယုံကြည်ကြပါသည်။ ထို့ပြင် တန်ဆောင်မုန်းလနှင့်ပတ်သက်သည့် ဆိုရိုးစကားများ၊ စကားပုံများ၊ ကဗျာလင်္ကာများမှာလည်း အလွန်ပေါများလှကြောင်းကိုလည်း တွေ့ရှိရပါသည်။ တန်ဆောင်မုန်းလကို ဆီးနှင်းတပြိုက် မိုးတလိုက် ဖုံးတုံး လုံးတုံး တန်ဆောင်မုန်း ဟုလည်းကောင်း၊ ခ၀ဲပွင့်တုန်း တန်ဆောင်မုန်း ဟုတစ်သွယ်၊ တောင်သူရွှင်ပြုံး တန်ဆောင်မုန်း ဟုတနည်း တန်ဆောင်မုန်းလ၏ ထူးခြားမှု လှပမှုများကို စပ်ဆိုခဲ့ကြပါသည်။ ကဗျာလင်္ကာများ၊ ဆိုရိုးစကားများထည့်သွင်းရေးသားပါက အလွန်ရှည်လျားနေမည်ဖြစ် သောကြောင့် ချန်လှပ်ထားခဲ့ပေသည်။
Image from google
မြန်မာတို့၏ ထင်ရှားလှသော အလှူများတွင် ကထိန်အလှူပွဲသည်လည်း ထိပ်ဆုံးမှ ပါရှိနေပေသည်။ သီတင်းဝါလကျွတ်ပြီးသောအချိန်ကာလမှစပြီး နောက်ထပ် လှူရန်အားထုတ် ကြိုးပမ်းကြ သည့် အလှူပွဲမှာ ကထိန်ပွဲပင်ဖြစ်ပါသည်။ ကထိန်ရာသီရောက်လျင် ဗုဒ္ဓဘာသာဝင် လူအများ သည် မိမိတတ်နိုင်သမျှ ကထိန်ခင်းကျင်းကြသည်မှာလည်း ယခုကာလမှ စတင်ပေါ်ပေါက် လာခြင်းမဟုတ်ပေ။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါကာလကပင် မြတ်ဘုရား ကိုယ်တော်တိုင် သတ်မှတ်ထားခဲ့ခြင်းဖြစ်ပေရော နှစ်ပေါင်း ၂၆၀၀ ကျော်ခဲ့ပြီဖြစ်ပါသည်။
ကထိန်ခင်းကျင်းခြင်းကို ဗုဒ္ဓမြတ်ဘုရားက ပညတ်ထားခြင်း နှင့် ယခုခေတ်ကာလတွင် ကထိန် များခင်းကျင်းခြင်းတွင် ကွဲလွဲမှုများစွာ ရှိနေကြောင်းကိုလည်း တွေ့မြင်ရပါသည်။ ကထိန်ဆိုသည့်အလှူပွဲများကို လူတိုင်းနီးပါး သွားရောက်ဖူးကြမည်ထင်ပါသည်။ သို့သော် ကထိန်နှင့်ပတ်သက်သော ဗဟုသုတကို အကြမ်းဖျင်းလောက်ကိုသာ သိသူနည်းပါးမည် ထင်ပါသည်။ ကထိန်ကိုသိသလားမေးလျှင်တော့ သိပါသည်ဟု ဖြေဆိုကြမည်ပင်။ ကထိန်ဆိုတာဘာလဲ ၊ ကထိန်လို့ဘာကြောင့်ခေါ်ဆိုကြတာလဲ လို့များမေးလျှင်တော့ ဖြေဆိုနိုင်သူ ဦးရေနည်းပါးမည်ထင်ပါသည်။ သို့အတွက်လည်း ကထိန်အကြောင်းအနည်းငယ် ရေးချင်လာသဖြင့် ဗဟုသုတအဖြစ် ရေးသားလိုက်ခြင်းဖြစ်ပေသည်။ ဒီနေရာမှာ ကထိန်အကြောင်းကို အပြည့်အစုံရေးသားမည်ဆိုပါက အလွန်ရှည်လျားသွားမည်ဖြစ်သကဲ့သို့ မှတ်လည်းမမှတ်မိတော့ပါ။ စာအုပ်များအားပြန်လည်ဖွေရှာပြီး ရေးသားမှသာရပေမည်။ ထို့ကြောင့် အနည်းငယ်သော ဗဟုသုတလေးကိုသာ ရေးသားပါမည်။
Image from google
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန်”ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွဋ်အမြတ် ထားလေ့ ရှိကြပါသည်။ ကထိန်ဆိုသောအဓိပ္ပါယ်သည် ကထိန ဆိုသော ပါဠိစကားမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ ကထိန ဆိုသော စကားလုံးကို မြန်မာမှုပြုကာ ပါဠိပျက် ဝေါဟာရစကားလုံးဖြစ်သော ကထိန် ဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ကထိန ဆိုသော စကားလုံး၏ အဓိပ္ပါယ်သည် ခိုင်မြဲခြင်း၊ မြဲမြံခြင်းဟု အဓိပ္ပါယ်ရပါသည်။ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြသော ရဟန်း သံဃာတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဖြစ်ပါသည်။ သင်္ကန်းအလှူခံရရှိသော သံဃာက သင်္ကန်းအား ၀ိနည်းတော်များနှင့်အညီ အခြားသံဃာတော်များအား ချပြ ခင်းပြခြင်းကို ကထန်ခင်းခြင်းဟု သတ်မှတ်ကြောင်းကိုလည်း မှတ်သားဖူးပါသည်။ ကထိန်ခင်းတာဟာ အ၀တ်သင်္ကန်း အလှူဖြစ်တဲ့အတွက် ကထိန်သင်္ကန်း အလှူ ကို ကထိန်အလှူလို့ဆိုခြင်းဖြစ်ပါသည်။
ကျွန်တော်တို့အများစုသည် ကထိန်သွားခင်းမလို့ ဟူသော စကားကို သုံးနှုန်းပြောဆိုတတ်ကြပါသည်။ အမှန်တကယ်တွင်မူ ကထိန်ခင်းခြင်းသည် လူများက ခင်းရခြင်းမဟုတ်ပါ။ ကထိန်သင်္ကန်အလှူရရှိသော သံဃာတော်မှ ကထိန်ခင်းရခြင်းဖြစ်ပါသည်။ ကထိန်ခင်းသည် လူတို့၏အလုပ်မဟုတ်ပါ။ သံဃာတော်များ၏ အလုပ်သာဖြစ်ပါသည်။ ကထိန်ခင်းရန်အတွက် သံဃာတော်အားရည်မှန်းပြီး လှူဒါန်းပါ၏ ဟုဆိုကာ လှူဒါန်းလိုက်သောသင်္ကန်းအား သံဃာတော်များမှ သိမ်ထဲတွင် ကမ္မ၀ါစာဖြင့် ရွတ်ဖတ် ပေးကြရကြောင်း၊ အလှူခံရရှိလာသော သင်္ကင်္န်းအား မိမိတို့ဝါဆိုရာ ကျောင်းတိုက်တွင် ပြန်လည်ခင်းရကြောင်း၊ ထိုကဲ့သို့ခင်းခြင်းကို ကထိန်ဟုခေါ်ဆိုကြောင်း မှတ်သားဖူးပါသည်။ ခင်းသည်ဆိုခြင်းမှာ လှူထားသော သင်္ကန်းအား အောက်မှာချခင်းခြင်း မဟုတ်ပါ။ အလှူရရှိတဲ့သင်္ကန်းကို ၀ိနည်းအတိုင်းလိုက်နာပြုကျင့်ပြီး အဓိဌာန်တင်ခြင်း၊ စွန့်ခြင်း များပြုလုပ်ပြီး ၀ါအတူတူဆိုခဲ့ကြသော ရဟန်းသံဃာများကိုလည် အမျှပေးဝေခြင်းကို ကထိန်ခင်းခြင်း ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်းကို မှတ်သားဖူးပါသည်။ ပြည့်စုံမည်မဟုတ်သော် လည်း အနည်းငယ်သော ဗဟုသုတတော့ ရမည်ထင်ပါသည်။
ယခုမျက်မှောက်ခေတ်ကာလတွင် ကထိန်ခင်းခြင်းကို အပြိုင်အဆိုင် လုပ်ကိုင်လာကြသည်ကို တွေ့မြင်ရပါသည်။ ထိုသို့ အပြိုင်အဆိုင် ခင်းကြရာတွင် ဆိုင်းသံ ဗုံသံများဖြင့် စည်းကားသိုက် မြိုက်အောင် ခင်းကျင်းလာကြသည့်အပြင် အငြိမ့်ပွဲ၊ ဇာတ်ပွဲများပါ ထည့်သွင်းလာကြပေသည်။ ထိုသို့ အပြိုင်အဆိုင်ခင်းခြင်းကြောင့် နောက်ဆုံး ကထိန်ရရှိသော ဘုန်းကြီးကျောင်းရောက် သောအခါတွင် ကုန်ကျငွေအားလုံး၏ ဆယ်ပုံ တစ်ပုံလောက်ပင်မျှ လှူဒါန်းနိုင်သေးသည်လား တော့မသိပါ။
ယခုခေတ်ကထိန်ခင်းကျင်းခြင်းနှင့်ပတ်သက်ပြီးကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသမှ အနာဂတ်သာသနာရေးကျမ်းတွင် အောက်ဖော်ပြပါအတိုင်း ရေးသားထားခဲ့ ပေသည် -
Image from google
အစပထမ၌ “ကထိန်အလှူ” ဟူသည် သင်္ကန်းအလှူပင်ဖြစ်၏၊ နောက်မှ သင်္ကန်း၏ အခြံအရံအဖြစ်ဖြင့် အခြားလှူဖွယ်တွေ ပါလာ၏၊ ထိုအခြား လှူဖွယ်များတွင် ကျောင်း၌ မရှိမဖြစ်သော ပစ္စည်းမျိုးဆိုလျှင် သင့်တော်ပါသေး၏။
ယခုသော် ပဒေသာပင် သီး၍ လှပအောင် တိုလီမိုလီကလေးတွေ များလှ၏၊ ပဒေသာတစ်ပင်လျှင် (၅၀)တန် တစ်ရာတန် စသည်ဖြင့် ဂုဏ်ယူကြ၏၊ ကျောင်းရောက်သော်ကား အသုံးမကျလှ၊ လူတွေမှာလည်း အကုန်မနည်းချေ၊ ဒီအထဲမှာ ပွဲတွေ ကိုလည်း ထည့်လိုက်ရသေး၏။
ပွဲလမ်းအတွက် ကုန်ကျစရိတ်နှင့် အသုံးမ၀င်သော တိုလီမိုလီ အတွက် ကုန်ကျငွေကို နှုတ်လိုက်လျှင် ကျောင်း၌ အသုံးဝင်သော သင်္ကန်း စသည်၏ တန်ဖိုးမှာ ငါးပုံ ပုံ တစ်ပုံမျှ ပါကောင်း ပါပေလိမ့်မည်။
ဤကထိန်ပွဲတွင် အသားတင် အကျိုးရကြသူကားဩ စောင် ကော်ဇော ဓာတ်မီး စသော နိုင်ငံခြားပစ္စည်းရောင်းသူ နိုင်ငံခြား ကုန်သည်ကြီးများပင်တည်း၊ မှန်၏၊ ကထိန်ခေတ်၌ နိုင်ငံခြားသို့ ဆက်ရသော ငွေတွေမှာ သိန်းပေါင်း အတော်များများပင် ရှိပေလိမ့်မည်၊
ရန်ကုန်မြို့၌ ကထိန်လှည့်လည်သည်ကို ကြည့်ရှုနေသော ပေါက်ဖော်သူဌေးတစ်ယောက်က မြန်မာလူကြီးတစ်ယောက်အား“ခင်ဗျားတို့လည်း အရမ်းမဲ့အလှူတွေ မရှိလျှင် ကျွန်တော် တို့မှာလည်း ဘိန်းရှူသူတွေ မရှိလျှင် ကြွယ်ဝချမ်းသာသောနိုင်ငံ ဖြစ်မှာပဲ” ဟု ပြောသတဲ့။
ဗုဒ္ဓဥပါသကာ ဥပါသိကာမတို့သည် ဒူးနေရာဒူး တော်နေရာတော် ဆိုသလို ဘာသာရေးကိစ္စ၌ ပွဲလမ်းသဘင် အပျော်အပါးကိုလည်း ရှောင်ရှားဖို့ရန် တောင်းပန်လိုပါသည်။ မိမိတို့ အလှူဝတ္ထုနှင့် ကျောင်းမှာ အသုံး တည့်-မတည့်, အသုံးတည့်ပြန်လျှင် သာသနာရေး ဆိုင်ရာ ပရိယတ် ပဋိပတ်ကို အားပေးရာ ရောက်-မရောက်ကိုလည်းကောင်း အကျိုးမများလှသော အသုံးအဆောင် ပစ္စည်းများအတွက် နိုင်ငံခြားသို့ တိုင်းပြည်မှ ငွေများ မထွက်စေဖို့ကိုလည်းကောင်း သတိပြုစေလိုသည် ဟု ရေးသားထားခဲ့ပေသည်။ ရှေ့ရှေးကို မျှော်တွေးလှမ်းမြင်နိုင်သော ဆရာတော်ကြီးအား ဦးခိုက်ပူဇော်မိပါသည်။
Image from google
ကထိန်လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရရှိနိုင်သောအကျိုးတရားများကိုလည်း အောက်ဖော်ပြပါ အတိုင်း စပ်ဆိုထားခဲ့ပေသေးသည် -
ကထိန်လှူရ၊ မြတ်ဖလ၊ မှတ်ကြပါလေငါးမျိုးပေ။
မပန်မကြား၊ မခစား၊ လာသွားနိုင်ပေရပ်ထွေထွေ။
ကိုယ်ပိုင်ဥစ္စာ၊ ထားလိုရာ၊ ထားပါလျက်ပေရန်ကင်းစေ။
ဝတ်စားဖုံဖုံ၊ လွန်ပြည့်စုံ၊ ကုံလုံကျက်သရေ လက်လက်ဝေ။
မိစ္ဆာအပင်း၊ ပြစ်မျိုးကင်း၊ ရှင်းရှင်းလွတ်ပေရန်မျိုးတွေ။
စည်းစိမ်မြိုင်မြိုင်၊ လွန်ကြံ့ခိုင်၊ စိုးပိုင်လှပေတင့်ဖြိုးဝေ။
ဆက်လက်ရေးသားမည်ဆိုပါက အခန်းဆက်များနှင့်သာရေးရပေတော့မည်ဖြစ်သောကြောင့် ကထိန်၏ အဓိပ္ပါယ်ကို နားလည်နိုင်စေလောက်သော ဗဟုသုတ အနည်းငယ်မျှလောက်ကိုသာ ရေးသားလိုက်ပါသည်။ မှန်ကန်သောအတွေးအမြင်များနှင့် ဘာသာရေးအလှူပွဲများတွင် မလိုအပ်သော ကုန်ကျစရိတ်များအား လျော့ချပြီး အမှန်တကယ်လိုအပ်သော လှူဒါန်းခြင်း များအား လှူဒါန်း နိုင်ကြပါစေကြောင်း ဆုတောင်းရင်းဖြင့် နိဂုံးချုပ်လိုက်ရပေသည်။
ကထိန်အကြောင်းကို ပိုမိုပြည့်စုံစွာ သိရှိလိုပါက အောက်ပါလင့်တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်ခင်ဗျာ။
http://minkyibookgroup.blogspot.com/2013/11/blog-post_16.html
မှီငြမ်းစာအုပ်များ
ဒေါက်တာသန်းထွန်းရေးသားသော ပုံများမှပြောသောမြန်မာ့သမိုင်း (Myanmar History Told in Picture)
မဟာဂန္ဓာရုံဆာတော်ဘုရားကြီးရေးသားတော်မူအပ်သော အနာဂတ်သာသနာအရေး
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-10-2017 ကြာသပတေးနေ့(Thursday)