ကဗျာအကြောင်း မျှဝေခြင်း (၁)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


မနက်ဖြန်မှာ ပရိုတင်ရန်မရှိတဲ့အတွက် ကဗျာနဲ့ပတ်သက်တဲ့ အကြောင်းအရာ အခြေခံ အချို့အား မျှဝေပေးလိုပါတယ်။ ကျွန်တော်အနေဖြင့် ကဗျာရေးစပ်ရန် ၀ါသနာမပါသော်လည်း ချစ်မိတ်ဆွေများထဲမှ ကဗျာအားရေးသားရန် အားသန်နေကြသူများအား တွေ့ရပါတယ်။ ဒါကြောင့်လည်း အခုလို ပရိုမတင်ရတဲ့ရက်မှာ ကဗျာ နဲ့ပတ်သက်တဲ့ အကြောင်းကို အထာက်အကူ အနည်းငယ်လောက်ပဲဖြစ်ဖြစ်ရစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ မျှဝေပေးတယ်ဆိုလို့လည်း ကဗျာကို ကျွမ်းကျင်တဲ့သူလို့တော့ မမှတ်ယူလိုက်ပါနဲ့။ ဖတ်ဖူးထားတဲ့ စာအုပ်တွေထဲကနေ တစ်ဆင့် ကူးယူမျှဝေပေးတာပဲဖြစ်ပါတယ်။ ဒီလိုမပြောထားလို့မဖြစ်ပေဘူး။ နို့မို့ဆိုရင် လာလာမေးလို့ မဖြေတတ်တဲ့အခါ ဒုက္ခတွေ့နေရဦးမယ်။ ကဗျာဆိုတာကလည်း အရင်ကရေးခဲ့တဲ့မြန်မာကဗျာ တွေကို စပ်ဆိုပုံစပ်ဆိုနည်းကိုပဲ မျှဝေပေးမှာပဲဖြစ်ပါတယ်။ မော်ဒန်ကဗျာတွေတော့ မသိပါဘူး။ ဒီပေါ်မှာ အခြေခံသလား အခြေမခံဘူးလားဆိုတာတော့ ဆက်လက်လေ့လာကြပေတော့ဗျို့။ ကဗျာကိုစပ်ဆိုချင်တယ် ဆိုရင်ဖြင့် ကာရန်ကို နားလည်အောင် အထပ်ထပ်အခါခါ လေ့ကျင့်ရပါလိမ့်မယ်။ တစ်လုံးတွဲကာရံတွေကိုသာ မက နှစ်လုံးတွဲ၊ သုံးလုံးတွဲ၊ လေးလုံးတွဲ စပ်ပုံစပ်နည်းတွေလည်း လေ့လာရမယ်၊ လေ့ကျင့်ရမယ်လို့ဆိုပါတယ်။ အဲဒီလို ကာရန်အထပ်တွေ၊ နဘေအထပ်တွေကို ကျွမ်းကျင်အောင်နားလည်နေမှ ကဗျာကို အလွယ်တကူ စပ်ဆိုနိုင်တယ်လို့ဆိုပါတယ်။ ဒီနေရာမှာ မွေးရာပါဗီဇအရ တတ်ကျွမ်းနေသူများကိုတော့ မဆိုလိုပါဘူး။ အောက်မှာ နမူနာအနေနဲ့ ကာရန်လေးတွေကို လေ့လာကြည့်ပါဗျာ။


၁။ မာမာ လာပါ။

၂။ ညအခါ လမသာ။

၃။ စောဖေ နောကျေ။

၎။ စုံမြိုင်တွင်း ထုံကြိုင်သင်း။

၅။ ရေတံခွန် ဟေမ၀န်။

၆။ မာမာ ချာချာ ၊ သာသာ ယာယာ။

၇။ ပန်းပိတောက်မင်း ၊ လမ်းတစ်လျှောက်သင်း။

၈။ မဲဇာတောင်ခြေ၊ သဲသာသောင်မြေ ၊ ပွဲခါညောင်ရေ။

၉။ ပေးစရာလည်း ငွေမရှိ ၊ ပြေးစရာလည်း မြေမရှိ။

၁၀။ အကြံမရှိ နောက်လိုက် ၊ ဆန်မရှိ ကောက်စိုက်။


နမူနာတွေကို ကြည့်ပြီး လေ့ကျင့်ကြမယ်ဆိုရင် ထိုက်သင့်သလောက်နားလည် တတ်ကျွမ်းလာမယ်လို့ဆိုပါ တယ်။ စကားပုံတွေ၊ စကားထာတွေကို လေ့ကျင့်မယ်ဆိုရင် မြန်မြန်ဆန်ဆန် သဘောပေါက်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ကာရန်ညီအောင် လေ့ကျင့်ရာမှာ အသတ်လည်းညီ၊ အသံလည်းညီလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုဆိုတဲ့အတွက် အမြဲတမ်း အသံလည်းညီရမယ်၊ အသတ်လည်းညီရမယ်လို့ ဆိုလိုခြင်းတော့မဟုတ်ပါ။ ကဗျာဆိုတာ ရွတ်ဆိုမှုကို ဦးစားပေးတာဖြစ်တဲ့အတွက် အသံညီပြီး အသတ်မညီ ပေမယ့်လည်း စပ်ဆိုတတ်ကြပါတယ်။ “ပန်းလို မွှေးပါစေ” “စမ်းလို အေးပါစေ” လို့ စပ်ဆိုရာမှာ “ပန်း” နဲ့ “စမ်း” က အသတ်မပဲ အသံကိုသာ အဓိကာထားတာကို တွေ့နိုင်ပါတယ်။


02.png


ဒီတော့ မြန်မာကဗျာတွေကို စပ်ဆိုလိုတယ်ဆိုရင်တော့ အခြေခံလည်းကျ အဓိကလည်းဖြစ်တဲ့ “ကာရန်” ကို သေချာနားလည်အောင် လေ့လာရမယ်၊ လေ့ကျင့်ကြရမှာဖြစ်ပါတယ်။ “ကာရန်” ဆိုတာဘာလဲဆိုတာကိုလည်း သိဖို့လိုလာပါပြီ။ “ကာရန်” ဆိုတာက အက္ခရာ၏ အဆုံးသံ ဖြစ်တယ်လို့ဆိုပါတယ်။ ကာရန်ယူရာတွင် အက္ခရာရဲ့ အဆုံးသံကို ယူတာလည်း ရှိသလို တစ်ပိုဒ် တစ်ပိုဒ် ချင်းစီရဲ့ အဆုံးသံကို အညီယူတာလည်းရှိ ပါတယ်။ ကာရန်မှာဆိုတာကတော့ လူအတော်များများ နားလည်ပြီးဖြစ်မယ်ထင်ပါတယ်။ အသံညီတာကို ဆိုလိုတာဖြစ်ပါတယ်။ အပေါ်မှာရေးပြခဲ့သလို “ပန်း” “စမ်း” ၊ “ကား” “အား” ၊ “စူး” “အူး” ၊ “ဗူး” “ဒူး” စသဖြင့် အသံတူများကို ထည့်ရေးကြရခြင်းဖြစ်ပါတယ်။ ကာရန် (၆၄) ပါးရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။ ကာရန်(၆၄)ပါးကိုတော့ ထည့်ပြီးမရေးတော့ပါဘူး။ ကာရန်တူတာလေးတွေကို အောက်မှာ ဇယားနဲ့ ရေးသား ဖော်ပြလိုက်ပါတယ်။


ကာရန်စာလုံး=သံတူစကားလုံး
ကား=စား ၊ ၀ါး ၊ ငါး ၊ လား ၊ ထွား ၊ တား ၊ ပွား ၊ ပျား
ခင်=မင် ၊ ကြင် ၊ မြင် ၊ စင် ၊ လွင် ၊ ရှင်
ကောင်း=ထောင်း ၊ မောင်း ၊ သောင်း ၊ ကျောင်း ၊ ဇောင်း
မေ=ရွှေ ၊ ငွေ ၊ ဖေ ၊ မြေ ၊ ဝေ ၊ လေ
စမ်း=လမ်း ၊ ဖမ်း ၊ ကမ်း ၊ ဂျမ်း ၊ စွမ်း
စော=သော ၊ ကော ၊ ရော ၊ နှော ၊ ဗြော ၊ မော ၊ တော
အေး=ဆေး ၊ ငေး ၊ လေး ၊ တွေး ၊ ရေး ၊ ဘေး ၊ ဆွေး
တိုး=စိုး ၊ ဆိုး ၊ မိုး ၊ အိုး ၊ ဒိုး ၊ ကြိုး ၊ ဖြိုး ၊ ဇိုး
ထွတ်=လွတ် ၊ ဆွတ် ၊ ဒွတ် ၊ မွတ် ၊ ရွှတ် ၊ အွတ် ၊ ကျွတ်
နိ=ညီ ၊ စီ ၊ ဘီ ၊ အီ ၊ ဒီ ၊ သီ ၊ ပြီ ၊ ချီ

ဖော်ပြထားတဲ့ ဥပမာများက ကာရန်တူတွေကို သဘောပေါက်စေရန်အတွက်သာဖြစ်ပါတယ်။ ကိုယ်တိုင် လေ့ကျင့်ရေးသားကြမှသာ ပိုမိုနားလည် သဘောပေါက်မယ်လို့ထင်ပါတယ်။ ၀ါသနာပါသူ ချစ်မိတ်ဆွေတို့ လေ့လာထားသင့်ပါတယ်။ ဒါတွေက အခြေခံဖြစ်ပါလိမ့်မယ်။ ကာရန် မသိရင် ကဗျာရေးစပ်ဖို့ ခက်ခဲပါတယ်။ ကာရန်ကို နားလည်ရင် လွယ်ကူသွားပါလိမ့်မယ်။
ကဗျာစပ်ဆိုဖို့အတွက် ကာရန်တွေကို သေချာနားလည်ခဲ့ပြီဆိုရင်တော့ “အသံ” တွေကို ဆက်လေ့လာရမှာ ဖြစ်ပါတယ်။ ကဗျာဖွဲ့ဆိုဖို့အတွက် အသံ သုံးမျိုး ရှိတယ်လို့ဆိုပါတယ်။ အဲဒီအသံတွေကတော့-

(၁) ပကတိသံ၊ (၂) အောက်မြစ်သံ၊ (၃) ၀ိသဇ္ဖနီသံ(၀စ္စပေါက်သံ) တို့ဖြစ်ပါတယ်။


(၁) ပကတိအသံ


ပကတိသံ ဆိုတာက အောက်မြစ် နဲ့ ၀စ္စပေါက်မပါသော ကာရန် ဖြစ်ပါတယ်။ “တက်သံ” လို့လည်းခေါ်ဆိုပါတယ်။


(၂) အောက်မြစ်သံ


အောက်မြစ်သံ ဆိုတာက အောက်မြစ်ပါသော ကာရန်စု နဲ့ အောက်မြစ်မပါပေမယ့် အောက်မြစ်သံနဲ့ ရွတ် ဖတ်ရတဲ့ အ ၊ အိ ၊ အု စတဲ့ ကာရန်စု ကိုခေါ်ပါတယ်။ “သက်သံ” လို့လည်း ခေါ်ပါတယ်။

ကသတ် ၊ တသတ် ၊ စသတ် ၊ ပသတ် တို့ကိုလည်း အောက်မြစ်သံ ကဲ့သို့ အသုံးပြုနိုင်ပါတယ်။ အဲဒီအသံတွေကိုတော့ တိုင်သံ လို့လည်း ခေါ်ပါတယ်။


(၃) ၀ိသဇ္ဖနီသံ(၀စ္စပေါက်သံ)


ဝစ္စပေါက်သံ ဆိုတာက ရှင်းမယ်ထင်ပါတယ်။ ၀စ္စပေါက်ပါတဲ့ အသံတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ “နိမ့်သံ” လို့လည်း ခေါ်ပါတယ်။
ပကတိအသံ(တက်သံ) ကို “ချီသံ” လို့လည်း ခေါ်ပါတယ်။

အောက်မြစ်သံ(သက်သံ) ၊ ၀စ္စပေါက်သံ(နိမ့်သံ) နဲ့ အသတ်သံ(တိုင်သံ) တို့ကို “အချသံ” များဖြစ်ပါတယ်။
အောက်မှာ ပိုမိုနားလည်စေနိုင်ဖို့အတွက် ဇယားနဲ့ ဖော်ပြပေး လိုက်ပါတယ်။


(၁)
(၂)
(၃)
ပကတိအသံ
အောက်မြစ်သံ
ဝစ္စပေါက်သံ
အာအာ့ = အအား
အီအီ့ = အိအီး
အူအူ့ = အုအူး
အေအေ့ = အေ့အေး
အယ်အယ့် = အဲ့အဲး

ကဗျာတွေရေးတဲ့အခါမှာ အချီသံ နဲ့ အချသံကို တစ်လှည့်စီ ရေးဖွဲ့နိုင်မယ်ဆိုရင် အလွန်သာယာနာပျော်ဖွယ် ကောင်းပါသတဲ့။ အသံနေ အသံထား အသံသွား အသံလား ပြေပြစ်ချောမွေ့တယ်လို့ဆိုပါတယ်။ ဒါတွေကတော့ မြန်မာကဗျာရေးလိုတဲ့ချစ်မိတ်ဆွေများအတွက် မျှဝေလိုသောကြောင့် ဆရာကြီး တင်မိုး ရေးသားထားခဲ့တဲ့ “မြန်မာကဗျာ ဖွဲ့နည်း” စာအုပ်အား မှီငြမ်း ကူးယူမျှဝေခြင်းဖြစ်ပါတယ်။ မြန်မာကဗျာကို ရေးသားရန် ဆန္ဒရှိသော ချစ်မိတ်ဆွေအပေါင်း အဆင်ပြေပြေ လေ့လာ ရေးသားနိုင်ကြပါစေ။ နောက်ထပ်လည်း စနေနေ့တိုင်းမှာ ရှိသင့် သိသင့်တဲ့ စာလေးတွေကို မျှဝေရေးသားလိုပါသေးတယ်။



ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

6-Oct-2018 စနေနေ့(Saturday)