ကိုယ် နှုတ် ယဉ်ကျေးမှု(Must Polite Your Body And Speaking)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



01.png


အလုပ်တွေကရှုပ် အရှုပ်တွေကလုပ်ရသေး မအားသလောက်ဖြစ်နေတော့ စာရေးရန်ကအချိန်မရ။ ခေါင်းထဲစဉ်းစားတဲ့ အကြောင်းအရာ ခေါင်းစဉ် သီးသန့်မရှိဖြစ်နေတာပေါ့။ သွားရင်လာရင်းတွေ့သမျှ စိတ်ကူးထဲထည့် စာရေးမယ် စိတ်ကူးသော်လည်း ကွန်ပျူတာရှေ့ရောက် စဉ်းစားထားတာလေးတွေ ဘယ်ရောက်ကုန်မှန်းမသိဖြစ်နေပြန်ရော။ ဒီတော့ Post မတင်တော့ရင်ကောင်းမလား။ ဒါလဲမဖြစ်သေးပါဘူး။ တင်တော့တင်မှဖြစ်မယ်လေ။ ဒီတော့ဘာတင် ရင်ကောင်းမလဲ။ စဉ်းစားလိုက် ရေးခြစ်လိုက် ဖျက်ပစ်လိုက် အချိန်တော်တော်ကုန်သွားပေပြီပဲ။ ကဲ လူငယ် လူကြီး ဗဟုသုတရစေရန်အတွက် ဖတ်ထား သိထား ကြားထားဖူးသောအကြောင်းအရာလေးတွေထဲကနေ ယနေ့ ခေတ် အခါကာလနဲ့လည်း ကိုက်ညီနိုင်မယ်လို့ထင်တဲ့ လူမှုဆက်ဆံရေးများမှာ အသုံးဝင်နိုင်မယ့် ယဉ်ကျေးမှုအကြောင်း အနည်းငယ် ရေးလိုက်တော့မယ်ဗျ။ သည်းခံ ဖတ်ရှု မှတ်သား ဗဟုသုတပွားနိုင်ကြပါစေကုန်။


03.png

Image from google


ယဉ်ကျေးခြင်းနှင့်ပတ်သက်ပြီး ယခင်ကလည်း ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ပြည့်စုံနိုင်မယ်တော့မဟုတ်ပါဘူး။ ဒါကြောင့်လည်း ထပ်မံရေးသားပါတယ်။ တစ်ဦးတစ်ယောက်တည်းနေထိုင်ကြတာမဟုတ်တဲ့အတွက် လူမှုဆက်ဆံ မှုနယ်ပယ်အသီးသီးမှာ ယဉ်ကျေးခြင်းကလည်း အဓိကအခန်းကနေပါဝင်နေမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီတော့ ဘာတွေကို ဘယ်လိုယဉ်ကျေးရမလဲဆိုတာနဲ့ပတ်သက်ပြီး ရေးသားလိုက်ပါတယ်။ ယဉ်ကျေးတယ်ဆိုတာက ကိုယ်အမူအရာရော နှုတ်အမူအရာပါ ယဉ်ကျေးနိုင်ကြရပါမယ်။ ကိုယ်အမူအရာကတော့ ယဉ်ကျေးပါရဲ့။ နှုတ်က မယဉ်ကျေးရင် ယဉ်ကျေးမှုမမြောက်နိုင်ပါဘူး။ အဲဒီလိုပါပဲ နှုတ်အမူအရာကတော့ ယဉ်ကျေးနေပါရဲ့ ကိုယ်အမူအရာက မခန့်လေးစားဖြစ်နေမယ်ဆိုရင်လည်း ယဉ်ကျေးတယ်လို့ ဘယ်သူမှ သတ်မှတ်မယ်မထင်ဘူး။ ဟုတ်မဟုတ် စဉ်းစားသာကြည့်ကြပေတော့ဗျ။ အခြားသူများကို လေးလေးစားစား ဆက်ဆံသင့်ကြတယ် မဟုတ်ပါ လား။ ကိုယ့်ကို မခန့်လေးစားပုံစံနဲ့ စကားပြောနေမယ်ဆိုရင် ကိုယ့်စိတ်မှာ ဘယ်လိုနေမလဲ။ ကိုယ်က အခြားသူတစ်ယောက်ကို မခန့်လေးစားပုံစံနဲ့ စကားပြောဆက်ဆံနေမယ်ဆိုရင်ရော တစ်ဖက်လူရဲ့စိတ်မှာ ဘယ်လိုနေမလဲ။ စဉ်းစားသာကြည့်ကြပေတော့ဗျ။


01 copy.png

Image from google


မိမိထက်အသက် ဂုဏ် ကြီးသူတွေက စကားပြောနေတဲ့အခါမှာပဲဖြစ်ဖြစ်၊ မိမိတို့နှင့်မရင်းနှီးတဲ့ သူစိမ်းများနဲ့ စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ် ခေါင်းကိုငုံ့မထားသင့်ပါဘူးတဲ့။ လူကြီးသူမတွေ ပြောတဲ့စကားကို သေချာစောင့်ဆိုင်းနားထောင် ငံ့လင့်နေတဲ့ပုံစံပြပေးရမယ်။ အဲဒီလိုပဲ အခြားသူတွေနဲ့စကားပြောဆိုတဲ့အခါမှာ ရှက်ကိုးရှက်ကန်းအမူအရာနဲ့ စကားမပြောဆိုသင့်သလို ရဲတင်းလွန်းတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာတွေကို ဆင်ခြင်ရမယ်ဗျ။ ရဲတင်းလွန်းရင် တစ်ဖက်လူက အထင်သေးသလိုဖြစ်သွားတတ်တယ်။ အဲဒီအခါမှာ တစ်ဖက်လူ က မလေးမခန့်ပုံစံပြန်ပြလာတတ်တယ်။ ဒီတော့ ဒါလေးတွေကို ဆင်ခြင်သင့်တယ်မဟုတ်လားဗျာ။ နောက်ထပ် ခြင်ဆင်သင့်တာလေးတွေက အခြားသူတွေ စကားပြောနေတဲ့အချိန်မှာ ကိုယ်က သူတို့စကားမဆုံးခင် လုပြီး တနည်း ဖြတ်ပြီး မပြောသင့်ဘူး။ သေချာနားထောင်ပေးတတ်ရတယ်။ သူတို့စကားကို ဆုံးအောင်စောင့်ဆိုင်းရ တယ်။ သူတို့ပြောပြီးမှ ကိုယ်က ပြောဆိုသင့်တယ်။ ချေပရမယ်ဆိုလဲ ချေပစကားပြောသင့်တယ်ပေါ့။ သူတစ်ပါး စကားပြောနေတဲ့အခါမှာ စိတ်မပါသလို ကိုယ်ဟန်အမူအရာတွေ မပြရဘူး။ အမှန်တကယ် စိတ်မပါရင်တောင်မှ အဲဒီလို ကိုယ်အမူအရာမပေါ်လွင်စေသင့်ဘူး။ ဒါမှလည်းလူမုန်းခံရတာနည်းမယ်။ လူမုန်းတော့ဘာဖြစ်လဲလို့များ စဉ်းစားမယ်ဆိုရင်တော့ သင့်တို့အပေါ်မှာ ကောင်းမွန်တဲ့ မိတ်ဆွေတွေ မရနိုင်ဘူးပေါ့။ မိတ်ဆွေမရှိရင်တော့ ရန်သူ ဖြစ်လာတတ်တယ်။ သတိပြုဆင်ခြင်စရာလေးတွေပေါ့နော်။


02.png

Image from google


သူတစ်ပါးပြောဆိုတဲ့အရာကို ကိုယ်က တတ်ကျွမ်းနားလည်နေတယ်ဆိုရင်တောင် သူပြောတာကို ပြီးဆုံးအောင် စောင့်ပြီးတော့ ရိုသေလေးစားတဲ့ဟန်အမူအရာနဲ့ အကြံပြုပြောဆို ဆွေးနွေးပေးရတယ်။ ဒါမှလည်း တစ်ဖက်သား ကကိုယ့်ကို ရိုသေမယ်။ အထင်ကြီးမယ်။ လေးစားမယ်ပေါ့ဗျာ။ အဲလိုမဟုတ်ပဲနဲ့ ဆရာလုပ်တဲ့ပုံစံနဲ့ ပြောမိမယ်ဆို ရင်တော့ ကောင်းကျိုးမရတဲ့အပြင် ရန်သူအဖြစ်မြင်သွားတတ်တယ်။ ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် အထင်ကြီး တယ်ဆိုတာလေးကို ဘယ်တော့မှမမေ့ပါစေနဲ့။ ယဉ်ကျေးတဲ့အမူအရာဆိုတာ လေ့ကျင့်ယူရင်ရပါတယ်ဗျာ။ အကျင့်ဖြစ်သွားတယ်ဆိုရင် သူ့အလိုလိုဖြစ်လာတတ်ကြတာပါ။ အခြားသူတစ်ယောက်ကို အပြစ်မတင်မိစေနဲ့။ အပြစ်တင်တယ်ဆိုတာ အင်မတန်ရိုင်းတဲ့သဘော သက်ရောက်တတ်တယ်။ အပြစ်တင်ခံရတဲ့သူကလည်း သူ့ကိုယ်သူ ကာကွယ်တဲ့စကားလုံးတွေနဲ့ ခုခံလာလိမ့်မယ်။ ဒါဆိုရင် တစ်ဖက်နဲ့တစ်ဖက် တစ်ယောက်နဲ့ တစ်ယောက် ဒေါသတွေဖြစ်လာကြလိမ့်မယ်။ ဒေါသဖြစ်လာရင် နောက်ဆက်တွဲတွေ မကောင်းဘူးဆိုတာ လူတိုင်း သိတယ်လေ။ ဒါပေမယ့် ဆင်ခြင်ပြီး ဒေါသမထွက်တဲ့သူကတော့ နည်းတယ်ဗျ။ ဒီတော့အပြစ်တင်မယ်ကြံရင်တော့ အရင်ဆုံး စဉ်းစားပါ။ ဒါကလည်း နှုတ်အမူအရာနဲ့ ယဉ်ကျေးမှုတစ်ခုပဲဖြစ်မယ်လေ။ နှုတ်အမူအရာယဉ်ကျေးသူကို တစ်ဖက်ကလည်း ယဉ်ကျေးတဲ့ နှုတ်အမူအရာနဲ့ တုံ့ပြန်လာတတ်တယ်။ အမြဲတမ်းတော့မဟုတ်ဘူးပေါ့လေ။


05.png

Image from google


တစ်ယူသန်ပြောဆိုတတ်တဲ့သူတွေနဲ့ ယှဉ်ပြိုင်ပြီး စကားစစ်မထိုးမိခြင်းဟာလည်း ကိုယ် နှုတ် ယဉ်ကျေးခြင်း တစ်မျိုးလို့ထင်တယ်ဗျ။ တစ်ယူသန်သမားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငြင်းခုံတာကို တတ်နိုင်သမျှ ရှောင်ရှားခြင်းက နှစ်ဦး နှစ်ဖက် အဆင်ပြေစေတယ်။ ပြိုင်ငြင်းလို့နိုင်ရင် လူမုန်းမယ်။ ရှုံးရင် စိတ်မချမ်းမသာ စိတ်ညစ်ရမယ်။ ဘာမှမကောင်းတာမို့ ယဉ်ကျေးစွာနဲ့ ထိန်းသိမ်းအနိုင်ယူလိုက်ပါ။ ဒါဆို ကိုယ်ပြောစရာမလိုပဲနဲ့ အနိုင်ရနေပါလိမ့်မယ်။ အခြားသူများကို ရိုင်းပြတဲ့စကားလုံးအသုံးအနှုံးတွေကို မသုံးမိပါစေနဲ့။ သုံးမိရင် ကိုယ့်ကိုလည်း ရိုင်းပြတဲ့စကားလုံး ရိုင်းပြတဲ့ ကိုယ်ဟန်အမူအရာတွေနဲ့ ဆက်ဆံလာမယ်ဆိုတာလည်း သတိပြု ဆင်ခြင်သင့်ပါတယ်။ မကောင်းတဲ့စိတ်ထား က ယဉ်ကျေးမှုကို ပျက်ယွင်းစေတယ်ဆိုတာလေးကိုလည်း သတိ ဆောင်သင့်တယ်။ မကောင်းတဲ့စိတ်က မကောင်းတဲ့ နှုတ်ထွက်စကားတွေ မကောင်းတဲ့ ကိုယ်အမူအရာတွေကို တွန်းပို့တတ်တာ လူတိုင်းသိပါတယ်လေ။ ဒီတော့ ကောင်းတဲ့ ကိုယ်အမူအရာတွေ ကောင်းတဲ့ နှုတ်ထွက်စကားတွေကို လိုချင်တယ်ဆိုရင်တော့ ကိုယ်က စပြီးကောင်းပေးလိုက်ပါလေ။ ဒါဆို သူ့အလိုလို အားလုံးအတွက် ပြေလည်သွားနိုင်မယ်ပေါ့။ အောက်ကမြန်မာစကားပုံတွေကို ရှေးလူကြီးများက အလကားသက်သက်မဲ့ ပြောချင်ရာ ပြောထားခဲ့တာတော့ မဟုတ်တန်ပါဘူး။ သတိပြုဆင်ခြင်ကြနိုင်စေရန်ပေါ့လေ။ ဖတ်ကြည့်လေ။


"နှုတ်ချို သျှိုတစ်ပါး"


"နှုတ်ကောင်းလျှင် ပြည်စိုး"


"နှုတ်ကြောင့်သေ"


"လက်ကြောင့်ကြေ"


"စကားကျွံ နှုတ်မရ"


ယဉ်ကျေးခြင်းကြောင့် ဆုံးရှုံးနစ်နာတာ တချို့တလေရှိနိုင်ပေမယ့် အများအားဖြင့် ယဉ်ကျေးလို့ လူအထင်သေး မခံရတာတော့ သေချာသလို အထင်ကြီးလေးစားခံရတတ်တာကို သတိရစေချင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က အရက်သမားတစ်ယောက်လောက် မူးရမ်းပြီး ဆိုးသွမ်းတဲ့ နှုတ်ထွက်စကားတွေ ကိုယ်အမူအရာတွေနဲ့ အော်ဟစ် ဆဲဆိုနေမယ်ဆိုရင် ကိုယ့်စိတ်မှာဘယ်လိုခံစားရမယ်ထင်သလဲ။ တကယ်လို့ ကိုယ်သာ အဲဒီအမူးသမားလိုဖြစ်နေ ခဲ့မယ်ဆိုရင်ကော ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လိုထင်မြင်ချက်ပေးမယ်လို့ထင်သလဲ။ ကိုယ့်ဖာသာဖြေကြပေ တော့။ ဒီတော့ နှုတ်ကိုရော ကိုယ်ကိုပါ ယဉ်ကျေးခြင်းကြောင့် နေရာကြီးကြီးတွေမှာ လူကြီးကြီးတွေဖြစ်နေကြတာ တွေကို မြင်ကြမှာပါ။ နေရာကြီးကြီး လူကြီးကြီးဖြစ်မှ ကိုယ် နှုတ် အမူအရာတွေကို ယဉ်ကျေးရမှာမဟုတ်ပါဘူး။ အချိန်တိုင်း နေရာတိုင်းမှာ ကိုယ် နှုတ် အမူအရာတွေကို လူတိုင်း လူတိုင်းက ယဉ်ကျေးနေကြမယ်ဆိုရင် ဆဲသံ ဆိုသံတွေ မကြားရလောက်တော့ဘူးထင်တယ်။ ကျွန်တော်ထင်တာပြောတာပါ။ ဆဲသံ ဆိုသံတွေ ကြားချင်ရင်လည်း ဆက်ကြားနေကြရအုံးမှာပေါ့နော။ ဘာပဲဖြစ်ဖြစ်လေ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ ဆိုသလိုပေါ့။ မိမိတို့ရဲ့ ကိုယ် နှုတ် အမူအရာလေးတွေကို ကောင်းမွန်အောင် ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် ကိုယ် နှုတ် ယဉ်ကျေးကြပါစို့လို့ တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါတယ်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

5-Feb-2018 တနင်္လာနေ့(Monday)