ကိုယ်တိုင်တွေး ကိုယ်တိုင်ရေး
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကမ္ဘာလောကကြီးတစ်ခုလုံးသည် လူအမျိုးမျိုး လှုပ်ရှားသွားလာ လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ လူအမျိုးမျိုး စိတ်အထွေထွေဟု ပြောစမှတ်လည်း ပြုခဲ့ကြပါသည်။ ထို့ကြောင့် လူ့လောကကြီးအား ရှုမြင်သုံးသပ်ကြရာတွင် အမျိုးမျိုးသောအမြင်များဖြင့် ရှုမြင်သုံးသပ်ကြမည်ဖြစ်ပါသည်။ ထို့သို့ရှုမြင် သုံးသပ်ကြရာတွင် မိမိတို့၏ အတွေ့အကြုံ၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၏ အတွေးအခေါ်လွှမ်းမိုးမှု၊ ပင်ကိုယ်စိတ်အခံတို့အား အခြေပြုကာ ရှုမြင်သုံးသပ်ကြမည်ဖြစ်ပါသည်။ စာရေးသားကြရာတွင်လည်း ထို့အတူတူပင်ဖြစ်ပါသည်။ ငယ်စဉ်ကပင် လွှမ်းမိုးချုပ်ကိုင်လာခဲ့သည့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း နှင့် ကလေးဘ၀ကတည်းက သန္ဓေတည်လာခဲ့သော ပင်ကိုယ်စိတ်အခြေခံတို့ပေါ်တွင် မူတည်ကာ ယူဆချက်၊ ရေးသားချက်တို့သည် အမျိုးမျိုးကွဲလွဲသွားတတ်ပါသည်။ သို့သော် မည်သို့ပင် ပြုမူချက်၊ တွေးခေါ်ယူဆချက်များကွဲလွဲနေသော်လည်း မည်သည့် အကြောင်းအရာကိစ္စရပ်တို့တွင်မဆို အခြေခံအားဖြင့် ဇာတ်ကောင် ဇာတ်ဆောင် နှစ်မျိုးသာရှိမည်ဖြစ်ပါသည်။ ထို နှစ်မျိုးသည်ကား ပြုလုပ်သူ နှင့် ပြုလုပ်ခြင်းခံရသူတို့ပင်ဖြစ်ပါမည်။ ကိစ္စရပ်တိုင်းတွင် ထိုနှစ်မျိုးကသာ ဦးဆောင် ဦးရွက် ပြုနေကြမည်ဖြစ်ပါသည်။ မည်သူကပြုလုပ်၍ မည်သူက ပြုလုပ်ခြင်းခံကြရသည်ကို အဓိကအားဖြင့် နှိုင်းယှဉ်ဖော်ပြကြခြင်းဖြင့် ဇာတ်လမ်း ဇာတ်အိမ်များဖြစ်ပေါ်လာကြရပါသည်။ ထိုမှတစ်ဆင့် စိတ်ဝင်စားမှု၊ ဆွဲဆောင်မှုရှိစေရန် ဇာတ်ပို့များပါဝင်ကူညီ အားဖြည့်ရေးသားကြသည်ကို မြင်တွေ့ရပါ သည်။
ကျွန်တော်ကိုယ်တိုင်အနေဖြင့် ဇာတ်လမ်း ဇာတ်ကွက်များအား စဉ်းစားနိုင်စွမ်းအားနည်းပါသည်။ ဇာတ်လမ်း ဇာတ်ကွက် ဖန်တီးနိုင်မှု မရှိသလောက် နည်းပါးကြောင်း ဒီနေရာတွင် ၀န်ခံရပေမည်။ စာအရေးအသား အဖွဲ့အနွဲ့တို့သည်လည်း စာဖတ်သူတို့အား စိတ်ဝင်စားစေရန် ဆွဲဆောင်နိုင်သည် ဖြစ်ရာ အဖွဲ့ အနွဲ့ များအားလည်း လေ့လာသင့်ပါသည်။ သို့မှလည်း မိမိတို့ရေးသားသောစာများအား စာဖတ်သူတို့မှ စိတ်ဝင်စားကြမည်ဖြစ်ပါသည်။ အချို့သောလူများသည် သရဲ တစ္ဆေများအကြောင်းကို စိတ်ဝင်စားကြသည်။ တချို့သောသူများသည် အချစ် အလွမ်းကို စိတ်ဝင်စားကြသည်။ အချို့သောသူ တို့သည် တိုးတက်ကြီးပွားအောင်မြင်ရေးကို စိတ်ဝင်စားတတ်ကြသည်။ ထိုသို့ စိတ်အမျိုးမျိုးနှင့် စာဖတ်ကြသည်ဖြစ်ရာ လူအားလုံးအကြိုက်တွေ့စေနိုင်သည့် စာအား ဖန်းတီးရေးသားရန်မှာလည်း မလွယ်ကူနိုင်ပါ။ စိတ်ကူးယဉ်ဇာတ်လမ်းတို့မှသည် အမှန်တကယ်လက်တွေ့ ဖြစ်ပေါ်လာတတ်ကြ ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတို့အား အချို့လူများက မကြိုက်နှစ်သက်တတ်ကြပါ။ မှားယွင်းနေသည်ဟုလည်း ထင်မြင်မိပါသည်။ စိတ်ကူးယဉ်ခြင်းမှ အသစ်အဆန်းများပေါ်ပေါက်လာ တတ်ခြင်းဖြစ်ရာ စိတ်ကူးယဉ်စာများအားလည်း လက်သင့်ခံသင့်သည်ဟုထင်ပါသည်။ ကိစ္စရပ်တိုင်းတွင် လက်တွေ့မလုပ်ကိုင်မီ စိတ်ကူးဖြင့် ပုံဖော် ရေးသား တည်ဆောက်ကြရပါသည်။ စိတ်ကူးမပေါ်က စာလည်းရေးနိုင်မည်မဟုတ်ပါ။ အလွန်အကျွံ စိတ်ကူးယဉ်ကာ ရေးသားခြင်းမျိုးလည်း ရှိနိုင်ပါသည်။ တချို့သော ပုံပြင်များ၊ ဒဏ္ဍာရီများ၊ အတိတ်နိမိတ်စာများသည် လည်း စိတ်ကူးယဉ်ခြင်းမှပင် စတင်ခဲ့ကြပါသည်။ စက်ဘီး၊ ဆိုင်ကယ်၊ လေယာဉ်ပျံ၊ မော်တော်ကားစသည့် လူသုံးပစ္စည်းတို့သည်လည်း စိတ်ကူးယဉ်ခြင်းမှပင် ဖြစ်တည်လာခဲ့ခြင်းဖြစ်ရာ စိတ်ကူးယဉ်စာပေများအားလည်း မပစ်ပယ်သင့်ဟု ထင်မှတ်မိပါသည်။ သို့သော်လည်း စိတ်ကူးသက်သက်ဖြင့် မည်သည့်အရာမှ တည်ဆောက်နိုင်မည်မဟုတ်ပါ။ လက်တွေ့လုပ်ဆောင်မှ စိတ်ကူးကို အကောင်အထည်ဖော်နိုင်မှသာ အကျိုးရရှိနိုင်မည်ဖြစ်ပါသည်။
ဝတ္ထုရေးမည်ဆိုပါ စိတ်ကူးကအရင် အလုပ်လုပ်ရပါသည်။ အချက်အလက်စုဆောင်းကြရပါသည်။ ဇာတ်ကောင်စရိုက်ရွေးချယ်ရပါသည်။ ဇာတ်လိုက်ကျော်အဖြစ် မည်သည့်စရိုက်နှင့်ထားရှိမည်နည်း။ ထိုဇာတ်လိုက်ကျော်နှင့်အပြိုင် ဇာတ်ကောင်လည်းပါရှိလာရမည်ဖြစ်ပါသည်။ စာရေးဆရာအဖြစ်သို့ ရောက်ရှိလာရန်မှာပင် အလွန်ခက်ခဲနိုင်ပါသည်။ အောင်မြင်သော စာရေးဆရာတစ်ယောက်ဖြစ်လာရန် ပို၍ပင်ခက်ခဲနိုင်ပါသည်။ စာရေးတတ်ရုံမျှဖြင့်လည်း အောင်မြင်နိုင်မည်မဟုတ်ပါ။ လူအများ၏ လက်ခံမှုကို ရရှိမှသာ အောင်မြင်နိုင်ပါမည်။ ဟိုစပ်စပ် ဒီစပ်စပ် နဲ့ရင်ဆိုတော့ ဟိုမရောက် ဒီမရောက်ဖြစ်နေမည်ဖြစ်ပါသည်။ တစ်ခုခုအား သေချာလေ့လာ မယ်ဆိုအချိန်တစ်ချိန်မှာ နေရာတစ်ခု တော့ ရလာနိုင်ပါသည်။ ဟိုမရောက် ဒီမရောက်ဖြစ်နေကြရသည်မှာ တစ်ခုခုကို သေချာလေ့လာခြင်း မရှိလို့ပဲဖြစ်ပါမည်။ ဒါကတော့ ကျွန်တော့ ကိုယ်တွေ့ပဲလို့ပြောရပါလိမ့်မည်။ ဘာကြောင့်ဆို ကျွန်တော် ကိုယ်တိုင်က ဟိုစပ်စပ် ဒီစပ်စပ် ဟိုမရောက် ဒီမရောက် ဖြစ်နေတဲ့သူတစ်ယောက်မို့ပါပဲ။ ၀တ္ထုရေးမလား။ အတိုလား အရှည်လား။ ကဗျာလား၊ တိုးတက် ကြီးပွားအောင်မြင်ရေးလား ကိုယ်တိုင် ရွေးချယ်လေ့လာကြပါလို့ အကြံပေးချင်ပါသည်။ ယခုဆိုလျှင် MSC မှ စာရေးနေသူ အများစုသည် အူလည်လည်အဆင့်မဟုတ်ကြတော့ဘူးလို့လည်း ထင်ပါသည်။ ဒီတော့ နေရာတစ်ခုရစေရန်အတွက် မိမိတို့ဝါသနာပါရာ စာရေးနိုင်ရန်အတွက် လေ့လာကြပါလို့လည်း တိုက်တွန်းလိုက်ပါသည်။ အောင်မြင်အောင်လည်း ကြိုးစားကြပါလို့ ထပ်မံတိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
30-May-2018 ဗုဒ္ဓဟူးနေ့(Wednesday)