ကိုယ်ချင်းစာကြည့်ခြင်း (SYMPATHM)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



SYMPATHM copy.png

Image from google


ကျွန်တော်တို့နေထိုင်ရာ လူ့လောကကြီးသည် တစ်ခါတစ်ရံ ရယ်စရာကောင်းသည်ဟု ထင်မိပါသည်။ လွန်ခဲ့သော နှစ်အနည်းက ဆုပ်ကိုင်ထားခဲ့သော မှန်သည်ထင်သည့်အရာသည် ယခုအခါမှားတယ်လို့ထင်လာမိပြန်သည်။ ကျွန်တော်သည် ယခု စာရေးဆရာမဟုတ်ပါပဲနှင့် Steemit တွင် စာများကို ရေးသားနေမိသည်။ အမှန်တကယ်တော့ SBD ကိုလိုချင်နေမိသောကြောင့်ပင်။ ကိုယ့်လောဘနှင့်ကိုယ်ပေါ့လေ။ လောဘ ဘောဘ လို့ပြောရမည်ပင်။ ဒါပေမယ့် ကောင်းသောလောဘလေးပါ။ မတော်လောဘတော့မဟုတ်ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိရာမှ အခြားသော နာမည်ကြီး စာရေးဆရာများ၊ နာမည်ကြီး သရုပ်ဆောင်များ၊ နာမည်ကြီး ဟာသလူရွှင်တော်များ အားလုံးကို စဉ်းစားမိကာ ကိုယ်ချင်းစာမိလာပေသည်။ ထိုသို့ကိုယ်ချင်းစာ လာမိပေသောကြောင့်လည်း ယခုစာများအား ရေးသားလိုက်ခြင်းဖြစ်ပေသည်။

စာရေးနေကြသော စာရေးဆရာများ၊ သရုပ်ဆောင်များ၊ လူရွှင်တော်များအား အဘယ့်ကြောင့် ကိုယ်ချင်းစာသနည်း။ အဘယ်ကဲ့သို့ ကိုယ်ချင်းစာမိသနည်း။ အငိုမျက်လုံးအပြုံးမျက်နှာဆိုသကဲ့သို့ ရီစရာများ၊ ဟာသများကို ရေးသားနေကြပါသော စာရေးဆရာကြီးများသည် သူတို့၏ ဘ၀တွင် ဟက်ဟက်ပက်ပက် အားရပါးရ ဘယ်နှစ်ခါလောက်များရီမောဖူးမလဲမသိပါ။ စာရေးဆရာကြီးများသည် သူတို့၏စာများအားဖတ်ရှုခြင်း ဖြင့် စာဖတ်ပရိသတ်အား လွမ်းမောဆွတ်ပျံ့ကြည်နူးဖွယ်ရာတို့အား ခံစားစေခဲ့ပါသည်။ ရီမောစရာ ဟာသလေးများကို ရေးသားနေကြသော စာရေးဆရာကြီးများသည် သူတို့၏ ပျော်ရွှင်ဖွယ်ကောင်းသော၊ ရီစရာဖြစ်စေသော စကားလေးများအား အသုံးပြုခြင်းဖြင့် စာဖတ်သူပရိသတ်အား ပျော်ရွှင်ကြည်နူးစွာဖြင့် ရယ်မောစေခဲ့မည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့သော် သူတို့၏ဘ၀သည် ပျော်ရွှင်ကြည်နူးဖွယ်ရွာ၊ ရယ်မောဖွယ်ရာ များနှင့် ရှိနေခဲ့ပါ၏လော ဟု ကျွန်တော် စဉ်းစားမိပြီး ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်ခဲ့ပါသည်။ ပြုံးသူမှာ မျက်ရည်စတွေနှင့် ဟူသောစကားကဲ့သို့ပင်ဖြစ်နေမည်လား။ ရီမောစရာလေးများကို ပရိတ်သတ်အား ပေးရန် စာများအားရေးသားနေချိန်တွင် ရေးသားသူ စာရေးဆရာများသည် ရီမောနိုင်ပါ၏လော။ မျက်ရည်စများနှင့် ရေးသားနေသည်လော။ ထိုမေးခွန်းများကိုတော့ စာရေးဆရာများသာလျှင် သိနိုင်ပါလိမ့်မည်။


clown.png

Image from google


ထို့အတူပင် လူအများကို ရီမောပျော်ရွှင်စေရန်အတွက် ရီစရာ ပြက်လုံးများထုတ်နေကြပါသော လူရွှင်တော်များသည် သူ့တို့၏လက်တွေ့ဘ၀တွင် အားရပါရ ရီမောခဲ့ကြရပါရဲ့လားမသိပါ။ သူတို့၏လုပ်ငန်းခွင်တွင်မူ သူ့တို့၏အမူအရာများကိုကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ သူတို့ပြောဆိုသော ရီမောဖွယ်ရာစကားလုံးများကို နားထောင်ခြင်းဖြင့်လည်းကောင်း ပရိသတ်အား ရီမောပျော်ရွင် စေခဲ့ပေသည်။ ပရိသတ်အားမျက်နှာမူနေချိန်တွင် သူတို့၏မျက်နှာများသည် ပြုံးနေနိုင်ကြသော်လည်း ပရိသတ်အား ကျောပေး နေချိန်တွင် သူတို့ပြုံးပျော်ရွှင်နိုင်ကြပါ၏လော။ စဉ်းစားလာမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ သဏ္ဍာန်လုပ် သရုပ်တူ ဆိုသကဲ့သို့ လူရွှင်တော်များသည်လည်း သရုပ်ဆောင်များပင်ဖြစ်ပါသောကြောင့် ခုရီ ခုငို ဇာတ်သရုပ်ပေါ်အောင် သရုပ်ဆောင်နေကြရသည်ထင်မိပါသည်။ ရောက်ချင်ရာရောက်နေသော ကျွန်တော့်၏အတွေးများသာ ဖြစ်ပါ သည်။

ဘ၀ပေးအခြေအနေအရ မိသားစုအတွက် ၀င်ငွေရရှိစေရန် လူတိုင်းတော့ ကြိုးစားနေကြပေသည်။ ထိုကဲ့သို့ အခြားသူများအား ရီမောပျော်ရွှင်စေပြီး မိမိကိုယ်တိုင်ကမူ စိတ်မကောင်းကြီးစွာ ငိုနေရသော အလုပ်ကို လုပ်နေကြရပါမူ ပီပြင်စေရန်မလွယ်ကူနိုင်ကြောင်းကို စာနာ နားလည်မိပါသည်။ ကိုယ်ချင်းစာတရားသည် မြန်မာ လူမျိုးတို့၏ မွေးရာပါဗီဇပင်ဖြစ်နေသလော။ အခြားသူများအား မိမိနှင့်နှိုင်းယှဉ်ကာ သနားခြင်း ဖြစ်ပေါ်တတ်သည်မှာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဟုပြောရလေမည်လားမသိပါ။ အခြားသူတစ်ယောက်အား ထောက်ထားခြင်း၊ စာနာခြင်း၊ ငဲ့ညှာသနားတတ်ခြင်းများသည် တရားတစ်ခုသာဖြစ်မည်ထင်ပါသည်။ ထိုတရားသည်ပင် ကိုယ်ချင်းစာနာခြင်းဟုပင်ခေါ်ဆိုရမည်ထင်ပါသည်။ အခြားသောသူတစ်ယောက်တွင်ဖြစ်ပေါ် နေသော ခံစားချက်၊ လိုအပ်ချက်၊ အခက်အခဲများရှိနေတတ်ကြောင်း သိရှိရသောအခါတွင် မိမိတို့ကိုယ်တိုင် မခံစားရသော်လည်း ခံစားသကဲ့သို့ နားလည်တတ်ခြင်းကိုပင် ကိုယ်ချင်းစာခြင်းဟုပင် ခေါ်ဆိုရမည်ပင်ဖြစ်ပါသည်။ ကိုယ်ချင်းစာခြင်းနှင့်ပတ်သက်သော နိုင်ငံခြားစာများထဲမှ အလွန်ကောင်းမွန်လှသဖြင့် မှတ်သားထားမိသော စာတိုလေးတစ်ပုဒ်အား ထည့်သွင်းဖော်ပြလိုပါသည်။ ထိုစာတိုလေးအား ဖတ်မိခဲ့သည်မှာကြာခဲ့ပြီဖြစ်သော်လည်း ယခုတိုင် စိတ်ထဲတွင် စွဲမြဲနေခဲ့ပါသည်။ ပတ်ဝန်းကျင် အခြေအနေပေါ်တွင် မူတည်ပြီး အတွေးအခေါ် အယူအဆ များလည်း ကွာခြားသွားတတ်သည်ကိုလည်း ခံစားနားလည်နိုင်ခဲ့ပါသည်။ ကိုယ်ချင်းစာခြင်းကိုလည်း မြင်တွေ့ခဲ့ ဖူးပါသည်။ ကိုယ်ချင်းစာနာခြင်းနှင့်ပတ်သက်သော စာတိုလေးကို အောက်တွင် ရေးသားဖော်ပြလိုက်ပါသည်။ ဖတ်ရှုခံစားကြည့်ကြပြီး နားလည်သလို Comment ရေးပေးသွားကြပါဗျာ။ စာတိုလေးရဲ့ခေါင်းစဉ်ကိုလည်း ဘာသာပြန်သူမှာ ကိုယ်ချင်းစာတရားဟုပင် ရေးသားထားပါသည်။


icecream.png

Image from google


တစ်ခုသော စာသင်ကျောင်းလေးရဲ့ဘေး ဈေးတန်းလေးမှာ ရေခဲမုန့်ရောင်းနေသော ဈေးသည်လေးထံသို့ သူနှင့် အသက်အရွယ်တူခန့်ရှိသော ကျောင်းသားလေးတစ်ယောက် လာရောက်ပြီး ရေခဲမုန့်ဝယ်စားပါသည်။ ကျောင်းဈေးတန်းလို့ပြောရမယ်ပေါ့။ ကျောင်းသားလေးကာ မုန့်စားဆင်းချိန်ဖြစ်လို့ သူငယ်ချင်းများနှင့်ကစားနေရာ မှ ရေခဲမုန့်လာရောက်ဝယ်စားခြင်းဖြစ်ပါသည်။

"ရေခဲမုန့်တစ်ခု ဘယ်လောက်လဲ" "ငါးရာ ပါ"

"အဲဒီထက် ဈေးပေါတာ မရှိဘူးလား" "ရှိပါတယ်...သုံးရာတန် ရှိတယ်"

ရေခဲမုန့်ရောင်းနေတဲ့ကလေးလေးဟာ သိပ်ပြီး စိတ်မရှည်စွာနဲ့ ပြောလိုက်ပါတယ်.....ရေခဲမုန့်လာရောက်ဝယ်စားတဲ့ ကျောင်းသားကလေးကိုကြည့်လိုက်တော့ အသက် ၁၃ နှစ်လောက်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဖြစ်နေပါတယ်... ကျောင်းသားကောင်လေးကို ကြည့်ရတာကတော့ ငွေကြေးတတ်နိုင်တဲ့ အသိုင်းအ၀ိုင်းကမှန်း သိသာနေပါတယ်... ဒါပေမယ့် ကပ်စေးနှဲတတ် တယ်ထင်ပါတယ်... ဈေးပေါတာကိုသာ မေးနေတာဆိုတော့လေ... ဘာမှမဆိုင်ပေမယ့် သူတို့နှစ်ယောက်ရဲ့ပုံစံကို ဘေးနားကနေ အကဲခတ်နေမိတယ်... ရေခဲမုန့်ရောင်းတဲ့ ကောင်လေးကတော့ အ၀တ်အစားခပ်နွမ်းနွမ်းသာ ၀တ်ဆင်နိုင်ပါတယ်... နောက်ဆုံးတော့ ရေခဲမုန့်ရောင်းတဲ့သူနဲ့ ၀ယ်တဲ့သူ အရောင်းအ၀ယ်တည့်သွားတယ်လေ... ကျောင်းသားကောင်လေးက သူ့ရဲ့ဘောင်းဘီအိတ်ထဲကနေ ၅၀၀ တန်တစ်ရွက်ထုတ်ပေးလိုက်ပါတယ်... ပြီးတော့ စကားလေးတစ်ခွန်းလည်းပြောလိုက်ပါသေးတယ်...

"ရော့ ၅၀၀ ပါ... ပိုတဲ့ ၂၀၀ ကိုပြန်မအမ်းပါနဲ့တော့ ငါတို့ကစားနေတဲ့အချိန်မှာ မင်းက ဈေးရောင်းနေရတော့ ငါ ကိုယ်ချင်းစာပါတယ်... ငါရတဲ့ မုန့်ဖိုးကို တစ်ခုခု ၀ယ်မစားရင်လည်း အမေက ငါ့ကိုဆူလိမ့်မယ်... အဲဒါကြောင့် ငါက ဈေးပေါတာကို မေးပြီး ၀ယ်စားတာပါ... မင်းလည်း ပိုတဲ့ ၂၀၀ လောက် ရေခဲမုန့်စားချင်လည်း စားပေါ့... ဒါမှမဟုတ်ရင်လဲ မင်းစားချင်တာ တစ်ခုခု ၀ယ်စားလိုက်ပေါ့" လို့ပြောလိုက်ပါတယ်...

အထက်ပါအကြောင်းအရာလေးကို ဖတ်မိတဲ့အချိန်မှာ ခံစားချက်ဖြစ်ပေါ်လာတာနှစ်ခုရှိနေပါသည်။ တစ်ခုက လူအများပြောနေတဲ့ Share ပေါ့။ မျှဝေခြင်းပါ။ ကိုယ့်မှာ ရှိတဲ့အရာကို တတ်နိုင်သလောက်မျှဝေခြင်းဆိုတဲ့ အသိ တစ်ခုရယ်၊ ကိုယ်ချင်းစာခြင်း ဆိုတဲ့အသိတစ်ခုရယ် ရလိုက်ပါသည်။ မိတ်ဆွေတွေရောဘယ်လိုအသိလေးတွေများ ရလိုက်ကြသလဲဆိုတာကိုလည်း သိချင်မိပါသည်။ ကိုယ့်အမြင်လေးတွေကို ရေးသွားလိုက်ကြပါအုံးဗျာ။ ဝေမျှခံစား ကြရအောင်ပါ။


SYMPATHM.png

ကိုယ်ချင်းစာခြင်းဆိုတာက လူတိုင်းမှာ ရှိလိမ့်မည်လို့တော ထင်ပါသည်။ နည်းတာနဲ့ များတာပဲကွာမယ်လို့လည်း ယူဆမိပါသည်။ ကိုယ်နှင့်နှိုင်းပြီး ဒီနေရာမှာ မိမိသာဆိုခဲ့လျင်ဆိုသော အတွေးလေးများဝင်ရောက်ခဲ့မည်ဆိုပါက ကောင်းလေစွဟုလည်း ယူဆမိခဲ့ပါသည်။ ကိုယ်ချင်းစာစိတ်မရှိသူများကိုလည်း တွေ့မြင်ဖူးခဲ့ပါသည်။ သို့သော် အများစုကတော့ ကိုယ်ချင်းစာစိတ်နဲ့မကင်းကြောင်းလည်း သိရှိခဲ့ပါသည်။ လူတစ်ဦးတစ်ယောက်အား ဒေါသဖြင့် ကြမ်းတမ်းစွာပြေဆိုဆက်ဆံမည်ဆိုပါက တစ်စုံတစ်ယောက်က မိမိအား ကြမ်းတမ်းစွာဆက်ဆံလာပါက လက်ခံနိုင်မည်လားဟု စဉ်းစားမိပါက မည်သို့ခံစားရပါမည်နည်း။ ထိုသို့စဉ်းစားမိလိုက်ပါကလည်း အခြားတစ်ယောက်အပေါ်တွင် ကြမ်းတမ်းစွာ ဆက်ဆံဖြစ်တော့မည်မဟုတ်ဟုလည်း သုံးသပ်ဆင်ခြင်မိပါသည်။ စကားကိုချိုသာစွာပြောဆိုဆက်ဆံတတ်သူကို ရိုင်းစိုင်းစွာ တုံ့ပြန်တတ်ခြင်းသည်မှန်ကန်နိုင်ပါ၏လော။ ဆင်ခြင်သုံးသပ်နိုင်ကြပြီး ကိုယ်တိုင် ကိုယ်ချင်းစာတရားလေးများကို လက်ကိုင်ထားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်းဖြင့် ရပ်နားလိုက်ရပေသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

1-12-2017 သောကြာနေ့(Friday)