လက်ဆောင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စဉ်းစားတွေးတောစရာတွေကများတော့ စာရေးဖို့မစဉ်းစားမိ... ဒီအချိန်မှာ တရုတ်နှစ်သစ်ကူးအမှတ်တရလက်ဆောင်ဆိုပီး လာပေးနေတာတွေ့တော့ လက်ဆောင်ဆိုတာလေးစဉ်းစားမိတယ်... အခြားသူတွေကနေ ချစ်ခင်လို့ပဲဖြစ်ဖြစ်၊ ရိုသေလို့ပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ်၊ လေးစားလို့ပဲ ဖြစ်ဖြစ် လက်ဆောင်တွေပေးတတ်တဲ့ထုံးစံလေးတွေရှိတယ်မလားဗျ… လက်ဆောင်ဆိုတာက လည်း ငြင်းရအင်မတန်ခက်ထာဗျို့… တခါတလေမှာ ငွေကြေးတတ်နိုင်တဲ့သူတွေက ပွဲလေးတွေလုပ် ကြတဲ့အခါ ငွေကြေးတတ်နိုင်ကြလေတော့ လက်ဆောင်ပေးခြင်း သည်းခံပါ ဆိုတဲ့ စာတမ်း ရိုက်ပီးတော့ ဖိတ်ကြားတတ်ကြတယ်… အဲဒီလိုများများ ဖိတ်ကြစမ်းပါလို့ တောင်ပြောချင်မိပါ့... လာတဲ့ဧည့်သည်အများစုကလည်း လက်ဆောင်မယူခဲ့ကြတော့ဘူး… ဒါပေမဲ့ တချို့က အဲဒီလိုပွဲ(ဥပမာအနေနဲ့ ကလေးပုခက်တင်ဆိုပါစို့)လာကြပီး ကလေးအတွက် ဆိုပီး မုန့်ဖိုးပေးကြတယ်… အရုပ်လေးတွေပေးကြတယ်ပေါ့… လူကြီးတွေက လက်ဆောင်ပေး ခြင်း သည်းခံပါလို့ရေးထားပီး ဖိတ်တာနော် မယူဘူးဆို ငြင်းကြတယ်… ဒီတော့ပေးတဲ့သူက လည်း လူကြီးတွေကို ပေးတာမဟုတ်ဘူး ကလေးကို မုန့်ဖိုးပေးတာ ဆိုတော့ ဘယ်လိုငြင်းရမယ် မသိတော့ဘူး… ကျွန်တော်တို့တတွေ တခါတလေမှာ ငြင်းမရတဲ့ လက်ဆောင်တွေ ဇွတ်ပေးတာကို ကြုံရတတ်တယ်… လက်ဆောင်ဆိုတာက ငွေကြေးမဟုတ်ပဲ အခြားပစ္စည်း တခုခုလည်း ဖြစ်နိုင်တယ်… မယူမကောင်း ယူမကောင်းတွေ ကြုံရတတ်တယ်…
Image from google
အရင်တုံးက ရွာကိုအလည်ပြန်ရင် လူတောင်အနိုင်နိုင်ပြန်ရတယ်… ဒါပေမဲ့ ရွာကနေ ပြန်မယ်ဆိုတော့ အိမ်တွေ အိမ်တွေက လက်ဆောင်ဆိုပီး ပဲတွေ၊ မုန့်တွေ၊ အသီးအနှံတွေကို လက်ဆောင်လာပေးကြတယ်… အိတ်ကြီး အိတ်ငယ်အသွယ်သွယ်နဲ့… မယူပြန်ရင်လည်း အားနာစရာ ဖြစ်တယ်… ယူသွားပြန်တော့လည်း လမ်းခရီးမှာ ဒုက္ခရောက်ရတယ်… ကဲဗျာ ဘယ်လို လုပ်ကြမလဲ… တော်ပါပီ မယူတော့ပါဘူး ပြောလို့လည်းမဖြစ်… ဒီတော့ ငြင်းမရတော့ ကိုယ့်နည်း ကိုယ့်ဟန်ဖြေရှင်းရတယ်ပေါ့… ခုလိုကားတွေပေါတဲ့အခါမဟုတ်သေး… မီးရထားနဲ့ ခရီးသွားမယ်ဆို တန်ဆာခက ပဲဖိုးမက ကုန်မဲ့အပြင် အဆင်မပြေရင် မီးရထားပေါ်ကတောင် ကန်ချခံရနိုင်တယ်… တယောက်တည်းတောင် မီးရထားပေါ် အပြေးအလွှားတက် နေရာယူ နေကြရတဲ့အချိန်… ဘယ်လိုလုပ် အထုတ်ကြီး အထုတ်ငယ်တွေဆွဲပီး ရထားပေါ်တက်နိုင်ပါ့ မလဲ… ဒါက ရွာဓလေ့ထုံးစံတခုပဲ… ကိုယ့်ကို ခင်လို့ ချစ်လို့ အိမ်မှာရှိတဲ့ ကောက်ပဲသီးနှံ မုန့်ပဲ သရေစာတွေလက်ဆောင်ပေးကြတာလေ… တခါကလည်း ဇွတ်ရှောင်မရ ဆိုင်ကယ်စီးပီး ပြန်ရမယ့်ခရီးကို ပဲအိတ်ကြီးတင်ပေးလိုက်တော့ လွှင့်ပစ်လိုက်လို့လည်းဖြစ်… သူများပေးပစ်ရ မှာကလည်း နှမြောသေး… ကဲမထူးပါဘူး နေလည်းစောင်းနေတာ ဖြေးဖြေးမောင်းပြန်တာပေါ့ ဆိုပီး ပဲအိတ်ကြီးတင်လာတာ နေ့အပူရှိန်ကြောင့် ကတ္တရာလမ်းပူနေတာကနေ ဆိုင်ကယ်ဘီး ပေါက်ပါရော… လမ်းမှာ ပဲအိတ်ကြီးနဲ့ ဒုက္ခရောက်ကရော… အကူအညီတောင်းစရာ ကား လည်းမရှိ… မှောင်နဲ့မဲမဲ တယောက်တည်း ဆိုင်ကယ်ဘီးအပေါက်ကို ၃ မိုင်လောက် ဟောဟဲ လိုက်အောင် တွန်းလိုက်မှ ဆိုင်ကယ်ဘီးဖာဆိုင်ရောက်တယ်… ကျွတ်အသစ်လဲလိုက်တာ ပဲအိတ်ဖိုးမက ထွက်သွားပါလေရော… ကျွတ်ကလည်း မလဲမဖြစ် လဲရမှာသိတော့ အရိုက်ခံလိုက် ရတာပေါ့… သိသိကြီးနဲ့ အရိုက်ခံလိုက်ရတာဗျို့… လက်ဆောင်ကြောင့် ဒုက္ခ ရောက်ခဲ့တာလေးတစ်ခုပေါ့ဗျာ… ဒါပေမဲ့ ဘီးဖာဆိုင်ကို တောင်ကျေးဇူးတင်ရမယ်ဗျ… နို့မို့ အဲဒီည လမ်းဘေးတင် ငုတ်တုတ်ထိုင် ငိုက်နေရလိမ့်မယ်… အိမ်ပြန်ရောက်မှာမဟုတ်တော့ ဘူး…
Image from google
နောက်ထပ် နောက်ထပ် လက်ဆောင်ကြောင့် ဒုက္ခရောက်ခဲ့တာလေးတွေရှိပေမယ့် မရေးတော့ပါဘူး… ငပိတွေ ငပိရည်တွေလက်ဆောင်ပေးလို့ ကားပေါ်မှာ ဒုက္ခဖြစ်တာတွေရှိ သေး… အဲဒါတွေတော့ ရေးတော့ပါဘူး… စချင် နောက်ချင်လို့ ပေးတဲ့လက်ဆောင်တွေမဟုတ် လေတော့ ငြင်းရခက်တယ်ဗျို့… စာရေးဆရာ အကြည်တော် လည်း လက်ဆောင်ကြောင့် ဒုက္ခရောက်ဖူးကြောင်း ရေးထားတာဖတ်ဖူးတယ်ဗျ… သူ့ကိုပေးတဲ့လက်ဆောင်ကလဲ အဆန်း သား… စာပေဟောပြောပွဲ တစ်ခုမှာတဲ့… အကြည်တော်က စာအရေးအသားမှာတော့ ဟာသဥာဏ်ရွှင်တယ်… စကားပြော စာပေဟောပြောတာမှာတော့ စကားပြောမကောင်းဖူးတာ တွေ့ဘူးတယ်… သူစာတွေက အများအားဖြင့်တော့ ရယ်စရာလေးတွေ ဖြစ်နေတတ်တာကို လည်း သတိထားမိတယ်ဗျ… ထားပါတော့လေ… အကြည်တော်ရေးထားခဲ့တဲ့ စာပေဟောပြောပွဲတစ်ခုမှာ ရတဲ့ လက်ဆောင် အကြောင်းသူရေးထားတာ ရယ်လည်း ရယ်ရ သူ့ကို သနားလည်း သနားမိဆိုတဲ့စိတ်လေးတွေ ဖြစ်မိတယ်ဗျ… လာပေးတဲ့လက်ဆောင်က လည်း အလွန်တန်ဖိုးထားတဲ့ လက်ဆောင် ပေးလာတဲ့သူတွေအတွက် တန်ဖိုးရှိတဲ့လက်ဆောင် ဘာမှတောင် ပြန်မပြောနိုင်အောင် ဆွံ့အနေခဲ့ရတဲ့ ဆရာအကြည်တော်… လေးစားလွန်းလို့ပါဆိုပီး လက်ထဲ ဇွတ်အတင်း ထိုးထည့်ခံလိုက်ရတဲ့ လက်ဆောင်…. ဘာလက်ဆောင်လို့ထင်ကြမလဲ… ဆရာ အကြည်တော်ရဲ့ လက်ဆောင်ကြောင့် ဒုက္ခဖြစ်ခဲ့ရပုံလေးကို အနည်းငယ် ဖော်ပြပေးလိုက်တယ်ဗျ… အဲဒီလိုလက်ဆောင်များရရင် ကျွန်တော်တို့ MSC ကစာရေးဆရာတွေ ဘယ်လိုများ လုပ်ကြမလဲလို့လဲ သိချင်လှတယ်ဗျို့…
Image from google
စာပေဟောပြောပွဲတစ်ခုမှာပေါ့ ဆရာအကြည်တော်ကို စာဖတ်ပရိသတ်လင်မယားက လေးစားလွန်းလို့ဆိုပီး လာနှုတ်ဆက်တယ်တဲ့… ဆရာအကြည်တော် စာပေဟောပြောပွဲမှာ လာရောက်ဟောပြောမယ်ဆိုကတည်းက လက်ဆောင်ပေးဖို့ လင်မယားနှစ်ယောက် စဉ်းစားနေကြတာတဲ့… ဆရာ အကြည်တော်ခင်မျာ အင်မတန်ကြည်နူးပီတိဖြစ်နေတာပေါ့ လေ… တန်ဖိုးမရှိတဲ့ လက်ဆောင်ပေးရင်လည်း လူရယ်စရာ လူကဲ့ရဲ့စရာဖြစ်မယ်တဲ့… ဆရာ အကြည်တော်ကလည်း လက်ဆောင်မလိုအပ်ကြောင်းငြင်းပယ်တယ်… စာဖတ်ပရိသတ် လင်မယားကလည်း သူတို့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ လက်ဆောင်ကို လက်ခံပေး ဖို့ပြောနေတယ်... ဒီတော့လည်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားပဲ ဆရာအကြည်တော် ပြောနိုင်တော့တာပေါ့… အဲဒီလင်မယားက သူတို့နှစ်ယောက် သေသေချာချာတိုင်ပင်ပီး ဆရာကို လက်ဆောင်တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်တဲ့… ဒီတော့ သေချာတိုင်ပင်ပီးမှ ပေးတဲ့လက်ဆောင်ဆိုတော့ ဆရာအကြည်တော်ကလည်း သိချင်မယ်ပေါ့… ဘာများလဲခင်ဗျာ လို့မေးကြည့်မိတော့ သူချီထားတဲ့ကလေးကို ဆရာအကြည်တော်လက်ထဲထိုးထည့်ပီး ကျွန်တော့်သမီးလေးက ချစ်စရာမကောင်းဘူးလားခင်ဗျာ လို့ဆိုသတဲ့… ဆက်ပီး အဲဒီချစ်စရာ ကောင်းတဲ့သမီးလေးကို ဆရာ့ကို အပိုင်ပေးလိုက်ပါပီ… ဒါက ကျွန်တော်တို့ ပေးတဲ့လက်ဆောင်ပါ လို့ ပြောပီး ချက်ချင်းလှည့်ထွက်သွားခဲ့ပါတဲ့… ဘယ်ကမှန်းလည်းမသိ… ဘယ်သူတွေမှန်းလည်းမသိ… ကိုယ့်စာဖတ်ပရိတ်သတ်က လေးစားလို့ဆိုပီး လာပေးခဲ့တဲ့လက်ဆောင်… ငြင်းရန်အချိန်ပင်မရလိုက်… ပေးပြီးတာနဲ့ လူအုပ်ကြားထဲဝင်ပီး ပျောက်သွားတယ်… ကလေးတစ်ယောက်နဲ့ ဆရာအကြည်တော် ယောက်ယက်ခတ်ပီး ကျန်နေခဲ့ရတယ်လို့ ရယ်စရာလေးတွေ ရောနှောပီး ရေးထားတာကိုဖတ်ဖူးတယ်ဗျ… ကလေးလက်ဆောင်ရတဲ့ လူပျိုကြီး ဆရာအကြည်တော် စာပေဟောပြောပွဲထဲမှာတင် ကလေးနဲ့ အတော်ဒုက္ခရောက်ရတဲ့အကြောင်းရော ကလေးကိစ္စ ကို အတော်ရှင်းပီး ထွက်ပြေးတဲ့အကြောင်းကို အမှတ်ရနေမိတယ်ဗျို့…
Image from google
လက်ဆောင်ဆိုတာ တခါတရံ ကိုယ့်အတွက် ဒုက္ခဖြစ်တတ်သလို ငြင်းပယ်ရတာလည်း အင်မတန်ခက်တယ်ဗျို့… ဒီတော့ကာ ကျွန်တော့်တို့ MSC စာရေးဆရာ လူပျိုကြီးများကော အဲဒီလိုများ ကလေးလေး တစ်ယောက် လက်ဆောင် လာပေးမယ့်သူပေါ်လာခဲ့ရင် ဘယ်နှယ့်လုပ်ကြမလဲ လို့ မေးချင်တယ်ဗျ… အလွယ်တကူမွေးစားမယ်လို့တော့ပြောနဲ့နော်… လက်ဆောင် လက်ဆောင်ဆိုတိုင်းလည်း ကိုယ့်အတွက်ကောင်းတယ်ချည်းမှတ်နေတတ် တာ… ဆရာ အကြည်တော်ရေးလိုက်လေမှ လက်ဆောင်ကြောင့် ကိုယ်တိုင်လည်း ဒုက္ခရောက်ဖူးတာကို အမှတ်တရနဲ့ ရေးလိုက်မိတာပါ… ဒီတော့ လက်ဆောင်ဆိုတိုင်း အရမ်းရမ်း လက်မခံမိစေပါစေနဲ့လို့ ရေးသားရင်း ရပ်နားလိုက်ပါတယ်… လက်ဆောင်ဒုက္ခကင်းကြပါစေ…
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
2-Mar-2018 သောကြာနေ့(Friday)