လူ့အစည်းအရုံးနှင့်ပေါင်းသင်းဆက်ဆံရေး (Social And People Organization)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



social copy.png

Image from google


ကျွန်တော်တို့သည် လူဘ၀ကိုရသည့်အချိန်မှစကာ တစ်ဦးတစ်ယောက်တည်း ရှင်သန်ရပ်တည်ရန်မဖြစ်နိုင်ပါချေ။ လူ့လောကကြီးတွင် လူအဖြစ်သို့ရပ်တည်မည်ဆိုပါက လူများနှင့် ပေါင်းသင်းဆက်ဆံကြရမည်မှာ မငြင်းနိုင်သော အချက်တစ်ချက်ဖြစ်ပါသည်။ အခြေခံအကျဆုံးသော လူ့အစည်းအရုံးသည် မိသားစုကလေးတစ်ခုပင်မဟုတ်ပါ လား။ မိသားစုသည် မိမိတို့နှင့်အရင်ဦးဆုံးဆက်ဆံခဲ့ရသည့် အဖွဲ့အစည်းလေးတစ်ခုဖြစ်ပါသည်။ အဖွဲ့အစည်း လေး တစ်ခုဖြစ်သည်နည်းတူ မိသားစုအတွင်းတွင် ပေါင်းသင်းဆက်ဆံရေးပြုလုပ်ကြရမည်မှာလည်း မလွဲဧကန် ဖြစ်ပေသည်။ မိသားစု အဖွဲ့အစည်းအတွင်းတွင် ဆက်ဆံကြသည့် ဆက်ဆံရေးသည် အဆင်ပြေသည့် ဆက်ဆံရေးများရှိသကဲ့သို့ အဆင်မပြေသည့်ဆက်ဆံရေးများလည်း ရှိကြပေမည်။ သို့သော် အခြေခံကျသော လူ့အစည်းအရုံးလေးသည် ပျက်စီးခြင်းအဖြစ်သို့ရောက်ရှိမှုသည် အလွန်နည်းပါးလှပါသည်။ ပျက်စီးခြင်းသို့ ရောက်ရှိသော မိသားစုများလည်း ရှိပါမည်။ ထိုသို့ပျက်စီးခြင်းသည် မိသားစု လူ့အဖွဲ့အစည်းလေးအတွင်းတွင် ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတော့သောကြောင့် ကွဲကွာခြင်းအဖြစ်သို့ ရောက်ရှိသွားကြရခြင်းဖြစ်ပေမည်။

အခြေခံလူ့အစည်းအရုံးလေးတစ်ခုမှသည် အခြားသော လူမှုအစည်းအရုံးများသို့ ဆက်လက်လုပ်ကိုင်ခြင်းပြုလုပ် တတ်လာကြပေသည်။ မွေးဖွားလာသည်မှ အစပြုကာ အဆင့်ဆင့် လူမှုပေါင်းသင်းဆက်ဆံရေးများကို သင်ယူခြင်း၊ လေ့လာခြင်းများ တစ်ဆင့်ပြီးတစ်ဆင့် သင်ယူလာခဲ့ကြရပေသည်။ ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်းသည် မွေးစကာပင် ပါလာသော အတတ်ပညာတစ်ခုမဟုတ်ပေ။ မွေးဖွားလာပြီးနောက် ကလေးဘ၀မှ စတင်ကာ ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးကို တဖြည်းဖြည်းချင်း သင်ယူလာကြရခြင်းဖြစ်ပေသည်။ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကလေးသူငယ်များအား ငယ်စဉ်ကပင် ပေါင်းသင်းဆက်ဆံရေးပညာကို သင်ကြားပေးလေ့ရှိကြပါသည်။ ထိုသို့လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူငယ် လူရွယ်များသည် ပေါင်းသင်း ဆက်ဆံရေးကို တတ်ကျွမ်းနားလည်နေကြပေသည်။ လူတို့သည် တစ်ဦးတစ်ယောက်တည်း သီးသန့်ရပ်တည်နိုင်ရန်မဖြစ်သောကြောင့်လည်း လူအများနှင့်ပေါင်းသင်းဆက်ဆံကြနေကြရသောကြောင့် ပေါင်းသင်းဆက်ဆံရေးသည် အရေးပါလှပေသည်။


hand.png

Image from google


မျက်မှောက်ခေတ်ကာလတွင် မြန်မာပြည်တွင် လူမှုကူညီရေးအသင်းအဖွဲ့များသည်လည်း အများအပြားပေါ်ပေါက် နေပြီဖြစ်ရာ ပေါင်းသင်းဆက်ဆံရေးမကောင်းမွန်ခဲ့သည်ရှိသော် အဖွဲ့အစည်းတစ်ခုသည် ပျက်စီးဖွယ်ရာသာ ဖြစ်နေမည်ဖြစ်သည်။ လူမှုရေးအဖွဲ့အစည်းဖြစ်စေ အခြားသော လုပ်ငန်းအဖွဲ့စည်းများတွင်ပင်ဖြစ်စေ မိမိသည် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းသူတစ်ဦးဖြစ်မည်ဆိုပါက လူအများနှင့် လိုက်လျောညီထွေ ပေါင်းသင်းခြင်းမပြုနိုင်ပါ က မည်သူတစ်ဦးတစ်ယောက်ကမျှ အဆက်အဆံပြုချင်ကြမည်မဟုတ်ကြောင်း သတိပြုသင့်လှပေသည်။ မည်သူမျှ လူအများနှင့်ကင်းပြီး နေထိုင်နိုင်မည်မဟုတ်ပါ။ ထို့သို့ အများနှင့်မကင်းနိုင်ပါပဲနှင့် အများနှင့်ရန်ဖြစ်ခြင်း သည်ဖြစ်သင့်သည်အရာမဟုတ်။ အများနှင့် မတည့်ခြင်းသည် ဖြစ်သင့်သည့်အရာမဟုတ်။ လူအများနှင့် ကင်းကွာ ပြီး မနေနိုင်သေးသမျှကာလပတ်လုံး အများနှင့်ပြေပြစ်သောဆက်ဆံရေးကို တည်ဆောက်ထားသင့်ပါသည်။

နိုင်ငံတစ်နိုင်၏ ယဉ်ကျေးမှုအဆင့်အတန်းကို သတ်မှတ်ကြရာတွင် ထိုနိုင်ငံတွင် အဆင့်အတန်းမီသော နိုင်ငံသား အရေအတွက်နှင့် သတ်မှတ်ကြသည်ဟု စာအချို့တွင် ဖတ်မှတ်ဖူးပါသည်။ ဖြစ်လည်းဖြစ်နိုင်လောက်သည် ထင်ပါသည်။ အိမ်ထောင်စု တစ်စုတွင် အရည်အချင်းပြည့်ဝသော အိမ်သူအိမ်သားများသာ ရှိနေသည်ဆိုပါက ထိုအိမ်ထောင်စုသည် ကျော်ကြားသော၊ အောင်မြင်သော မိသားစု အဖွဲ့အစည်းလေးတစ်ရပ်ဖြစ်မည်ထင်ပါသည်။ အရည်အချင်းမပြည့်မမှီသော စံချိန်မမှီသော လူမှုအဖွဲ့အစည်းလေးဖြစ်မည်ဆိုပါကလည်း စံချိန်မမှီသော မိသားစု အဖွဲ့အစည်းသာဖြစ်မည်ထင်ပါသည်။ ထိုကဲ့သို့ ကောင်းမွန်ပြီး စံချိန်မီသော လူ့အဖွဲ့အစည်းဖြစ်စေရန်မှာလည်း အသိဥာဏ်ရှိခြင်း၊ မရှိခြင်းသည် အဓိကကျမည်ထင်ပါသည်။ လူတိုင်း လူတိုင်း အသိဥာဏ်ရှိစေရန်မှာလည်း အတွေ့အကြုံ ဗဟုသုတများလိုအပ်မည်ဖြစ်ပါသည်။ အရာရာတိုင်းတွင် ကျွမ်းကျင် သိမြင်နိုင်ရန်မှာလည်း မဖြစ်နိုင်ပါချေ။ နိုင်ငံတစ်နိုင်၏ ကောင်းကျိုး မကောင်းကျိုးသည် နိုင်ငံသားတို့၏ အသိဥာဏ်ပညာအပေါ်တွင် မူတည်နေမည်ထင်ပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံရာတွင်လည်း ဆက်ဆံရေးကောင်းမွန်ခြင်း မရှိသော နိုင်ငံ၊ အောက်တန်းသို့ကျနေတေသာနိုင်ငံတို့နှင့် မည်သည့်နိုင်ငံကမျှ အဆက်အသွယ် ပြုလုပ်ချင်မည် မဟုတ်ပါချေ။ ထို့ကြောင့် နိုင်ငံတိုးတက်စေရန်အတွက် အသိဥာဏ်ပညာ နှင့် ဆက်ဆံရေးသည် အလွန်အရေးပါလှပါသည်။ နိုင်ငံဆိုသည်မှာလည်း လူအများပေါင်းစုဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေသည်။ သို့အတွက် လူအများနှင့်ဆက်ဆံပေါင်းသင်းနေထိုင်ကြရပေသည်။


social .png

Image from google


ကုန်ပစ္စည်းများကိုရောင်းသောအရောင်းဆိုင်တစ်ခုတွင် ဆက်ဆံရေးမပြေပြစ်သော အရောင်းဝန်ထမ်းများအား ခန့်အပ်ထားမည်ဆိုပါက ထိုအရောင်းဆိုင်သည် မကြာမီကာလမှာပင် အရှုံးပေါ်ကာ ဆိုင်ပိတ်ရပေလိမ့်မည်။ ဆက်ဆံရေးပြေပြစ်သော အရောင်းဆိုင်တစ်ဆိုင်ဖြစ်ခဲ့ပါမူ တော်ရုံအမှားလေးများကိုပင်လျှင် သည်းခံက ၀ယ်ယူ အားပေးချင်ကြပေသည်။ ဆက်ဆံရေးသည်အရေးကြီးလှပေစွ။ အရောင်းပညာမတတ်ခဲ့လျှင်ပင် ဆက်ဆံရေး ပြေပြစ်ခဲ့မည်ဆိုပါက လူအများသည် သည်းခံကာ ဆက်ဆံကြမည်ထင်ပါသည်။ ဆက်ဆံရေးဟု ဆိုရာတွင် စကားပြောဆိုသုံးနှုန်းခြင်းသည် အရေးပါလှသည်မဟုတ်ပါလား။ ဆိုလိုရင်း အဓိပ္ပါယ်အတူတူပင်ဖြစ်သော်လည်း ချိုသာစွာ ပြောဆိုဆက်ဆံတတ်သူနှင့် ဘုကလန့်ပြောဆိုဆက်ဆံတတ်သူသည် နှိုင်းယှဉ်မရကြောင်း လူတိုင်း သိမည်ဖြစ်ပေသည်။

"မင်္ဂလာပါရှင်" "မင်္ဂလာပါခင်ဗျာ" "ဘာပစ္စည်များအလိုရှိပါသလဲ ရှင်/ခင်ဗျာ" ဟု ပြောဆိုဆက်ဆံတတ်သော ယဉ်ကျေးပျူငှာစွာ ဆီးကြိုတတ်သည့် အရောင်းဝန်ထမ်းများကို လူတိုင်း ချက်ချင်း လက်ငင်း သတိပြုမိချင်မှ သတိပြုမိပေမည်။ သို့သော် "ဘာလိုလို့လဲ" "ဘာရချင်လဲ" ဟု ပြောဆိုကြိုဆိုတတ်သည့် ၀န်ထမ်းများကိုမူ ချက်ချင်းလက်ငင်း မှတ်မိကြတတ်မည်ထင်ပါသည်။ ဦးစားပေးဆက်ဆံခြင်းကို လိုချင်ကြသည်မှာ မွေးရာပါ သဘာဝဗီဇပင်ဖြစ်မည်ထင်ပါသည်။ ဦးစားပေးဆက်ဆံခြင်းခံရသောနေရာသို့သာ လူအများသည် သွားရောက်လို ကြသည်။ မတူမတန် ဆက်ဆံခံနေရသော နေရာများသို့ မည်သူမျှ သွားချင်မည်မဟုတ်သည်မှာလည်း သဘာဝ ကျသော ဗီဇတစ်ခုပင်ဖြစ်မည်ထင်ပါသည်။ ထို့ကြောင့် လူအများနှင့် ဆက်ဆံရေးသည် ဦးစားပေး ဆက်ဆံတတ်ရန်အလွန်အရေးကြီးမည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် လူတစ်ဦးတည်း လုပ်ကိုင်လုပ်မရပါ။ အခြားသော မိတ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဆက်ဆံပြီးမှသာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည်မဟုတ်ပါလား။ တစ်ဦးတစ်ယောက်တည်းခြင်း၏ မကောင်းကျိုးကို တစ်ယာက်တည်း အထီးကျန်ဖူးသူများ ပိုသိပါလိမ့်မည်။ တိုင်ပင်စရာ အပေါင်းအဖော်မရှိခြင်းသည် အလွန်ဆိုးရွားတတ်ပါသည်။ ကျွန်တော့်အတွေ့အကြုံအရဆိုပါလျှင် ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း မကောင်းခြင်းကို နာရေး တနည်းအားဖြင့် အသုဘ နှင့်တွေ့ကြုံလျှင် သိသာလှပေသည်။ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူတစ်ယောက်၏ အိမ်တွင် နာရေးဖြစ်ပါက မသာစောင့်ပေးမည်သူမရှိတတ်ကြောင်းကို တွေ့မြင်ရခြင်းသည် အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးပါသည်။


sale.png

Image from google


ယဉ်ကျေးမှုရှိခြင်း၊ ရိုသေကိုင်းရှိုင်းတတ်ခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ကိုယ် နှုတ် နှလုံး သုံးပါးစလုံးကို ထိန်းသိမ်းနိုင်ခြင်းသည် အောင်မြင်သူတို့၏ အရည်အချင်းများပင်ဖြစ်ပါသည်။ "င့ါမြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်" ဆိုသော စကားပုံကဲ့သို့ပင် မိမိထင်ရာ မိမိလုပ်ခြင်း၊ မိမိပြောချင်ရာကို ဇွတ်အတင်းပြော ဆိုခြင်းသည် ပေါင်းသင်းဆက်ဆံရေးအား ပျက်ပြားစေတတ်သောအကြောင်းတစ်ချက်ဖြစ်မည်ထင်ပါသည်။ မည်သူမဆို မိမိပြောဆိုနေသောအကြောင်းအရာအား လေးနက်စွာ နားထောင်သောသူများကိုသာ အလိုရှိတတ် ကြပေသည်။ စိတ်မ၀င်စားသူများအား မည်သူမျှ အဖက်လုပ်ကြမည်မဟုတ်သည်ကိုလည်း တွေ့မြင်နိုင်ကြပေ သည်။ လူတစ်ဦးတစ်ယောက်အား အတင်းအကြတ်စေခိုင်းခြင်းကို မည်သူမျှ နာခံချင်ကြမည်မဟုတ်။ ချော့ မော့ခိုင်းလျှင် အလွယ်တကူ နားဝင်နိုင်ကြောင်းကိုလည်း တွေ့မြင်ရပါသည်။ ထို့ကြောင့် လူအများနှင့် ပေါင်းသင်း ဆက်ဆံရေးတွင်လည်း စကားပြောတတ်ခြင်းသည်လည်း အလွန်အရေးပါလှကြောင်း တွေ့ရှိရပါသည်။ ဆဲဆို ကြိမ်းမောင်းနေတတ်သော လူကြီး၏အောက်တွင် မည်သည့်ဝန်ထမ်းကမျှ အလုပ်လုပ်ချင်ကြမည်မဟုတ်ကြပါချေ။


alone.png

Image from google


ယခုအခါ အသင်းအဖွဲ့များပေါများလာသည်နှင့်အမျှ လူအများနှင့်လည်း ပိုမိုဆက်ဆံလာနေကြရပါသည်။ ထိုသို့ လုပ်ငန်းများဆောင်ရွက်ကြရာတွင် မိမိတို့ကိုယ်တိုင် ကျေနပ်မှု ရှိ မရှိကို ဆင်ခြင်အပ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများသည် တစ်ဦးတစ်ယောက်တည်း အလုပ်လုပ်ကိုင်နေလျှင် ပြသနာမရှိ အရည်အချင်းအပြည့်အ၀ ပြသနိုင်ကြပါသော်လည်း အသင်းအဖွဲ့တစ်ခုအနေဖြင့် ဖွဲ့စည်းလိုက်သည်ရှိသော် ပြသနာတက်ကုန်တတ်ကြသည် မှာ လူတိုင်းသိမြင်နိုင်ကြမည်ထင်ပါသည်။ အခြားနိုင်ငံမှာ နိုင်ငံခြားဧည့်သည်များ၏ ပြောစကားများကို နားထောင် လေ့လာကြည့်ရာတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီကြီးတစ်ခုအား တစ်ဦးတည်းပိုင်ဆိုင်သည်ဟု ပြောဆိုလိုက်လျှင် အလွန်အံ့သြ သွားတတ်ကြပေသည်။ ကမ္ဘာ့နိုင်ငံအတော်များများကို လေ့လာကြည့်ပါက ကုမ္ပဏီများပိုင်ဆိုင်မှုသည် တစ်ဦးတည်းပိုင်ဆိုင်မှု၊ တစ်ဦးတည်းဆောင်ရွက်မှုသည် မရှိသလောက်နီးပါး ဖြစ်နေ တတ်သည်ကိုလည်း မှတ်သားဖူးပါသည်။ တစ်ဦးတည်းပိုင်သည် အလွန်အင်မတန်ရှားပါးသည်ထင်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် တစ်ဦးတည်းပိုင်များသာ ရှိနေဆဲဖြစ်ပါသည်။ အသင်းအဖွဲ့ဖြင့် ဖွဲ့စည်းတည်ထောင်ခြင်း အလေ့အထသည် အလွန်နည်းပေနေသေးကြောင်း ခေတ်အဆက်ဆက် လုပ်ငန်းများကို လေ့လာကြည့်ပါက သိနိုင်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် လူသည် တစ်ဦး တစ်ယောက်တည်း ရပ်တည်နေထိုင်ရန်မဖြစ်နိုင်ပါချေ။ ထို့ကြောင့်လည်း အများနှင့် ပေါင်းသင်းဆက်ဆံနေကြရပေသည်။ တစ်ဦးချင်းလုပ်ငန်းများမှသည် အများပိုင်လုပ်ငန်းများ၊ အများပိုင် ကုမ္ပဏီကြီးများတည်ထောင်ပြီး တိုးတက်သော ဆက်ဆံရေးများကို ကောင်းမွန်စွာ မွေးမြူအပ်သည်ဟု ထင်မြင်မိပါသည်။ ထိုသို့ ပေါင်းသင်းဆက်ဆံကြရာတွင် ကောင်းမွန်သော ဆက်ဆံရေးအဖြစ်ရရှိစေရန်အတွက် ကြိုးစားနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

21-11-2017 အင်္ဂါနေ့(Tuesday)