“လူ” မလေး “ခွေး” မခန့်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကျွန်တော်တို့မြန်မာလူမျိုးတို့ပြောလေ့ရှိသော စကားလုံးဖြစ်ပါသည်။ အများစုလည်း ထိုစကားလုံးအား ပြောဆို တတ်ကြပါသည်။ လူမလေး ခွေးမခန့် ဆိုသော စကားလုံးဖြစ်ပါသည်။ လူအချင်းချင်းမဆိုထားနှင့်။ ခွေးကပင် မခန့်လေးစားလုပ်ခြင်း အဖြစ်သို့ရောက်ရှိသည်ဟု အဓိပ္ပါယ်ရမည်ထင်ပါသည်။ ဘန်းစကားဟု ဆိုရမည်လား? စကားပုံလား? ဆိုတာတော့ မသိပါ။ ပြောတော့ပြောနေကြပါသည်။ မည်သို့သောအခြေအနေများတွင် ထိုကဲ့သို့ပြောဆိုတတ်ကြသနည်း။ လူအများစုက အရေးမစိုက်၊ ဂရုမထား၊ အရေးတယူမရှိ၊ လေးလေးစားစား မရှိ သောလူတို့အား ရည်ညွှန်းပြောဆိုခြင်းဖြစ်မည်ထင်ပါသည်။ အဘယ်သို့သော အကြောင်းကြောင့် ထိုသို့ လူမလေး ခွေးမခန့် အပြောအဆိုခံရတတ်သလဲဆိုသည့်အကြောင်းအရာအား ရုတ်တရက် စဉ်းစားမိလာလို့ ယခု Post အား ရေးသားမိခြင်းဖြစ်ပါသည်။ စဉ်းစားမိသမျှအားချရေးခြင်းဖြစ်ရာ မှန်ကန်သည်ဟု တစ်ထစ်ချမဆိုလိုပါ။ သဘောထား တိုက်ဆိုင်သူများ ယူကြပြီး မတိုက်ဆိုင်သူများ မေ့ပြစ်လိုက်နိုင်ပါသည်။ တကယ့်လက်တွေ့တွင်လည်း ထိုသို့ဆက်ဆံခံနေရသော လူအများအပြားကို မြင်တွေ့ဖူးပါသည်။ ထိုသူများ သည်အဘယ့်ကြောင့် ထိုသို့ လူမလေး ခွေးမခန့်အဖြစ်သို့ ရောက်ရှိကြရသည်ကိုတော့ မသိပါ။ အများအားဖြင့် လူတို့သည် ဆင်းရဲ၊ မွဲတေ၊ စုတ်ပြတ် နေသောလူတို့အား ထိုသို့ဆက်ဆံတတ်ကြသည်ကို အလွယ်တကူ မြင်တွေ့နိုင်သော်လည်း မြင်ခဲ့ဖူးသောသူများထဲတွင် ၀တ်နိုင် စားနိုင်သော သူအချို့ကိုလည်း ပါရှိနေပါသည်။


02.png


အဘယ်ကဲ့သို့သော လူတို့သည် လူ မလေး ခွေး မခန့် ဖြစ်ကြရပါသနည်း။ အလုပ်မရှိသောသူ(အလုပ်မလုပ်သော သူ)တို့သည် လူအများ၏ အရေးမထား မလေးမစားပြုခြင်းခံရတတ်ပါသည်။ အလုပ်ဟုဆိုရာတွင်လည်း အများကောင်းကျိုးဖြစ်စေ၊ မိမိကောင်းကျိုးအတွက်ဖြစ်စေ လုပ်ကိုင်နေခြင်းကို ခေါ်ဆိုနိုင်မည် ထင်ပါသည်။ အများအကျိုး ကိုယ့်ကောင်းကျိုးဆောင်ရွက်နေသူများသည် အလုပ်လက်မဲ့အဖြစ် မလေးမစားခံကြရမည် မဟုတ်ပါ။ လူမလေး ခွေးမခန့် ဖြစ်စရာမရှိဟုလည်း ထင်မှတ်မိပါသည်။ လုံ့လ၀ီရိယမရှိသောသူများကိုလည်း လူအများက အထင်ကြီး လေးစားခြင်းခံနိုင်ဖွယ်မရှိပါ။ ထိုသို့သောသူများသည်လည်း လူမလေးခွေးမခန့်သာ ဖြစ်ဖွယ်ရှိပါသည်။ အကျင့်တရားတို့သည် ယုတ်မာကောက်ကျစ်ခဲ့သည်ရှိသော် ထိုသူတို့သည်လည်း လူလေးစားမှု မခံရရုံမက လူအများ၏ မုန်းတီးစက်ဆုတ်ဖွယ်ပင်ဖြစ်နိုင်ပါသည်။ မကျန်းမမာ ရောဂါထူပြော ရောဂါများပြားနေသူတို့သည်လည်း လူအများ၏ လေးစားဖွယ် မဖြစ်နိုင်ပါချေ။ အစားကြီးလွန်းသူများ တစ်နည်း အားဖြင့်ဆိုသော် အစားပုပ်သူများသည်လည်း လူအများအထင်ကြီးလေးစားဖွယ်ရာမဖြစ်နိုင်ပါချေ။ အားအင်ချိနဲ့ သူများအားလည်း လေးစားခံရဖွယ်မရှိပါ။ မိတ်ဆွေမရှိ ဆွေးမျိုးမရှိ နေတတ်သော တစ်ကိုယ်တည်းသမားများ သည်လည်း လူအထင်ကြီး လေးစားဖွယ်မဖြစ်နိုင်ပါ။ မိတ်ဆွေအပေါင်းအသင်းရှိသော်လည်း ထိုမိတ်ဆွေသည် ယုတ်မာကောက်ကျစ်သော သူများဖြစ်ပါက လူအများ၏ တံတွေးခွက် ပက်လက်မျောမည်သာဖြစ်ပေသည်။ လမ်းဘေးတွင် လုပ်ကိုင် စားသောက် နေထိုင်သူတိုင်းသည် လူအထင်သေးကာ လူမလေး ခွေးမခန့် အဖြစ်သို့ မရောက်ရှိနိုင်ပါ။ အဓိကအားဖြင့် မိမိတို့ကိုယ်ကို မိမိတို့ကိုယ်တိုင်က လေးစားလောက်သော အရည်အချင်း၊ အကျင့်စာရိတ္တ၊ အကျင့်သီလရှိပါက မည်သူမျှ မလေးမစား မပြုလုပ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အကျင့်သီလသည် လူတို့အား လေးစားစေသော အားကျအတုယူဖွယ်ဖြစ်စေသော အဓိကအကြောင်းအရင်းပင် ဖြစ်မည်ထင်ပါသည်။


04.png


မိမိတို့ပတ်ဝန်းကျင်တွင် မိသားစု၊ ရပ်ကွက်၊ မြို့ရွာ တို့အတွက် အကူအညီမရ၊ အလုပ်မလုပ်သည့်အပြင် ဘေးထိုင် ဘုပြော သမားများသည် လူ မလေး ခွေး မခန့်ဖြစ်နေတတ်ပါသည်။ တစ်စုံတစ်ယောက်အတွက် ကောင်းကျိုးမပြုသောသူတို့သည် အလုပ်မလုပ်သူများဟုသာထင်မိပါသည်။ ငယ်စဉ်က သင်ကြားခဲ့ဖူးသည်မှာ ကောင်းမှုတစ်ခုနေ့စဉ်ပြု ဟု မှတ်သားခဲ့ဖူးပါသည်။ ယနေ့ခေတ်တွင် ပြောင်းပြန်လှန်ကာ မကောင်းမှုတစ်ခု နေ့စဉ်ပြု များဖြစ်နေလေသည်လားမသိတော့။ လူအများ၏ လေးစားမှုကို လိုလားပါက မိမိကိုယ်ကို အရင်ဆုံး လေးစားတတ်မှရမည်ဖြစ်ပါသည်။ မိမိကိုယ်ကို လေးစားရန်မှာလည်း လေးစားထိုက်သော သီလ ပညာ ရှိသင့် သည်ထင်ပါသည်။ သီလရှိမှလည်း မိမိကိုယ်ကိုလေးစားမည်ဖြစ်ပါသည်။ မိမိကိုယ်ကိုလေးစားလာလျှင် အခြားသူများအားလည်း လေးစားတတ်လာမည်ဖြစ်ပါသည်။ အခြားသူများအား လေးစားသူကို အများကလည်း လေးစားလာပါမည်။ မူးယစ်စေတတ်သောအရာတို့အား သောက်စားမူးယစ်ကာ အခြားသူတို့အားရန်လုပ်နေသူ ကို မည်သူလေးစားတတ်မည်နည်း။ မူးယစ်သေစာမသောက်စားသော်လည်း အခြားသူတို့အား အပြစ်ရှာရန်လုပ် နေသူတို့အားလည်း မည်သူက လေးစားမည်ထင်ပါသနည်း။ ထို့ကြောင့် လူမလေးခွေးမခန့်အဖြစ်မရောက်ကြ စေရန်အတွက် မိမိကိုယ်ကို အရင်ဆုံးစစ်ဆေးသင့်သည်ထင်ပါသည်။ မိမိလုပ်သမျှအား မည်သူမျှမသိနိုင်ဟု မထင်မှတ်စေချင်ပါ။ မိမိ ကိုယ်တိုင်ကတော့သေချာပေါက် သိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ မိမိအကျင့်သီလကို မိမိထက် မည်သူမျှ ပိုမသိနိုင်ပါ။ မိမိ၏ ကောင်းခြင်း ဆိုးခြင်းကို မိမိကိုယ်တိုင်ကတော့ သိနေပါသော်လည်း အပြစ်မရှိထင်တတ်သော အတ္တကိုတော့ ဖယ်ရှားထားရန်လိုမည်ထင်ပါသည်။


03.png


ငယ်စဉ်ကာလတွင် သက်သက်သာသာ နေထိုင်ချင်သူများသည် နောင်အသက်ကြီးရင့်သောအချိန်တွင် လူ မလေး ခွေး မခန့် အဖြစ်သို့ရောက်ရှိကာ နောင်တနှင့်အတူ ကြပ်ကြပ်တီးတီး ရှာဖွေစားသောက်ရတတ်ပါသည်။ အချုပ်အားဖြင့်ဆိုသော လူ မလေး ခွေး မခန့်မဖြစ်ကြစေရန်အတွက် ရှောင်ရှားသင့်သည်တို့ကို ရှောင်ရှားရမည် ဖြစ်ပါသည်။ အလုပ် မလုပ်သောသူ၊ လုံ့လ ၀ီရိယ မရှိသောသူ၊ အကျင့်တရား ယုတ်မာသောသူ၊ ရောဂါထူ ပြောသောသူ၊ အစားအသောက်အလွန်ကြူးကာ အစားပုတ်သူ၊ အားအင်မရှိ ချိနဲ့သူ၊ မိတ်ဆွေ ဆွေမျိုးမရှိ တစ်ကောင်ကြွက်ဖြစ်နေသူ၊ အကျင့်မကောင်း ယုတ်မာတတ်သော မိတ်ဆွေနှင့်ပေါင်းဖော်နေသူများ မဖြစ်ကြ ရန် ရှောင်ရှား ကျင့်ကြံ တတ်ကြပါစေရန် နှင့် လူ မလေး ခွေး မခန့် အဖြစ်မျိုးအား ရှောင်ရှားနိုင်ကြရန်အတွက် ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

10-Jul-2018 အင်္ဂါနေ့(Tuesday)