လူအများနှင့်ဆက်ဆံရာတွင် အဆင်ပြေစေသောနည်းလမ်းကောင်းတစ်ခု
လူအများနှင့်ဆက်ဆံရာတွင် အသုံးချသင့်သည့် အခြေခံနည်းလမ်းကောင်းများ ကိုတင်ပြပေးချင်ပါသည်။ လူအများနှင့်ကင်းလွတ်ပြီး တစ်ဦးတည်းမနေနိုင်သောကြောင့် ယခုအကြောင်းအရာကိုရေးသားခြင်းဖြစ်ပါသည်။
အလုပ်ကြီးတစ်ခုကို ပေါက်မြောက်အောင်မြင်အောင်လုပ်ကိုင်တော့မည်ဆိုလျှင် ဘာသာစကားများတတ်ကျွမ်းခြင်း ၊ ဘွဲ့အမျိုးပေါင်းများစွာရရှိပိုင်ဆိုင်ထားခြင်း တို့ထက် လူရည်သန့်ခြင်း နှင့် စကာားပြောကောင်းခြင်းက အခြားသော ဘွဲ့ထူးများထက် ပိုမိုခရီးရောက်ကြောင်းသိရှိရသည်။
သင်၏၀င်ငွေကို တိုးအောင်လုပ်ပါ။
စကားပြောရာတွင် ထိရောက်အောင် သင်ကြားလေ့ကျင့်ပါ။
ခေါင်းဆောင်ဖြစ်အောင်ပြင်ဆင်ပါ။
စကားပြောကောင်းခြင်းသည် ထင်ပေါ်ကျော်ကြားရန် ဖြတ်လမ်းအမှန်ပင်ဖြစ်သည်။ စကားပြောကောင်းသူတစ်သည် လူအားလုံးအထက်သို့ ထိုးထွက်လာနိုင်ပေသည်။ စကားပြောကောင်းသူတစ်ဦးကို အခြားသောသူများက ၄င်းတွင်ရှိသော ကိုယ်ပိုင်ဥာဏ်အစွမ်းအစထက် ပိုအထင်ကြီးခြင်းခံရသည်။
ထို့ကြောင့် လုပ်ငန်းကြီးတစ်ခုကို ပေါက်မြောက်အောင်မြင်ချင်လျှင် စကားပြောကောင်းအောင်ကြိုးစားပါ။
အပြစ်တင်ခြင်းသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှအကျိုးမပေး အချည်းနှီးသာဖြစ်တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော အပြစ်တင်ခံရသူအား သူ့ကိုယ်သူ ကာကွယ်စေရန် နှိုးဆော်ပေးလိုက်ခြင်းပင်ဖြစ်သဖြင့် များသောအားဖြင့် ထိုကဲ့သို့ အပြစ်တင်လိုက်ခြင်းသည် အပြစ်လွတ်အောင် ကြံဖန်ထုချေခိုင်းလိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် အပြစ်တင်ခြင်းသည် ဘေးအန္တရာယ်များတတ်သေးသည်။ အဘယ့်ကြောင့်ဆိုသော အပြစ်တင်လိုက်ခြင်းဖြင့် အပြစ်တင်ခံရသူ၏ ဂုဏ်ကို ချိုးနှိမ်လိုက်ရာလည်း ရောက်စေသည်။ မိမိအပါအ၀င် လူသားအားလုံးတို့သည် မိမိကိုယ်ကို အထင်ကြီးသောစိတ်ရှိကြလေသည်။ ထို့ကြောင့် အပြစ်တင်ခံရသူသည် သူ့ကိုယ်သူအထင်ကြီးနေသောစိတ်ကို နာကြည်းစေသည်။ သူ့ကို အပြစ်တင်သောသူအားလည်း မျက်မုန်းကျိုးအောင်ဆွပေးလိုက်သလိုဖြစ်သွားပေမည်။
အမှားလုပ်မိသူအများစုသည် သူကိုယ်တိုင်မှလွဲပြီး အခြားသောသူများကိုသာအပြစ်တင်နေခြင်းမှာ လူတို့၏ ၀ါသနာပင်ဖြစ်သည်။ သို့မဟုတ် လူ့သဘာဝပင်ဖြစ်သည်။ လူသားအများစုမှာ ထိုနည်းအတိုင်းပင်ဖြစ်ကြသည်။ စကားပုံတစ်ခုမှတ်သားမိဖူးသည်မှာ သင့်ကိုယ်ကို အဆုံးအဖြတ်မခံချင်သောအရာ နှင့် အခြားသူတစ်ဦးကို သွား မဆုံးဖြတ်ပါနှင့် ဖြစ်ပါသည်။
သင်ကိုယ်တိုင် ပြုပြင်ပြောင်းလဲ သွန်သင်ဆုံးမချင်သော လူတစ်ဦး တစ်ယောက်ရှိနေပါသလား။ ရှိနေလျှင် ထိုအကြံအစည်သည် အလွန်ကောင်းမွန်ကြောင်း 100% ထောက်ခံပါသည်။ သို့သော် ထိုသူအား မပြုပြင်မီ အရင်ဆုံး သင့်ကိုယ်သင် စတင်ပြုပြင်လျှင်မကောင်းပါလား။ သူတစ်ပါးကို ပြုပြင်ခြင်းထက် ကိုယ့်ကိုယ်ကို ပြုပြင်ခြင်းသည် ပိုပြီးများစွာအကျိုးရှိသလို ဘေးလည်းကင်းပေသည်။
ကွန်ဖျူးရှပ် က ပြောကြားဖူးသည်မှာ သင်၏ ဘိနပ်ချွတ်တွင် မသန့်ရှင်းဘဲနှင့် အိမ်နီးချင်းများ၏ ခေါင်မိုးပေါ်ရှိ ဆီးနှင်းများကို အပြစ်မတင်ပါနှင့် ဟုပြောကြားခဲ့ကြောင်း မှတ်သားဖူးပါသည်။
လူအများနှင့်ဆက်ဆံသောအခါ အရေးအကြီးဆုံးသောအချက်တစ်ခုကို ပြောပါမည်။ အများတကာနှင့်ဆက်ဆံ သောအခါ အကြောင်း အကျိုးနားလည် ချင့်ချိန် ဆင်ခြင်တတ်သော သတ္တ၀ါများနှင့် ဆက်ဆံနေရသည်ဟုမမှတ်ပါနှင့်။ ကျွန်တော်တို့ဆက်ဆံနေရသည့် လူအများမှာ စိတ်ဆောင်ရာသို့ လိုက်ပါတတ်သော သတ္တ၀ါများ ၊ တယူသန်လျှက်ရှိသော သတ္တ၀ါများ ၊ စိတ်ကြီးဝင် မိမိကိုယ်ကို အထင်ကြီး ပလွားနေသော သတ္တ၀ါများသာဖြစ်ကြောင်းသတိပြုပါ။ ဘတ်ဂျက်မင် ဖရန့်ကလင် ဆိုသည့်ဆရာကြီးတစ်ဦးက ပြောကြားဖူးသည်မှာ ကျွနုပ်သည် မည်သူတစ်ဦးတစ်ယောက်၏ မကောင်းကြောင်းကိုမျှမပြော ၊ သို့ရာတွင် လူတိုင်း၏ ကောင်းသတင်းဟူသမျှကို ကျွန်ုပ်သိသမျှအကုန်အစင်ပြော၏ ဟုပြောကြားဖူးလေသည်။
လူအများနှင့်ဆက်ဆံရာတွင် တစ်စုံတစ်ယောက်သောသူအား ကိုယ်ခိုင်းလိုသည့်အရာကို လုပ်အောင်ခိုင်းနည်း တစ်နည်းသာရှိလေသည်။ ထိုနည်းမှာ မည်သည့်နည်းဖြစ်ကြောင်းကို စဉ်းစားမိပါသလား။ ထိုနည်းကား တစ်စုံ တစ်ယောက်သောသူအား ကိုယ်ခိုင်းချင်သည့်အရာကိုလုပ်ချင်လာအောင် ခိုင်းခြင်းပင်ဖြစ်၏။ ထိုနည်းအပြင် အခြားနည်းမရှိကြောင်းသတိပြုပါ။ လူတစ်ယောက်ကို နံကြားကိုခြောက်လုံးပြူးသေနတ်ဖြင့်တေ့ပီး သူ့ပစ္စည်းများကို ပေးချင်လာအောင် လုပ်ချင်လုပ်နိုင်ပေလိမ့်မည်။ အလုပ်ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းဖြင့် အလုပ်သမားတစ်ဦးကို သင့်မျက်စိအောက်တွင် သင့်အားကူဖော်လောင်ဖက်ရအောင် ခိုင်းကောင်းခိုင်းနိုင်ပေလိမ့်မည်။ ကလေးတစ်ဦးကို ကျာပွတ်ဖြင့်ရိုက်ပြီးလည်းကောင်း၊ ခြောက်လှန့်ပြီးသော်လည်းကောင်း ခိုင်းလိုသည့်အရာကို လုပ်အောင်ခိုင်းနိုင်ကောင်းခိုင်းနိုင်ပါလိမ့်မည်။ သို့ရာတွင် မသိမ့်မွေ့သော ကြမ်းတမ်းခက်ထန်သောနည်းများမှ အလိုမရှိသော အမှုအခင်းများ ပေါက်ဖွားလာတတ်ပေသည်။
ကျွန်တော်သည် သင့်တို့အား လုပ်ဆောင်ခိုင်းစရာတစ်ခုကို ပြုလုပ်စေလိုလျှင် ကျွန်တော်ပြုလုပ်ရမည့် တစ်ခုတည်းသောနည်းလမ်းမှာ သင်အလိုရှိသောအရာကို သင့်အားပေးပြီးခိုင်းစေခြင်းပင်ဖြစ်သည်။
သင်ဘာကိုအလိုရှိပါသလဲ။ များများလည်းအလိုရှိမည်မဟုတ်ပါ။ သို့ရာတွင် သင်အလိုရှိသော အနည်းငယ်သော အရာတို့ကို သင်သည်မရလျှင်မနေနိုင်လောက်အောင်အလိုရှိ၏။ လူလားမြောက်ပြီးသော လူတိုင်းလိုလိုပင် အလိုရှိသောအရာများမှာ (၁) ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်း (၂) အစားအသောက် (၃) အအိပ် (၄) ငွေ နှင့် ငွေဖြင့်ဝယ်ယူနိုင်သည့်ပစ္စည်းများ (၅) သေဆုံးပြီးနောက်တမလွန်ဘ၀၏အရေး (၆) ရာဂစိတ်ပြေငြိမ်းမှု (၈) မိမိကိုယ်ကို မိမိအထင်ကြီးလိုခြင်း စသည့်အချက်(၈)ချက်အနက် နံပါတ်(၁)အချက်မှ တစ်ပါး ကျန်အချက်အားလုံးလိုလိုပင် သင်ရရှိနိုင်သည်။
မိမိကိုယ်ကို မိမိ အထင်ကြီးနေသော်လည်း မျှော်လင့်သည့်အတိုင်း ကမ္ဘာလောကကြီးက အထင်ကြီးခွင့်မပေးသောအခါ စိတ်တိုင်းကျ အထင်ကြီးခွင့်ရသော အရူးဘ၀သို့ လူတို့သည် ပြောင်းကုန်ကြ၏ ဟု စိတ်ပညာဘက်ဆိုင်ရာ အချို့ပါရဂူကြီးများက ထုတ်ဖော်ပြောကြားဖူးလေသည်။
အလုပ်သမားများကို စိတ်အားတက်ကြွလာအောင် ဆွပေးနိုင်သောစွမ်းရည်သည် ပိုင်ဆိုင်သမျှတွင် စွမ်းရည် အရည်အချင်းဖြစ်သည်။ လူတစ်ယောက်အား သူ့တွင်ရှိသော အကောင်းဆုံးအစွမ်းကို ပြနိုင်အောင် မြှင့်တင်ပေးရန်နည်းလမ်းမှာ ချီးမွမ်းခြင်း နှင့် အားပေးခြင်းပင်ဖြစ်သည်။
အထက်လူကြီးများ၏ ပြစ်တင်ကြိမ်းမောင်းခြင်းလောက် လူတစ်ယောက်၏တက်လမ်းကို အညွန့်တုံးအောင် ပြုလုပ်ပစ်သောအရာမရှိ။ မည်သူ့ကိုမျှအပြစ်မတင်မိပါစေနှင့်။ လူတစ်ယောက်ကို အလုပ် လုပ်ချင်လာအောင် ချီးမွမ်းရန်အချက်ကိုသာရှာပြီး အပြစ်ရှာခြင်းကို ရှောင်ပါ။ ချီးမွမ်းစရာတွေ့လျှင် မတွန့်မတို ရက်ရက်ရောရော ချီးမွမ်းပစ်လိုက်ပါ။ လူအများသည် မည်သည့်စကားကို ပြောပြော မိမိအကြောင်းမှလွဲပြီး အခြားမည့်သည့်အကြောင်းကိုမျှမပြောနိုင်ပါချေ။
ကျွန်တော်သည် ငယ်စဉ်ကအားလပ်ချိန်များတွင် ငါးမျှားရန်မြစ်ဆိပ်သို့သွားတတ်၏။ ကျွန်တော်သည်မလိုင်လုံးနှင့် အသီးအနှံများကို အလွန်ကြိုက်၏။ သို့ရာတွင် ငါးများသည် အကြောင်းထူး တစ်ခုခုကြောင့် တီကောင်များကိုသာကြိုက်နှစ်သက်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ကျွန်တော်ငါးမျှားသွားသောအခါ ကျွန်တော်ကြိုက်နှစ်သက်သော အစားအစာများကို မစဉ်းစားချေ။ ငါးမျှားရန် သွားခြင်းဖြစ်သည့်အတွက် ငါးများကြိုက်တတ်သည့် အစာဖြစ်သော တီကောင်များကိုသာ စဉ်းစားသည်။ ငါးများကို ကျွန်တော်ကြိုက်နှစ်သက်သော အစားအစာများဖြင့်မျှားလျှင် ငါးရမည်မဟုတ်ပေ။ တီကောင် သို့မဟုတ် နှံကောင်ကို ငါးများရှေု့တွင် လှုပ်ပြပြီး မင်းတို့ ဒါကို မစားချင်ဘူးလားဟု သာမေးသည်။ လူများကို မျှားသည့်အခါတွင် အဘယ့်ကြောင့် ထိုနည်းကို မလိုက်နာဘဲနေရပါမည်နည်း။
လူတို့၏ သဘာဝသည် ကျွန်တော်ဘာလိုချင်သည်ကို စိတ်မ၀င်စားကြပါ။ သူတို့အလိုရှိသောအရာကိုသာ အမြဲတမ်းစိတ်ဝင်စားလျှက်ရှိသည်မှာ ယခုမှမဟုတ်ပဲ လူဟူဖြစ်တည်စကတည်းကဖြစ်ဟန်တူပါသည်။ ပိုပြီးထူးဆန်းသည်မှာ ကျွန်တော်စိတ်ဝင်စားနေသောအရာကို ကျွန်တော်မှလွဲပြီး မည်သူကမှ စိတ်မ၀င်စားကြချေ။ အားလုံးသောလူအားလုံးတို့သည် ကျွန်တော်ကဲ့သို့ပင် ကိုယ်အလိုရှိရာတွင်သာ စိတ်ဝင်စားလျှက်သာရှိကြပါသည်။
ထို့ကြောင့် အကြံပေးလိုသည်မှာ သင့်ကို လူကြိုက်များစေလိုလျှင် အခြားသူများ စိတ်ဝင်စားနေသည့်ကိစ္စမှ စတင်ပါလို့အကြံပြုအပ်ပါသည်။
ဝန်ခံချက်
ဦးနုဘာသာပြန်ရေးသားသော မိတ္တဗလဋီကာ ကိုမှီငြမ်းရေးသားတင်ပြပါသည်။