လဲကျ ပြန်ထ အဲဒါ ဘဝ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြရသောအခါတွင် အဆင်မပြေမှုများ ကြုံကြိုက်ကြရသကဲ့သို့ အဆင်ပြေမှုများလည်း ကြုံကြိုက်ရတတ်ပါသည်။ အဆင်ပြေမှုများ ကြုံကြိုက်ချိန်နှင် အဆင်မပြေမှုများ ကြုံကြိုက်ချိန်သည် စိတ်ခံစားမှု မတူညီနိုင်သော်လည်း အခြေအနေကို လိုက်လျောညီထွေ မပြုလုပ်ပါက အကျိုး သက်ရောက်မှုသည် အတူတူပင် ဖြစ်သွားနိုင်ပါသည်။ အဆင်မပြေမှုများ ကြုံကြိုက်နေချိန်တွင် လူတို့၏ စိတ်ဓာတ်သည် အင်အားနည်းသွားကာ စိတ်ဓာတ်ကျဆင်းသွားတတ်ကြပါသည်။ ထိုသို့ စိတ်ဓာတ်ကျဆင်းသွား သောအခါတိုင်းမှာ ကျနေတဲ့စိတ်ဓာတ်တွေကို အပေါ်ပြန်ဆွဲမတင်နိုင်ဖို့အရေးကြီးပါသည်။ ကျနေသော စိတ်ဓာတ်အားဆွဲမတင်နိုင်ခြင်း မရှိခဲ့သော် မမျှော်လင့်သော ဆိုးကျိုးများရရှိစေနိုင်တတ်ပါသည်။ ဆိုးကျိုးများ မရရှိစေနိုင်ရန်အတွက် လိုအပ်သော စိတ်ဓာတ်ခွန်အားများ ရှိထားရန်လိုအပ်ပါသည်။ ဘ၀ခရီးလမ်းသည် အစဉ်ချောမွေ့နေမည်မဟုတ်ပါ။ စိတ်ဓာတ်ခွန်အားများ မွေးမြူထိန်းသိမ်းထားနိုင်ပါမှ တော်ကာကျပါလိမ့်မည်။ ထို့ကြောင့် အဆင်မပြေမှုများနှင့် ကြုံကြိုက်ချိန်တွင် မိမိတို့အတွက် စိတ်ဓာတ်ခွန်အားရရှိစေမည့် စာများကို လည်ကောင်း၊ သီချင်းများကိုလည်းကောင်း ဖတ်ရှုခြင်း၊ နားထောင်ခြင်းပြုလုပ်ပေးသင့်ပါသည်။ သို့မှသာ စိတ်ဖိစီးမှုများ လျော့နည်းသွားပြီး စိတ်ဓာတ်အင်အားများ ပြန်လည်ပြည့်ဖြိုးကာ ပုံမှန်အတိုင်း လှုပ်ရှားရုန်းကန် နိုင်ကြမည်ဖြစ်ပါသည်။ ဘ၀ခရီးလမ်းကိုလျှောက်လှမ်းနေကြရာတွင် မည်သူမျှ အမြဲတမ်းအဆင်ပြေ ချောမွေ့ နေသည်မဟုတ်ပါ။ တစ်ချိန်ချိန်၊ တစ်နေရာရာတွင်၊ တစ်စုံတစ်ခုသောပြဿာနာတော့ ကြုံရစမြဲသာဖြစ်ပါသည်။ ထိုသို့ကြုံတွေ့ရ၊ ဖြေရှင်းကြရ၊ ပျော်ရွှင်ကြရ၊ ၀မ်းနည်းကြရခြင်းသည်ကိုပင် ဘ၀ခရီးလမ်းဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပေမည်။
ငွေကြေးချမ်းသာသူသည်လည်း ၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း ကိုခံစားကြရမည်ဖြစ်ပါသည်။ လူတိုင်းသည် ငွေကြေးများကို မိသားစု စားဝတ်နေရေးအတွက် ရှာဖွေစုဆောင်းကြရသည်သာဖြစ်ပါသည်။ ထိုသို့ရှာဖွေကြရာ တွင် ၀င်ငွေပမာဏတစ်ခုတည်းကိုသာ ကြည့်ပြီး လူတို့သည် ပျော်ရွှင်နေကြသည်ဟု ထင်မှတ်တတ်ပါသည်။ သာမန်လူတန်းစားများအတွက်မူ တစ်လ တစ်လတွင် ငွေကြေးမည်ရွှေ့ မည်မျှ ရရှိသည် တွက်ချက်နေခြင်း ထက် မိမိတို့၏ လက်တွင် မည်ရွှေ့ မည်မျှ စုဆောင်းပိုင်ဆိုင်ထားသလဲ ဆိုသည်က ပိုမိုအရေးပါလိမ့်မည် ထင်ပါသည်။ ရသမျှ ကုန်နေသောသူတို့အတွက်မူ ငွေကြေး မည်မျှပင်ရရှိနေစေကာမူ ဘ၀အတွက် အသုံးချနိုင် လိမ့်မည်ဟုတ်ပါ။ ရသမျှမှ မည်မျှ စုဆောင်းနိုင်ခြင်းကသာလျှင် ဘ၀ခရီးအတွက် အသုံးကျ အသုံးချနိုင်မည် ဖြစ်ပါသည်။ စုဆောင်းနိုင်ခြင်းသည် အရာရာအတွက် ကောင်းမွန်သော လမ်းကြောင်းအား ရွှေးချယ်စေနိုင်သော အသိကို ရရှိစေနိုင်ပါသည်။ ဗဟုသုတ စုဆောင်းခြင်းသည်လည်း လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ရရှိနေသော ငွေကြေးများအား မည်သို့မည်ပုံ အသုံးကျအောင် အကျိုးရှိရှိ အသုံးချနေသည်ဆိုခြင်းက အသိပညာမှသာ ရရှိနိုင်ပေမည်။ လောကကြီးသည် တစ်ခုကို လိုချင်လျှင် တစ်ခုကို ပေးရသည် မှာ သဘာဝတရားတစ်ခုပင်ဖြစ် ပေမည်။ ဥပမာအားဖြင့် မိမိသည် ရွှေ ကိုလိုချင်သည်ဆိုပါက ရွှေနှင့်တူညီသော ငွေကြေးအား ပေးကြရမည် ဖြစ်ပါသည်။ ထို့အတူ ချစ်ခြင်းမေတ္တာအား အလိုရှိခဲ့သော် မိမိမှ ချစ်ခြင်းမေတ္တာပေးအပ်ကြရမည်သာဖြစ်ပါ သည်။
ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြရာတွင် အဆင်မပြေဖြစ်ကြသည့်အခါတွင် လဲကျရှုံးနိမ့်သွားတတ်ကြပါသေးသည်။ လဲကျသွားခြင်းသည် အရေးမကြီးပါ။ ပြန်ထရန်သာ အရေးကြီးပေသည်။ လဲကျခြင်းကို လူတိုင်းကြုံ ရမည်သာဖြစ်ပါသည်။ ချောချောမွေ့မွေ့ မလဲမကျ လျှောက်လှမ်းနေရသော ဘ၀များလည်း ရှိနေနိုင်ပါသည်။ သို့သော် အလွန်ပင်ရှားပါးလိမ့်မည်ဖြစ်ပါသည်။ အရက်သေစာ အလွန်အကျွံ သောက်စားတတ်မှုကြောင့် မှားယွင်းတတ်ခြင်း၊ လောင်းကစားဝါသနာထုံလွန်းသောကြောင့် မှားယွင်းခြင်း၊ အချစ်ကိုယုံကြည်လွန်းသော ကြောင့် မှားယွင်းခြင်း၊ မပေါင်းဖော်သင့်သော သူငယ်ချင်းမိတ်ဆွေအား ပေါင်းဖော်မိသောကြောင့် မှားယွင်းခြင်း စသည်ဖြင့် တစ်ခု မဟုတ် တစ်ခု အမှားအယွင်းလေးများကို မှားယွင်းတတ်ကြစမြဲသာဖြစ်ပါသည်။ မှားယွင်းသွားခြင်းအား စိတ်ပျက်ကာ ဘ၀ကြီးအား အရှုံးပေးလက်လျော့သွားကြခြင်းသည်မူ မှန်ကန်သည်ဟု မည်သူမျှ ယူဆကြလိမ့်မည်မဟုတ်ပါ။ ခြေတစ်ချက်ချော်ကာ လဲကျခြင်းကြောင့် လဲရာမှ ပြန်မထပဲ ဘ၀အားအရှုံးပေးသွားခြင်းမျိုးပင်ဖြစ်နေပေသည်။ လဲကျခြင်းသည် အရေးမကြီးပါ။ လူတိုင်းလဲကျမည်သာ ဖြစ်ပါသည်။ အောင်မြင်သူများသည်လည်း အကြိမ်ပေါင်းများစွာ လဲကျခဲ့ပြီးမှ အောင်မြင်ခဲ့ခြင်းသာဖြစ်ပါသည်။ ယနေ့ ငွေကြေးချမ်းသာကြွယ်ဝနေသူအများစုသည်လည်း မျိုးရိုးစဉ်ဆက် ချမ်းသာခဲ့ခြင်း မဟုတ်ပါက အကြိမ် ပေါင်းများစွာ ကြိုးစားခဲ့ရသူများ ဖြစ်ပါသည်။ ဘ၀ရပ်တည်ရေးအတွက် လုပ်ငန်းများကို လုပ်ကိုင်ကြရာတွင် ၀င်ငွေ နှင့် ထွက်ငွေ မျှတစွာ သုံးစွဲနိုင်သောသူတို့သည် ချမ်းသာကြွယ်ဝလာနိုင်ကြပါသည်။ ငွေကို မှန်ကန်စွာ သုံးစွဲတတ်လျှင်လည်း ချမ်းသာကြွယ်ဝလာနိုင်ပါသည်။ သုံးစွဲသည်ဟုဆိုရာတွင် ဖြုန်းတီးခြင်းကို ထည့်မတွက် စေလိုပါ။ အသုံး နှင့် အဖြုန်းသည် မတူညီကြပါ။ အောင်မြင်ရန် ချမ်းသာကြွယ်ဝစေရန်အတွက် ငွေသည်လည်း သုံးတတ်ရန်လိုအပ်မည်ဖြစ်ပါသည်။
နေ့စဉ် ဘ၀ရပ်တည်ရေးအတွက် လဲကျလျှင် ပြန်ထရမည်ဖြစ်ပါသည်။ ဘ၀ရပ်တည်ရေးတွင် လဲကျတိုင်း ပြန်ထ ရမည်သာဖြစ်ပါသည်။ လဲကျ ပြန်ထ အဲဒါဘ၀ လို့ဆိုရမည်ဖြစ်ပါသည်။ ယနေ့ခေတ်တွင် စိတ်ဓာတ်ခိုင်မာမှု နည်းပါးသကဲ့သို့ အသိဥာဏ်ပညာမရှိကြလေသောကြောင့် ဘ၀ကို ဒူးထောက်အရှုံးပေးသွားကြသော လူငယ် လူရွယ်များအား ကြားရ မြင်ရပါသည်။ ထိုလူငယ်လူရွယ်တို့သည် လဲကျလျှင် ပြန်ထရန် မစဉ်းစားပါပဲနှင့် အလွန်ရခဲလှသော လူ့ဘ၀အား အရှုံးပေးခြင်းဖြင့် တမလွန်သို့ ထွက်ခွာသွားကြသည်မှာ အလွန်ဝမ်းနည်းမိပါ သည်။ အရှုံးကို မတွေ့ကြုံဘူးဘဲနှင့် အောင်မြင်ခြင်း၏အရသာအား သိရှိနိုင်မည်မဟုတ်ပါ။ အရှုံးနှင့် ရင်ဆိုင်ဖူးမှသာ အောင်မြင်ခြင်း၏အရသာအား ကောင်းမွန်စွာသိရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့သည် ရှုံးနိမ့်ဖူးကြရမည်ဖြစ်ပါသည်။ အရှုံးဆိုသည်ကိုလည်း လက်ခံနိုင်ကြရမည်သာဖြစ်ပါသည်။ အရှုံးရှိလျှင် အနိုင်သည်လည်း ရှိမည်ဖြစ်ပါသည်။ မိမိတို့၏ ခံယူချက် အသိဥာဏ်ပညာ တို့ဖြင့် ဘ၀ရပ်တည်ရေးအား ထိန်းကျောင်းခြင်းဖြင့် အောင်မြင်မှု၏ အသီးအပွင့်တို့အား ခံစား စံစားရသောအချိန်တွင် ရှုံးနိမ့်ခြင်းဆိုသော အရာအား အထူးကျေးဇူးတင်ရှိနေမည်ဖြစ်ပါသည်။ နိုင်ငံကျော် တေးသံရှင်အဆိုတော် “လေးဖြူ” သီဆိုထားသော “ယုံကြည်ရာ” ဆိုတဲ့သီချင်းစာသားလေးများအား သတိရမိပါသည်။ ရှုံးနိမ့်မှုတွေများစွာ နှိပ်စက်နေ သောကမီးတောက်ကြားမှာ လှောင်ပိတ်လို့ သံသယတွေများစွာ ခေါင်းထဲမှာအပြည့်နဲ့…….. ဒါတွေမင်းကြုံရမှာပဲ မပူနဲ့… ဒါပေမယ့် ဒီစိတ်ကိုမလျော့ပါနဲ့… မင်းမျှော်လင့်ချက်များ တစ်ချိန်ပြည့်လာမှာ… လူဆိုတာ အမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးကြတာပဲ… မင်းရဲ့ဘ၀မှာ ဘာကို ယုံကြည်လဲ… ယုံကြည်ရာတစ်ခုအတွက် အဆုံးတိုင်လျှောက်လှမ်းပါ… တစ်နေ့တော့ရောက်မှာပါ… ဘ၀ရဲ့တစ်ကွေ့မှာ မင်းတစ်ခါလဲကျမှာ လဲကျတဲ့အချိန်တိုင်းမှာ ပြန်ထဖို့ မမေ့ပါနဲ့ ဒါမင်းရဲ့တိုက်ပွဲပဲ… တိုက်ပွဲတိုင်းမှာ မတရားတာမရှိ ဒါဆို မင်းအနိုင်ရမယ် တွေးမှတ်ပြီး အိုး… ဘယ်တော့မှ နောက်ပြန်မလှည့်ပါနဲ့ ဆိုတဲ့ စာသားလေးများကို ကြားယောင်ရင်း နားထောင်အားတင်းပြီး ဘ၀ခရီးလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
လဲကျ ပြန်ထ အဲဒါ ဘဝ
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
5-Oct-2018 သောကြာနေ့(Friday)