လူကောင်း လူတော်ဖြစ်ကြပါစေ…
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကမ္ဘာပေါ်တွင် လူတော်များ အများအပြားရှိမည်ထင်ပါသည်။ ခေတ်အဆက်ဆက်တွင်လည်း လူတော်များ ပေါ်ပေါက်ခဲ့ကြပေသည်။ လူကောင်းဆိုသည်ကတော့ အလွန်ရှားမည်ထင်ပါသည်။ လူတော်ဖြစ်တိုင်း လူကောင်း မဖြစ်နိုင်ကြသည်ကိုလည်းမြင်တွေ့ရပါသည်။ လူတော်သည် လူတော်သာဖြစ်ပြီး လူကောင်းသည် လူကောင်း ဖြစ်ရာ တစ်ကဏ္ဍစီသာဖြစ်မည်ပင်။ လူတော်တိုင်းသည် လူကောင်းမဖြစ်နိုင်သကဲ့သို့ လူကောင်းတိုင်းသည်လည်း လူတော်မဖြစ်တတ်ကြပါ။ သို့သော်လည်း အများအားဖြင့် လူတော် လူကောင်းဟု သာ ရောနှောအသုံးပြုတတ်ကြပါသည်။ လူတော် လူကောင်း ဆိုသည့် စကားရပ်အပြင် လူကြီး လူကောင်းဟု လည်းသုံးနှုန်းတတ်ကြပါသေးသည်။ လူကြီးလူကောင်းအကြောင်းကို နောင်ကြုံကြိုက်မှ ရေးချင်ပါသေးသည်။ ယခုတော့ လူတော် လူကောင်းအကြောင်းကိုသာ ရေးသားလိုပါသည်။ လူကောင်း လူတော် နှင့်ပတ်သက်ပြီး ယခင်ကလည်း ရေးသားခဲ့ဘူးပါသည်။ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ရာ မည်သူမျှ ဖတ်မိတော့မည်မဟုတ်သည်မှာ သေချာပါသည်။ ခုနှစ်ရက်မပြည့်သောအချိန်တွင်ပင် စာဖတ်သူ အနည်းငယ်သာရှိရ ခုနှစ်ရက်ပြည့်ပြီးသော စာများအား အပင်ပန်းခံရှာဖွေဖတ်ရှုကြလိမ့်မည်မဟုတ်ကြောင်းကိုလည်း စိတ်ချယုံကြည်နေပါသည်။ ထို့ကြောင့် လူတော် လူကောင်းနှင့်ပတ်သက်သော အကြောင်းအချက်အချို့အား ပြန်လည်ရေးသားလိုခြင်း ဖြစ်ပါသည်။ အမှားအယွင်း လိုအပ်ချက်များအား ဖြည့်စွက် ပြင်ဆင် ဆွေးနွေးနိုင်ပါသည်။ လူတော်များပေါများ လာသော်လည်း လူကောင်းများ အလွန်ရှားပါးလာနေသည်ဖြစ်ရာ လူတော် လူကောင်းများရရှိရန်ခက်ခဲသော ခေတ်သို့ ဦးနေသည်လားဟုပင် စဉ်းစားမိပါသည်။ တော်ပြီးကောင်းနေသောလူသည် လူ့လောကအတွက် ကောင်းကျိုးအမြောက်အမြားကို ဖြစ်ပေါ်စေနိုင်သော်လည်း တော်ပြီး မကောင်းသောလူတစ်ယောက်ဖြစ်ပါက လူ့လောကကြီးအား ဆိုးကျိုးအမြောက်အမြားဖြစ်ပေါ်စေနိုင်ပေမည်။
လူတော်လို့ဆိုသည်မှာလည်း အတတ်ပညာအလွန်ထူးချွန်သူဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်ထင်ပါသည်။ ထိုသို့ အတတ်ပညာအလွန်ပင်ထူးချွန်သော လူငယ်အများအပြား ယနေ့ခေတ်ကာလတွင် အလွယ်တကူပင် မြင်တွေ့ နိုင်ပါသည်။ လူကောင်းဆိုသည်မှာ အကျင့်စာရိတ္တကောင်းမွန်သောလူ ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ထင်ပါသည်။ အကျင့်စာရိတ္တကောင်းမွန်သော လူငယ် လူရွယ်များကတော့ ယနေ့ခေတ်ကာလတွင် ပိုမိုနည်းပါးလာနေသည် ကိုလည်း အလွယ်တကူမြင်တွေ့နိုင်နေပါသည်။ လူတော်ဖြစ်စေရန်အတွက် ယခုခေတ်တွင် အလွန်ပင်လွယ်ကူ နေပြီဖြစ်ပါသည်။ ငွေကြေးတတ်နိုင်သော အသိုင်းအ၀ိုင်းများတွင် လူတော်ဖြစ်ရန် အလွယ်လွယ်ကူမည်ဖြစ်ပါ သည်။ ငွေကြေးတတ်နိုင်ပြီး ပညာရပ်အား စိတ်ဝင်စားလျှင် လူတော်ဖြစ်နိုင်ပေသည်။ သို့သော် လူကောင်းကား ဖြစ်ချင်မှဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း လူကောင်းဆိုသည့်အရာသည် လူ့လောကကြီးတွင် ရှေးအခါကပင် အလွန်ရှားပါးခဲ့ပေသည်။ ယခုလည်း ရှားပါးနေဆဲ၊ နောင်လည်း ပိုမိုရှားပါးသွားမည်သာဖြစ်ပေသည်။ လူကောင်း ဆိုသူတို့၏ ဘ၀ခရီးတို့သည် အများအားဖြင့် ကြမ်းတမ်းတတ်ကြပါသည်။ ကောင်းသောစိတ်ထားရှိသူတို့ ဖြစ်သည်နှင့်အညီ အခြားသူများအား ဦးစားပေးတတ်ပြီး မိမိတို့အတွက်မူ စဉ်းစားခြင်းနည်းပါးတတ်ပါသည်။ တနည်းအားဖြင့်ဆိုပါလျှင် လူကောင်းတို့သည် မိမိတို့၏ အတ္တအား ချိုးနှိမ်ထားတတ်ကြသူများဖြစ်မည်ပင်။ လူတော်လူကောင်းစိတ်ထားများအားလည်း ငယ်စဉ်ကလေးဘ၀ကပင် နားဝင်အောင်သင်ကြားပေးထားသင့်ပါ သည်။ ကလေးငယ်တို့၏ စိတ်သည် ပျော့နေသေးသော ရွှံ့နှင့်တူနေပေသည်။ ပစ်သွင်းသမျှသောအရာတို့အား အလွယ်တကူ နစ်မြုတ်ဝင်ရောက်နိုင်ပေသည်။ ထို့ကြောင့် ငယ်ရွယ်စဉ် ကလေးဘ၀မှ အသိတို့သည် အရွယ် ရောက်ချိန်တွင် မသိမသာ ပေါ်ပေါက်လာတတ်ခြင်းဖြစ်ပေမည်။ မှန်ကန်သော အသိတရားများလည်း ရရှိကြမည်ဖြစ်ရာ လူငယ်ဘ၀တွင် အမှားအယွင်းနည်းပါးတတ်ကြပါသည်။
လူတော်တို့သည် အတတ်ပညာများအား တစ်ဖက်ကမ်းခတ် တတ်မြောက်ကြသည်ဖြစ်ရာ အတတ်ပညာတို့၏ စွမ်းပကားဖြင့် မောက်မာထောင်လွှားမှုများ ဖြစ်စေနိုင်ပါသည်။ မောက်မာထောက်လွှားမှု ဖြစ်တည်လာပါက ငါသိ ငါတတ် ငါမှန် ဆိုသော လမ်းကို ငါ ချင်းထပ်ကာ လျှောက်လှမ်းသွားတတ်ကြပေသည်။ အတတ်ပညာလွန် သောကြောင့် ငါ ဆိုသော အတ္တက ရှေ့ဆောင်သွားခဲ့ပါက လူတော်များသည် မည်သူ့ကိုမျှ မစဉ်းစား ထည့်မတွက်တတ်ကြတော့ပယ် အသိဥာဏ်ကွယ်တတ်ကြပါသည်။ ထိုသို့အသိဥာဏ်များ မကွယ်ပျောက်စေရန် အတွက် ဘာသာတရားသည် အရေးပါနေဆဲဖြစ်ပါသည်။ လူတော်များသည် ဘာသာတရားနှင့် မကင်းလွတ်မှ သာ လူကောင်းများဖြစ်ပေမည်။ အစွန်းရောက်လွန်းသော အရာတို့သည် မကောင်းမွန်တတ်ကြောင်း လူတိုင်း လက်ခံနိုင်သော်လည်း တစ်ချိန်ချိန်တွင် မိမိတို့ကိုယ်တိုင် အစွန်းရောက်နေတတ်ကြသည်ကိုမူ သတိမမူမိကြပါ။ မေ့လျော့ခြင်းဖြင့် အစွန်းတစ်ဖက်ဖက်တွင် ရောက်သွားတတ်ရာ အစွန်းရောက်နေမှန်းပင် မသိကြတော့သော လူအများအပြားပင် တွေ့မြင်ဘူးပါသည်။ ဘာသာရေးတွင်လည်း အစွန်းရောက်နေခြင်းသည် မကောင်းမွန်ဟု ထင်ပါသည်။ လူတော်တို့သည် အစွန်းရောက်ခဲ့ပါက မကောင်းမွန်နိုင်တော့ပါ။ အလုပ်တွင် အလွန်အစွန်းရောက် ခြင်းသည်လည်း ကောင်းသောလက္ခဏာမဟုတ်ပါ။ ယုံကြည်ခြင်းသည် လူတိုင်းအတွက် လိုအပ်မည်ဖြစ်ပါ သည်။ သို့သော် မိမိကိုယ်ကို ယုံကြည်မှုလွန်ခြင်းသည် မကောင်းနိုင်ပါ။ ထိုသို့စိတ်မျိုးသည် လူတော်တို့တွင် အလွယ်တကူဖြစ်ပေါ်တတ်ကြပေသည်။ အဘယ့်ကြောင့်ဆိုသော် အခြားသူများထက် အတတ်ပညာတွင် တော်လွန်းနေသောကြောင့်ဖြစ်ပေသည်။ ပညာရပ်တစ်ခု၏ အယူအဆ လုပ်ဆောင်ချက်တို့သည် အချိန်အတိုင်းအတာတစ်ခုအတွက် မှန်ကန်နေတတ်ပြီး အချိန်အတိုင်းအတာကျော်လွန်သွားပါ မှားယွင်းသည် ဟု ထပ်မံသတ်မှတ်ခံရတတ်ပါသည်။
မျိုးရိုးဗီဇကို ပြုပြင်ပေးပြီး ပေါင်းစပ်တဲ့နည်းပညာကောင်းသည်ဟုဆိုသော ခေတ်ကာလ ကုန်ဆုံးသွားနိုင်မည် ဖြစ်ပါသည်။ မူရင်းသစ်သီးတစ်လုံး၏အရသာအား ပြုပြင်ထားသော သစ်သီး၏ အရသာသည် လိုက်မှီလိမ့်မည်မဟုတ်တာ သိနိုင်ပါသည်။ ထို့ကြောင့် နည်းပညာပြောင်းလဲမှုကြောင့် လူတော်တို့သည် ပညာရပ် များအပေါ်တွင် အရူးအမူးဖြစ်ကာ အသိဥာဏ်ပျောက်ကာ လူကောင်း အဖြစ်သို့ မရောက်နိုင်ဖြစ်တတ်ပါသည်။ ဒီလိုဆိုရင် လောကကြီးမှာ လူတော်တွေမလိုအပ်ဘူးလား ဟု မေးစရာဖြစ်လာ ပါလိမ့်မည်။ လူတော်တွေ လိုအပ်ပါသည်။ ယခုခေတ်ကာလတွင် လူတော်အများအပြား လိုအပ်မည်ဖြစ်ပါသည်။ ထိုလူတော်တို့သည် လူကောင်းများလည်း ဖြစ်လေစေချင်ပါသည်။ လူတော်များချည်းသာဖြစ်နေပါက လူတော်အချင်းချင်း ပြဿနာ ဖြစ်စေနိုင်သော်လည်း လူကောင်းများချည်းသာရှိနေပါမူ လူကောင်းအချင်းချင်း ပြဿနာဖြစ်နိုင်မှု အလွန်နည်းပါးသွားပါလိမ့်မည်။ မတော်တဲ့သူများအနေဖြင့် အတွန့်တက်ကြမည်မဟုတ်။ တော်တဲ့သူ အချင်းချင်းကတော့ သူတော် ငါတော် လုနေကြပေလိမ့်မည်။ လူကောင်းလူတော်တို့သည် သူတစ်ပါးအား ညံ့သည်ဟု ပြောကြလိမ့်မည်မဟုတ်ပဲ သူတို့မညံ့ကြောင်းသာ ပြသာကြလိမ့်မည်ဖြစ်ပါသည်။ လူတော်တို့သည် မာနရှိတတ်သည်ဖြစ်ရာ ထိုမာနသည် လွဲမှားသော တလွဲမာနမဖြစ်ကြစေရန် ထိန်းသိမ်းနိုင် လျှင် အကျိုးများမည်သာဖြစ်ပါသည်။ လူငယ်လူရွယ်တို့အား ကောင်းသောလူ တော်သောလူများ ဖြစ်ကြပါစေ ကြောင်း ဆုမွန်ချွေရင်း ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
17-Sept-2018 တနင်္လာနေ့(Monday)