လူငယ် နှင့် အနာဂတ် (Youth And Future)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Youth and future.png

Image from google


ကျွန်တော်တို့မြန်မာနိုင်ငံသည် ရှေးယခင်လူများ၏ ကြိုးပမ်းမှုကြောင့် မျက်မှောက်ခေတ်ကာလတွင် ကိုယ့်အမျိုး၊ ကိုယ့်သာသာ၊ ကိုယ့်သာသနာများဖြင့် ခန့်ညားထယ်ဝါစွာဖြင့်ရပ်တည်နိုင်ကြပေသည်။ ရှေးလူဟောင်များ၏ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပေသည်။ ရှေးလူဟောင်းများ၏ ကောင်းမွန်သောလက်ဆင့်ကမ်းအမွေများလည်း ဖြစ်ပေသည်။ ရှေးလူဟောင်းများဖြစ်ကြသော ကျွန်တော်တို့၏ ဘိုးဘေးများက သူတို့ထမ်းဆောင်သင့်သည့်တာဝန် များကို တာဝန်သိသိ သစ္စာရှိရှိဖြင့် ထမ်းရွက်ခဲ့ကြသဖြင့် ယနေ့ခေတ်ကာလတွင် ကျွန်တော်တို့ထည်ထည်ဝါ၀ါ နေနိုင်ခြင်းဖြစ်ပေသည်။ နိုင်ငံနှင့်ချီပြီးပြောနေလျင် ဝေးနေလိမ့်မည်။ မိမိတို့၏ မိသားစု မျိုးရိုးအစဉ်အလာကိုသာ စဉ်းစားကြည့်ကြစေချင်ပါသည်။ မိမိတို့၏ အဖိုးအဖွားများ၏ စည်းကမ်းစနစ်ကျစွာ စုဆောင်းခြင်းဖြင့် ယခုမျက်မှောက်ခေတ်ကာလတွင် မိမိတို့၏ မိသားစုလေးသည် လူ့လောကအလယ်တွင် မျက်နှာမငယ် နေနိုင်ကြ ပါသည်။ အဖိုးအဖွားများမှ အဖေအမေများသို့ ကောင်းမွန်သော အမွေများကိုပေးအပ်ခဲ့ကြသောကြောင့်လည်း အဖေအမေများမှလည်း ကောင်းမွန်သော၊ စည်းစနစ်ကျသော လုပ်ရပ်များကို လက်ဆင့်ကမ်းထိန်းသိမ်းခဲ့သော ကြောင့်သာလျှင် ကောင်းမွန်သောအနေအထားတစ်ရပ်ဖြင့် လူ့လောကတွင် နေထိုင်ကြခြင်းဖြစ်ပါသည်။ အဖိုးအဖွားများက စည်းစိမ်ဥစ္စာများ မည်မျှပင်ထားရှိစေကာမူ အဖေ အမေဖြစ်သူများမှ စည်းစနစ်တကျ မသုံးစွဲခဲ့ ပါမူ ကောင်းမွန်သော ဘ၀ကိုပိုင်ဆိုင်နေကြလိမ့်မည်မဟုတ်ပါချေ။ ထိုသို့ ကောင်းမွန်သော လက်ဆင့်ကမ်းအမွေ ကို မျိုးဆက်သစ်လူငယ်များမှ အလိုအလျောက် အမွေဆက်ခံကြရမည်ဖြစ်ပါသည်။ မကောင်းမွန်သော ဆိုးမွေများ ကိုလည်း မျိုးဆက်သစ်လူငယ်များမှ ဆက်ခံရမည်ဖြစ်ပေသည်။


Our Youth Our Future.png

Image from google


ကျွန်တော်တို့တစ်တွေသည် လူအဖြစ်သို့စတင်ရောက်ရှိလာကြသည့်အချိန်ကတည်းကပင် မိမိတို့၏ ရပိုင်ခွင့်များ ရှိသကဲ့သို့ နောက်တက်လာမည့်မျိုးဆက်သစ်များအားလည်း လက်ဆင့်ကမ်းပေးကြရန် တာဝန်ရှိကြမည်ဖြစ်ပါ သည်။ လက်ဆင့်ကမ်းပေးကြရမည့်သူများမှာလည်း ကောင်းမွေများကိုသာ လက်ဆင့်ကမ်း ပေးသင့်သည်ဟု ထင်ပါသည်။ ဆိုးမွေများအားလည်း လက်ဆင့်ကမ်းမပေးမိစေရန်မှာ မိဘများ၊ ယနေ့လူကြီးများ၏ တာဝန်ဖြစ်မည် ထင်ပါသည်။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဆိုသောစကားအတိုင်း မိမိတို့သည် ယခုအချိန်တွင် လူငယ်များ ဖြစ်နေကြသေးသော်လည်း နောင်တစ်ချိန်တွင် လူကြီးများဖြစ်လာမည်ဖြစ်ပေသည်။ ထိုသို့ မိမိတို့သည် လူကြီး မိဘများဖြစ်လာချိန်တွင် မျိုးဆက်သစ်လူငယ်များအား မိမိတို့ ရင်သွေးငယ်များအား လက်ဆင့်ကမ်းပေးရန် မိမိတို့ တွင် မည်သို့သော ကောင်းမွေများကို စုဆောင်းပြီးထားရှိရန်လည်း လိုအပ်ပါသည်။ ပစ္စည်း ဥစ္စာများကို ဆိုလိုခြင်း မဟုတ်ပါ။ ပစ္စည်း ဥစ္စာများလည်းစုဆောင်းရမည်ဖြစ်သော်လည်း ပစ္စည်း ဥစ္စများသည် အသိုင်းအ၀ိုင်း တစ်ခုလောက်ကိုသာလျှင် ကောင်းမွန်အောင် ထားရှိနိုင်ပေလိမ့်မည်။ အမျိုးသားထုတစ်ရပ်လုံးအတွက်မူ ကောင်းမွန် မှန်ကန်သော အတွေးအခေါ်များ ထည့်သွင်းပေးနိုင်မှာသာလျှင် နောင်မျိုးဆက်သစ်အားလုံးတို့အတွက် ကောင်းမွန်နိုင်ပေမည်။ သာမန်အားဖြင့် ယခုခေတ်လူငယ် လူရွယ်များသည် သိလွယ် တတ်လွယ် မြင်လွယ်ကြပါသည်။ ကောင်းမွန်သော လမ်းကြောင်းကို လမ်းညွှန်ပြသပေးရန်သာ လိုအပ်သည်ဟု ထင်ပါသည်။ လမ်းပြညွှန်ကြားပေးရန်မှာ လူကြီးမိဘများတွင် တာဝန်ရှိသည်ဟုလည်း ထင်မြင်မိပါသည်။


guid for youth.png

Image from google


မျိုးဆက်သစ်လူငယ်များအနေဖြင့်လည်း လက်ဆင့်ကမ်းပေးမည့်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်ရန် အတွက် ပြည့်ဝကောင်းမွန်သော အရည်အချင်းများလိုအပ်ပါသည်။ တာဝန်ယူလိုသောစိတ်များလည်း ရှိသင့်ပါသည်။ တာဝန်ယူရဲသည့် စိတ်ဓာတ်များလည်း မွေးမြူကြရန်လိုအပ်ပါသည်။ ထိုသို့နောင်လာမည့် မျိုးဆက် သစ်လူငယ်များအား လေ့ကျင့်ပေးရန်မှာလည်း မိဘများတွင် တာဝန်ရှိပါသည်။ မိဘများကိုယ်တိုင်က တာဝန်ယူ လိုသောစိတ်ဓာတ်များရှိမှာသာလျှင် သားသမီးများအားလည်း တာဝန်ယူလိုသောစိတ်များ လက်ဆင့်ကမ်းပေး နိုင်ကြမည်ဖြစ်ပါသည်။ မိဘများကိုယ်တိုင်ကပင် တာဝန်ယူလိုစိတ်မရှိပါက မျိုးဆက်သစ်ရင်သွေးငယ်များအား မည်ကဲ့သို့ တာဝန်လွှဲပြောင်းပေးနိုင်မည်နည်း။ ထိုကဲ့သို့ မျိုးဆက်သစ် လူငယ်များတွင် တာဝန်ယူလိုသောစိတ် ရှိခြင်း မရှိခြင်းသည် နောင်လာမည့် အနာဂတ်ကာလကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုသော နောင်အနာဂတ် တိုင်းပြည် ကောင်းခြင်း မကောင်းခြင်းသည် မျိုးဆက်သစ် လူငယ်များအပေါ်တွင် မူတည်နေပါသည်။ မူးယစ်ဆေးသုံးနေသော လူငယ် လူရွယ်များ၊ ဘီယာဆိုင်ထိုင် ဘီယာစုပ်နေကြသော လူငယ် လူရွယ်များ၊ အတွေးခေါ်ညံ့ဖျင်းလှသော လူငယ် လူရွယ်များဖြင့် ကောင်းမွန်သော တိုင်းပြည်ကြီးကို ထူထောင်နိုင်မည်ဟု ကြွေးကြော်နေခြင်းသည် အလွန် ရယ်စရာကောင်းသော ပျက်လုံးတစ်ခုသာ ဖြစ်နေမည်ထင်ပါသည်။တိုင်းပြည်အနာဂတ်အတွက် လူငယ်များသည် အလွန်အရေးကြီးပါသည်။ လူငယ်များကို ကောင်းမွန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းညွှန်ပြသကြမည်ဖြစ်ပါသည်။ ကောင်းမွန်သောလမ်းညွှန်ချက်များကို မပြသနိုင်ပါက လမ်းမှားကို ရောက်ရှိသွားရန်သည် ၉၉ ရာခိုင်းနှုန်းသေချာပါသည်။ ယနေ့ခေတ်ကာလသည် မကောင်းမှုအာရုံကျက်စားရန် အလွန်လွယ်ကူနေသော ခေတ်ဖြစ်နေပါပြီ။ လူငယ်များမဆိုထားနှင့်။ အတွေ့အကြုံ နှင့် အသိဥာဏ်ရှိကြပါသည်ဆိုသော လူကြီးများပင်လျှင် မကောင်းမှုအာရုံများကို လွန်ဆန်ရန်မလွယ်ကူသော ခေတ်ဖြစ်နေပါသည်။ ထို့ကြောင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏ မဏ္ဍိုင်များဖြစ်လာကြမည့် လူငယ်များသည် အလွန်အရေးကြီးပါသည်။ အခြားသော တိုင်းပြည်များတွင် လူငယ်များကို အလွန်အရေးထားကြကြောင်းကိုလည်း မှတ်သားဖူးပါသည်။ ဂျပန်လူမျိုးများသည် ကလေးသူငယ်များအား အလွန်တန်ဖိုးထားကြကြောင်းကို စာများတွင် ဖတ်ရှုဖူးပါသည်။ ဂျပန်လူမျိုးတို့သည် တာဝန်ယူလိုသောစိတ်အင်မတန်ပြင်းထန်ကြပါသည်။ မိမိတို့အား စေခိုင်းလိုက်သော အလုပ်ကို ပထမအကြိမ် မအောင်မြင်ပါက မိမိတို့ကိုယ်တိုင် မိမိတို့၏ လက်သန်းတစ်ဆစ်အား ဖြတ်ပစ်တတ်ကြသည်ဟု ဖတ်ဖူးပါသည်။ ဒုတိယအကြိမ်မအောင်မြင်ပါက လက်သန်းအား ဒုတိယတစ်ဆစ်ဖြတ်တတ်ကြကြောင်း၊ တတိယအကြိမ် မအောင်မြင်ကြပါက မိမိကိုယ်မိမိ အဆုံးစီရင်သည်အထိ တာဝန်ယူလိုစိတ်ပြင်းထန်ကြပေသည်။ ယနေ့အချိန်တွင်လည်း ကျင့် ထိုကဲ့သို့ ကျင့်သုံးခြင်း ရှိ မရှိ မသိပါ။ သူတို့တွင် မအောင်မြင်ခြင်းအတွက် ဆင်ခြေမရှိကြကြောင်း သိရပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများနှင့် ဂျပန်လူမျိုးတို့၏ တာဝန်ယူလိုစိတ်သည် အလွန်ကွာခြားလျှက်ရှိသည်မဟုတ်ပါလော။ ထို့သို့သော စိတ်ဓာတ်များဖြင့် တည်ဆောက်ထားသော ဂျပန်သည် ကမ္ဘာပေါ်တွင် ကျော်ကြားထင်ရှား နေခြင်းမှာ အဆန်းမဟုတ်ဟု ထင်မြင်မိပါသည်။


transfer.png

Image from google


အချို့သော မိဘများက ဒီသားသမီးတွေက အားကိုမကိုးရဘူး၊ ဘာမှမသိတတ်ဘူး၊ ဘာတာဝန်မှ မယူချင်ဘူး စသည်ဖြင့်ပြောဆိုကြသည်ကို အမြဲလိုလိုကြားနေရပါသည်။ ထိုကိစ္စတွင် မှားယွင်းနေသည်မှာ မိဘများဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အဘယ်သို့မိဘများမှားယွင်းနေသနည်း။ ယခုခေတ်တွင် မိဘများသည် သားသမီးများအားကျောင်းလိုက်ပို့ခြင်းဖြင့်ပင်မပြီး။ ကျောင်းအတွင်သို့ဝင်ရောက်ကာ ကလေးများ လုပ်ရမည့် အတန်းသန့်ရှင်းရေး၊ ဘုရားပန်းလဲလှယ်ခြင်း၊ သောက်ရေအိုးရေဖြည့်ခြင်း စသည့် တာဝန်များအား ကလေးများအား မလုပ်စေပဲ အမေလုပ်လိုက်မယ် ဟုဆိုကာ ၀င်ရောက်လုပ်ကိုင်လိုက်ခြင်းဖြင့် သားသမီးများ၏ တာဝန်ကို မိဘက ၀င်ယူလိုက်ပေတော့သည်။ ထိုသို့ နှစ်စဉ်နှစ်တိုင်းပြုကျင့်လာခဲ့သည်မှာ တက္ကသိုလ်ဘွဲ့ရသည် အထိဖြစ်ကုန်ကြသည်ကို မြင်တွေ့နေရပါသည်။ မိဘတိုင်းထိုကဲ့သို့လိုက်ပါလုပ်ဆောင်နေခြင်းတော့မဟုတ်ပါ။ သို့သော် အများစုသည် ထိုကဲ့သို့လုပ်ဆောင်နေကြသည်ကို တွေ့မြင်နေရပါသည်။ ထိုသို့ လူငယ်များ၏ တာဝန်ကို မိဘများက ၀င်ရောက်လုပ်ကိုင်ကြခြင်းဖြင့် လူငယ်များသည် မိမိတို့ ကိုယ်တိုင်လုပ်သင့်သောအရာများကိုပင် မိဘ မပါလျင် ဘာမှမလုပ်တော့၊ တနည်းအားဖြင့် မလုပ်တတ်တော့သော လူငယ်များဖြစ်ကုန်ကြလေသည်။ တစ်နေ့က လ္ဘက်ရည်ဆိုင်တွင် သူငယ်ချင်းနှင့်ထိုင်နေစဉ် တက္ကသိုလ်တက်ကြမည့် သားသမီးများအတွက် ဘယ်မေဂျာကို ဘယ်ကဲ့သို့ သွားရောက်အပ်နှံကြမည်လဲ ဟုပြောဆိုနေကြလေသည်။ ဆားသည်က ခွေးမောင်းပြီး ငပိသည်က အိပ်နေသည် ဟူသော စကားပုံကဲ့သို့ဖြစ်နေလေပြီ။ မိဘများက သားသမီးများ ကျောင်းတက်ရန် အတွက် ဘက်စုံ မှ စုံစမ်းနေကြသော်လည်း သားသမီးများကမူ ဖုန်းအပွတ်မပျက်ကြပေ။ သူငယ်ချင်းတစ်ယောက်က ၀င်ရောက်ပြောဆိုရာတွင် တက္ကသိုလ်တက်မည့် ကျောင်းသားများကိုမပြောနှင့်။ သူ့ကလေးမူကြိုကျောင်းပို့ရာတွင် လွယ်အိတ်မယူသဖြင့်ပြောရာ အဖေယူခဲ့ ဟု မူကြိုတက်နေသည့် သားဖြစ်သူမှ ပြန်ပြောကြောင်းပြောပြလေသည်။ ထိုကဲ့သို့ မိဘများကို အလုံးစုံ အဖေလုပ်ခဲ့တော့၊ အမေလုပ်လိုက်တော့ ဖြစ်ကုန်ခြင်းသည် ငယ်စဉ်ကာလကပင် မိဘများမှ သူတို့၏ နိုင်ရာတာဝန်များကို မထမ်းဆောင်စေပဲ မိဘများမှ ၀င်ရောက်လုပ်ကိုင်ခြင်းကြောင့် လူငယ်များ အနေဖြင့် ကိုယ့်အားကိုယ်ကိုးခြင်းစိတ်ဓာတ်များလည်း ပျောက်ဆုံးကုန်ကြလေသည်။ တာဝန်ယူလိုစိတ်များလည်း မရှိတော့ပါချေ။ ထိုသို့မလုပ်အပ်သည်ကို မိဘများ သတိပြုဆင်ခြင်အပ်ပါသည်။


last.png

Image from google


အနာဂတ်ကာလတွင် တိုင်းပြည်တစ်ပြည်၏ တိုးတက်ကောင်းစားရေးသည် လူငယ် လူရွယ်များအပေါ်တွင် မူတည်နေပါသည်။ လူငယ် လူရွယ်များမှ တာဝန်ယူလိုစိတ်မရှိတော့ပါမူ တိုင်းပြည်သည်လည်း တိုးတက်ခြင်းရှိနိုင်မည်မဟုတ်တော့ပါ။ ထိုသို့ လူငယ် လူရွယ်များမှ တာဝန်ယူရမည်ကို မသိတော့ခြင်းသည် တာဝန်ပျက်ကွက်ခြင်းသည် တိုင်းပြည်တိုးတက်ရေး အား နှောင့်နှေးစေခြင်းဖြစ်သည့် အကြောင်းတစ်ရပ်လည်းဖြစ်နိုင်ကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။ လူငယ်များ မိမိတို့၏ တာဝန်ကို တတ်နိုင်သမျှ ၀ိုင်းဝန်းလက်ဆင့်ကမ်းခြင်းဖြင့် တိုင်းပြည်ကို တစ်ဖက်တစ်လမ်းမှ တိုးတက်စေရန် ကြိုးပမ်းခြင်းဖြင့် လူအဖိုးတန်လေးများဖြစ်နိုင်ကြပါစေလို့ တိုက်တွန်းလိုက်ရပေသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

17-11-2017 သောကြာနေ့(Friday)