လူငယ်များသည် အနာဂတ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
စာရေးမည်ဟုစဉ်းစားတိုင်းမှာ လူငယ်လူရွယ်များအကျိုးရှိစေလိုသော စာများကိုသာ ခေါင်းထဲတွင် တွေးမိနေတတ်တယ်။ ဒါကြောင့်လည်း စာရေးလိုက်တိုင်းမှာ တိုးတက်ရေး ကြီးပွားရေး အောင်မြင်ရေးတွေသာ ဖြစ်နေပါတယ်။ မတတ်နိုင်ပါ။ ရလာသောအတွေးတို့ဖြင့်သာ စာများကိုဖန်တီးနေရခြင်းဖြစ်ရာ သည်းခံဖတ်ရှု ကြဖို့လည်း ပြောကြားချင်ပါတယ်။ ဘာ့ကြောင့် လူငယ်တွေအတွက်ကိုပဲ ရည်ရွယ်ရေးသားနေပါသလဲလို့များ မေးခဲ့မယ်ဆိုရင်တော့ အဖြေကလည်း အဆင်သင့်ပင်ရှိနေပါတယ်။ ထိုမေးခွန်းရဲ့ အဖြေကတော့ “အနာဂတ် တိုင်းပြည် နိုင်ငံတိုးတက်ရေးအတွက် လူငယ်များအပေါ်မှာ မူတည်နေတာကြောင့် အနာဂတ်ကို လူငယ်များကသာ ပိုင်စိုးပါတယ်” လို့ပဲပြောရမှာဖြစ်ပါတယ်။ အနာဂတ်ဆိုတာကလည်း လူငယ်လူရွယ်များရဲ့ လက်ထဲမှာပဲရှိပါတယ်။ လူငယ်လူရွယ်များ အသိဥာဏ်မှန်ကန်ပြီး ဖွံ့ဖြိုးတိုးတက်ပါမှ အနာဂတ်နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အနာဂတ်သည် ယနေ့လူငယ်များရဲ့ လက်ထဲမှာပဲ ရှိပါသည်။ ဒီတော့ အနာဂတ်ဆိုတာ လူငယ်တွေပဲ ပိုင်ဆိုင်ကြပြီး လူကြီးတွေကတော့ မပိုင်ဆိုင်တော့ပါ။ ဘယ်လိုကြောင့် လူငယ်တွေကပဲပိုင်ဆိုင်တာလဲဆိုတော့ အနာဂတ်နိုင်ငံတော်အတွက် လူငယ်တွေက မပါလို့ကို မဖြစ်လို့ပဲဖြစ်ပါသည်။ ထိုထိုသောအကြောင်းများကြောင့် လူငယ်များအား အသိဥာဏ်အတွက် မှန်ကန်စေရန် တတ်စွမ်းသမျှလေး ကြိုးစားရေးနေခြင်းဖြစ်ပါသည်။ လူကြီးတွေကိုရော မပြုပြင်ကြတော့ဘူးလားလို့များမေးလာခဲ့သည်ရှိသော် ဟုတ်ကဲ့ မပြုပြင်ချင်တော့ပါဘူးလို့ ပြောကြလိမ့်မယ်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူကြီးအများစုက သူတို့ဖြတ်သန်းလာခဲ့တဲ့ ဘ၀ခရီးလမ်းအရ အယူအဆ အတွေးအခေါ် အလုပ်အကိုင်တွေက ခေါက်ရိုးကျိုးနေကြပြီဖြစ်ပါတယ်။ ခေါက်ရိုးကျိုးတွေကို ပြန်ဖြန့်ထုတ်ဖို့ကတော့ ပျက်စီးသွားဖို့ပဲဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း လူအများစုက လူငယ်တိုးတက်ရေးတွေကိုသာ ရေးသားနေကြခြင်းဖြစ်ကြောင်းလည်း တွေ့ရပါတယ်။
အမှန်အတိုင်းပြောရမယ်ဆိုရင် စာရေးဖို့မပြောနဲ့၊ ခုံပေါ်တောင်ထိုင်ချင်စိတ်မရှိပါဘူး။ မိုးလေးကအေးအေးနဲ့ စာအုပ်တစ်အုပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်၊ စားစရာအပြည့်အစုံနဲ့ ဇိမ်ကျကျကွေးနေချင်စိတ်ပဲ ဖြစ်ပေါ် နေမိပါတယ်။ ဒီကြားထဲမှာ သွားကနာ၊ အပူတွေကန်ပြီး ပါးချိတ်ကယောင်နေလေတော့ စာရေးဖို့စိတ် လုံးလုံးကို မဖြစ်ပေါ်ဘူးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ရေးဖြစ်အောင်ရေးချင်စိတ်နဲ့ ရေးတင်လိုက်တာပဲဖြစ်ပါတယ်။ စာရေးမယ်လို့စိတ်ကူးဖြစ်လာတော့ အပေါ်မှာပြောခဲ့သလို လူငယ်တွေအတွက်ပဲ ရေးချင်စိတ်ပေါ်လာတာမို့ ဆက်ရေးလိုက်ပါဦးမယ်။ အနာဂတ်တွေလှပဖို့အတွက်က လူငယ်လူရွယ်တွေရဲ့ အနာဂတ်ဘ၀လှပနေမှ ဖြစ်မည်ထင်ပါသည်။ ဒီလိုအနာဂတ်မှာ လူငယ်တွေဘ၀ လှပနေစေဖို့အတွက် ဘယ်သူတွေက လုပ်ကြရမှာလဲ။ ဘယ်သူမှ လုပ်ပေးလို့မရပါဘူး။ လူငယ်တွေကပဲ လုပ်ကြရမှာပါ။ လက်ရှိလူကြီးတွေက ဘေးကနေ လမ်းညွှန်ပေးခြင်း၊ အကြံဥာဏ်ပေးခြင်း၊ တတ်စွမ်းသလောက် ၀ိုင်းဝန်းပေးခြင်းဖြင့်သာ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာတော့ လူငယ်တွေသာ အဓိကကျနေပါ သည်။ လူကြီးများအနေနှင့် အနာဂတ်ကာလအတွက် ဘာတွေလိုအပ်မယ်၊ ဘာတွေကို သင်ကြားထားသင့် တယ်၊ ဘယ်လိုလုပ်ကိုင်သင့်တယ်ဆိုတာတွေလောက်ကိုပဲ အကြံပေးနိုင်မှာဖြစ်ပါတယ်။ ပုံဖော်ဆောင်ရွက်ခြင်း ကတော့ လူငယ်တွေကသာ လုပ်ကိုင်ကြရမှာဖြစ်ပါသည်။ လူငယ်တွေကပဲ လက်တွေ့ပုံဖော်ကြရမှာဖြစ်လို့ အနာဂတ်အတွက် လူငယ်တွေကအရေးကြီးတာဖြစ်ကြောင်း အမြဲတမ်းရေးသားနေကြခြင်းဖြစ်ပါတယ်။
စာဖတ်ခြင်းဆိုတာက အလွန်လျင်မြန်စွာနဲ့ပဲ အခြားသူများရဲ့ အတွေ့အကြုံများကို အလွယ်တကူရရှိလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း စာများများဖတ်သင့်ပါတယ်။ အခြားသူတွေက သူတို့တွေ့ကြုံခဲ့တဲ့အမှားတွေရော အမှန်တွေကိုပါ ထည့်သွင်းရေးသားကြပါတယ်။ ဖတ်သူအနေနဲ့က အမှားကိုရှောင်ပြီး အမှန်ကို အလွယ်တကူ ဆောင်နိုင်ပါတယ်။ စာရေးသူတစ်ယောက်ရေးထားတဲ့ အနှစ်(၂၀-၃၀)အတွေ့အကြုံတွေကို စာအုပ်တစ်အုပ် ဖတ်လိုက်ရုံနဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့သလို ခံစားကြရပါလိမ့်မယ်။ စာရေးသူအတွက်ကတော့ အနှစ်(၂၀-၃၀)ကြာ မြင့်ပါလိမ့်မယ်။ စာဖတ်သူအနေနဲ့ကတော့ အချိန်ကုန်လည်းသက်သာပြီး ငွေကုန်လည်း အလွန်သက်သာပါ တယ်။ လူငယ်များအတွက် စာအုပ်များဟာ ပိုမိုလိုအပ်လှပါတယ်။ ပိုမိုဖတ်ရှုသင့်လှပါတယ်။ လူငယ်ဆိုတာက လုပ်ရင်ဖြစ်တယ်ဆိုတဲ့အတွေးကို ကိုင်ဆောင်ထားတတ်သလို သတ္တိရှိတယ်၊ စွန့်စားလိုတယ်၊ စူးစမ်းလိုတယ်၊ မာန်မာနရှိတယ်၊ အားမာန်တွေအပြည့်ရှိကြပါတယ်။ အဲဒီအရည်အချင်းတွေကို ကောင်းမွန်တဲ့ဘက်မှာ အသုံးချ နိုင်အောင် လမ်းညွှန်ပေးမယ်ဆိုရင် လူငယ်တွေရဲ့ အနာဂတ်ဟာ မကောင်းစရာမရှိနိုင်ပါဘူး။ ဒါကလူကြီးတွေ လုပ်ပေးရမယ့်အချက်တစ်ခုလို့လည်း ထင်ပါတယ်။ လူငယ်တွေက စူးစမ်းတဲ့စိတ်က အမြဲလိုလိုရှိနေတတ်တော့ မှားယွင်းတဲ့ဘက်ကို စူးစမ်းမိသွားခဲ့ရင် ကျန်တဲ့ သတ္တိ၊ စွန့်စားလိုစိတ်၊ မာန်မာန၊ အားတွေမာန်တွေကို မှားယွင်း စွာ အသုံးချကြတော့မှာဖြစ်ပါတယ်။ ကောင်းတဲ့ အင်တွေအားတွေကို အားမာန်အပြည့်နဲ့ စွမ်းအားပြည့်အောင် အသုံးပြုနိုင်ဖို့ဆိုရင်တော့ လူငယ်တွေဟာ မှန်ကန်တဲ့အသိဥာဏ်ရရှိထားမှ ဖြစ်ပါလိမ့်မယ်။ ဒါလည်း လူကြီးတွေ ရဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်။
လူငယ်တွေဟာ အသိဥာဏ်ပညာရှိလာရင်တော့ ဆင်ခြင်တတ်တဲ့အသိ၊ အမှားလား အမှန်လားဆိုတာကို ခွဲခြား တတ်တဲ့အသိဥာဏ်တွေလည်း ရရှိလာပါလိမ့်မယ်။ လူငယ်တွေဖြစ်တဲ့အလျောက် အတွေ့အကြုံမှာတော့ လူကြီးတွေကို မှီနိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အတွေ့အကြုံမရှိတာတစ်ခုတည်းကိုပဲ အပြစ်ရှာနေရင် ကျန်တဲ့ အရည်အချင်းတွေ မြောင်းထဲရောက်ကုန်ပါလိမ့်မယ်။ အတွေ့အကြုံရင့်ကျက်တဲ့ လူကြီးတွေက ကိုယ့် အတွေ့အကြုံပေါ်မူတည်ပြီးတော့ လူငယ်တွေနားလည်အောင် ညှိနှိုင်းပြီး နည်းပေးလမ်းပြလုပ်သင့်ပါတယ်။ ဒါမှ လည်း လူငယ်တွေအနေနဲ့ အတွေ့အကြုံဆိုတာကို လက်ခံလာပါလိမ့်မယ်။ အတွေ့အကြုံမရှိတိုင်းလည်း အမှားလုပ်တတ်တာမဟုတ်ဘူးဆိုတာကို လူကြီးများအနေနဲ့ လက်ခံနားလည်ပေးထားသင့်ပါတယ်။ ကျွန်တော် တစ်နေ့ကရေးခဲ့သလိုပဲ မင်းဘာသိလို့တုံး လို့ လူငယ်တွေကို ငေါက်ငန်းနေတာထက် ဒါက ဒီလိုမဟုတ်ဘူး၊ ဒါက ဒီလိုလုပ်ရတာ စသဖြင့် နားဝင်စေရန်အတွက် ပြောပြ သင်ပြ လမ်းညွှန်ပြသင့်တယ်လို့လည်း ထင်ပါတယ်။ ခေတ်အဆက်ဆက်လူငယ်အများစုဟာ စူးစမ်း တီထွင် ကြံဆလိုစိတ်ရှိနေတတ်ကြပါတယ်။ လူကြီးပြောသမျှ ခေါင်းငြိမ့်လက်ခံကြတဲ့ လူငယ်က နည်းပါးလိမ့်မယ်ထင်ပါတယ်။ မကောင်းတတ်လို့ရှေ့မှာ ခေါင်းငြိမ့်ထောက်ခံ ပေးနေပေမယ့် ပြောနေတဲ့လူကြီး ကျောခိုင်းသွားတာနဲ့ နောက်ကနေ ဟာသတစ်ခုအနေနဲ့ လုပ်ချင်လုပ်နေကြ ပါလိမ့်မယ်။ ဘိုးတော်ဘာတွေပြောသွာမှန်းမသိဘူး၊ မကောင်းတတ်လို့ နားထောင်နေရတာ လို့ မပြောရင်ပင် ကံကောင်းလို့ပဲ မှတ်ယူကြရပါလိမ့်မယ်။ ဒီတော့ လူကြီးများအနေနဲ့ လူငယ်များအား လက်တွဲခေါ်ယူဖို့ ဆိုရင် လူငယ်တွေကို ဆန့်ကျင်ဘက်စကားလုံးတွေနဲ့ မဆက်ဆံမိဖို့လိုအပ်မှာဖြစ်ပါတယ်။ ငါကလူကြီးပဲ ဒီကောင်တွေ ဘာအတွေ့အကြုံရှိလို့လဲ ဘာသိလို့လဲ ဆိုတဲ့အတွေးအခေါ်နဲ့တော့ လူငယ်တွေကို လမ်းပြခေါ်ဆောင်နိုင်ဖို့ လွယ်ကူမှာမဟုတ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
14-Oct-2018 တနင်္ဂနွေနေ့(Sunday)