လူဆိုသည့် လူ(Human IS Human)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



human is human copy.png

Image from google


နှစ်ဟောင်းတစ်ခုလွန်မြောက်ပြီးချိန်တွင် နှစ်သစ်တစ်ခုသို့ရောက်ရှိလာပြီဖြစ်ပါသည်။ နှစ်ဟောင်းတွင်ပြုကျင့်ခဲ့သည့် အကျင့် စရိုက်ဆိုးများကို နှစ်ဟောင်းနှင့်အတူ ချန်ထားရစ်ခဲ့နိုင်မည်ဆိုပါက ကျွန်တော်တို့သည် အလွန်အင်မတန်စင်ကြယ် သည့် သူတော်စင်များပင် ဖြစ်နေလောက်ပါပြီ။ သို့သော် ယခုအချိန်ထိ သူတော်စင်အဖြစ်ကို မရရှိသေးခြင်းသည် မကောင်းသောအကျင့်စရိုက်များ နှင့် အကျင့်ဆိုးများ ကျန်ရှိနေသောကြောင့်ဖြစ်မှာ အမှန်ပင်ဖြစ်ပါသည်။ အကျင့်ဆိုးများ၊ မကောင်းသောအကျင့်စရိုက်များသည် မလျော့ပါးသွားသည့်အပြင် ပိုပို တိုးလားသည်ဟုပင် ထင်မှတ်မိပါသည်။ အဘယ်ကြောင့်ထိုသို့ဖြစ်နေပါသနည်း။ စဉ်းစားလျှင်တော့အဖြေက ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည်မဟုတ်ပါလား။ နှစ်ဟောင်းများအကြိမ်ကြိမ်လွန်မြောက်ခဲ့ပြီး နှစ်သစ်များလည်းအကြိမ်ကြိမ် ကူးပြောင်းခဲ့ကြသော်လည်း ကျွန်တော်တို့လူအများစုသည် မပြုပြင်၊ မပြောင်းလဲသောကြောင့် ယနေ့အချိန်ထိ လောဘ၊ ဒေါသ၊ မောဟများနှင့်ပင် နေ့စဉ် နပမ်းလုံးနေကြရသည်မဟုတ်ပါလား။


aristotle.png

Image from google


လူဟူသောသတ္တ၀ါသည် စဉ်းစားဥာဏ်ရှိသော သတ္တ၀ါဖြစ်သည် ဟု Aristotle _ အရစ္စတိုတယ် ဆိုသောဂရိအတွေးခေါ်ပညာရှင်ကြီးတစ်ဦးက မှတ်ချက်ပြုခဲ့ကြသည်။ လူသားတို့သည် အသိဥာဏ်ရှိသော သတ္တ၀ါဖြစ်သည် ဟုလည်း ကျွန်တော်တို့လူအများခံယူထားကြပါသည်။ သတ္တလောကကြီးတစ်ခုလုံးတွင် လူသည် စဉ်းစားဆင်ခြင်ဥာဏ်တို့ဖြင့် အရာရာကိုထွင်းဖောက်သိမြင်တတ်ခြင်းကြောင့်လည်း အမြင့်မြတ်ဆုံး ဟုလည်း ခေါ်ဆိုကြပါသည်။ သို့သော် စဉ်းစားတတ်သော လူတို့သည် အဘယ့်ကြောင့် အမှားများစွာကို ဆက်တိုက်လွန်ကျူး နေတတ်ကြပါသနည်း။ အမှားများကို သိလျက်နှင့်ပင် တမင်လွန်ကျူးနေကြခြင်းပင်ဖြစ်မည်ဟု ထင်မြင်ပါသည်။ လူတို့သည် မိုက်မဲရူးသွပ်ခြင်းဆိုသည့် လမ်းကြောင်းကိုသာ အရှိန်အဟုန်ပြင်းစွာဖြင့် တဟုန်ထိုးသွားရောက်နေကြ တတ်ပေသည်။ ယနေ့ကမ္ဘာအရပ်ရပ်တွင် လေ့လာကြည့်ရှု မည်ဆိုပါက နေ့စဉ်နှင့်အမျှ ပြသနာပေါင်းစုံကို မြင်တွေ့ကြရမည်ဖြစ်ပေသည်။ တစ်ဦးနှင့်တစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ အယူသီးခြင်း တို့ဖြင့် အပြန်အလှန် သတ်ဖြတ်နေခြင်းများကို နေ့စဉ် ကမ္ဘာ့သတင်းများတွင် အလွယ်တကူ မြင်တွေ့နိုင်ပါသည်။ မမြင်ချင်အဆုံးဖြစ်ပါသည်။ မိမိတို့၏ ဖြစ်လိုရာ အတ္တ တစ်ခုတည်းဖြင့်သာ ရန်ုလိုခြင်း၊ အနိုင်ကျင့်သတ်ဖြတ်ခြင်းများကို စဉ်းစားဥာဏ်ရှိပါသည်ဆိုသော လူတို့က နေ့စဉ် ပြုမူ နေကြခြင်းသည် လူတွင် အမှန်တကယ် စဉ်းစားဥာဏ်ရှိပါသေး၏လောဟု ထင်မြင်စရာဖြစ်နေပါသည်။


think.png

Image from google


စဉ်းစားဥာဏ်ရှိပါသည်ဆိုသော လူတို့ကြောင့် နေ့စဉ် လူ့အသက်ပေါင်းများစွာ သေဆုံးနေကြရပါသည်။ စဉ်းစားဥာဏ်ရှိသော လူတို့ကြောင့် တိရိစ္ဆာန်ပေါင်းစုံ တစ်စထက်တစ်စ မျိုးတုန်းလာနေကြပါသည်။ စဉ်းစားဥာဏ် ရှီသည်ဆိုသော လူတို့၏လက်ချက်ဖြင့်ပင် လူ နှင့် လူချင်း သတ်ဖြတ်နေကြပေသည်။ စဉ်းစားဥာဏ် အမှန်တကယ် ရှိပါ၏လော။ လူတို့တွင် အမှန်တကယ်အသိဥာဏ်ရှိသည်ဆိုပါက မိုက်မဲသောအလုပ်များ၊ ရူးသွပ်သောလုပ်ရပ်များ ကို မိုက်မိုက်မဲမဲပြုလုပ်ကြမည်မဟုတ်ဟုထင်ပါသည်။ လူအများစု၏လုပ်ရပ်သည် အသိဥာဏ် ရှီသည်ဆိုသော လုပ်ရပ်များနှင့် ဆန့်ကျင်ဖက်များကိုသာပြုလုပ်နေခြင်းသည် အမှန်တကယ် အသိဥာဏ် မရှိသော ကြောင့်ပင်ဖြစ် မည်လား။ နှစ်ပေါင်းများစွာ ဟောင်းနွမ်းသွားခဲ့ကြပြီး နှစ်ပေါင်းများစွာ အသစ်သစ်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော်အပါအ၀င် လူအများ၏ မိုက်မဲမှုများသည် နိဂုံးချုပ်သွားသည်ဟု မရှိသေးပါ။ နှစ်ဆယ့်တစ်ရာစုကိုပင်ကျော်လွန်လာခဲ့ပါပြီ။ သို့သော်လည်း မိုက်မဲသော၊ ရူးသွပ်သောလုပ်ရပ်များကိုသာ ဆက်လက်လုပ်ဆောင်နေကြဆဲပင်ဖြစ်ပါသည်။


bbb.png

Image from google


အမှန်တကယ့်တော့ လူများသည် အမှန်တကယ်ပင် အခြားသော သတ္တ၀ါများထက် အသိဥာဏ်ပိုရှိကြပါသည်။ သို့သော် ထိုအသိဥာဏ်အား မိမိတို့၏ အတ္တများ၊ အစွဲများက အစဉ်အမြဲဖုံးလွှမ်းနေသောကြောင့် အသိဥာဏ်ကွယ်ပျောက်ကာ ရူးသွပ်မိုက်မဲသော လုပ်ရပ်များကိုသာ မှားမှန်းသိလျက်နှင့် ဆက်လက်လွန်ကျူး နေကြခြင်းသာဖြစ်ပါသည်။ အတ္တ၊ မာန်၊ မာန နှင့် အစွဲများကြောင့် အသိဥာဏ်သည် မိုက်မဲခြင်း၏ အခိုင်းအစေ ဘ၀သို့ ကျရောက်သွားရခြင်းပင်ဖြစ်ပါသည်။ အသိဥာဏ်သည် လူတို့၏ တွေးခေါ်ခြင်း ဆိုသော အသိစိတ်ပင် ဖြစ်သောကြောင့် မသိစိတ်ဖြစ်သော အတ္တ၊ မာန်၊ မာန နှင့် အစွဲ ဆိုသည့် မသိစိတ်များ၏ လွှမ်းမိုးမှုကို မခံနိုင်သော ကြောင့်ပင် ဖြစ်ပါသည်။ လူတို့၏ သိစိတ် နှင့် မသိစိတ်တို့တွင် မသိစိတ်သည် သိစိတ် ထက် ပိုမိုအင်အားကြီးမား ပါသည်။ မသိစိတ်ကို ကောင်းစွာအသုံးချနိုင်သူတို့သည် လောကတွင် အောင်မြင်မှုရရှိနေသူများ ဖြစ်နေတတ် ပါသည်။ သာမာန်အားဖြင့်ကြည့်မြင်သုံးသပ်မည်ဆိုပါက အသိဥာဏ်များ၊ ဆင်ခြင်ဥာဏ်များက လူကို ဦးစီးဦးဆောင်ပြုလုပ်နေကြသည်ဟု ထင်ရပါသည်။ သို့သော် နှစ်ကာလ ကြာမြင့်စွာတည်ရှိလာသောအခါတွင်မူ လူသည် အသိဥာဏ်၏ ဦးဆောင်မှုအောက်တွင် တည်ရှိမနေဘဲ လူကိုအမှန်တကယ် ဦးဆောင်နေခြင်းသည် အတ္တ၊ မာန်၊ မာန နှင့် အစွဲများကသာ ဦးဆောင်နေကြောင်း တွေ့ရှိနေရပါသည်။ မိမိတို့၏ အတ္တကိုထိခိုက်ပါက အသိဥာဏ်ဆင်ခြင်တုံတရားရှိရန် မည်မျှပင်ဟောကြားစေကာမူ ပြောမရ ဟောမရသည့်လူက များမည်ထင်ပါသည်။ ထို့အတူ မိမိတို့၏ မာန်၊ မာန၊ အစွဲများကို ထိခိုက်လာပါက ဆင်ခြင်တုံတရားကင်းမဲ့ကာ သတိလက်လွတ်ပြုမူတတ်ကြသည် ကိုမြင်ဖူးကြပါမည်။


concept.png

Image from google


ထို့ကြောင့် အသိဥာဏ်ရှိသော လူတစ်ယောက်ဖြစ်စေရန်မှာ မိမိ၏ အတွင်းစိတ်ခေါ် မသိစိတ်ကို ကောင်းမွန်စွာ ထိန်းချုပ်ခြင်းဖြင့်သာလျှင် ရရှိလာနိုင်မည်ဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မောဟများနှင့် နေ့စဉ် နပမ်းလုံးနေရသော ယနေ့ ခေတ်ကြီးတွင် ပိုမိုဆိုးရွားစွာတုံ့ပြန်တတ်ကြသည်ကိုလည်း သိမြင်ကြားကြမည်ထင်ပါသည်။ သားက အဖေ အမေဖြစ်သူတို့ကို သတ်ခြင်း၊ အဖေ အမေတို့က သားသမီးကို သတ်ခြင်းများသည် ယနေ့ခေတ်ကာတွင် ပိုမိုများပြား လာနေကြပြီဖြစ်ပါသည်။ အချုပ်အားဖြင့် ရေးသားရလျှင် အသိဥာဏ်ရှိသော လူ့အဖိုးတန်တစ်ယောက်ဖြစ်စေရန် အတွက် မိမိတို့၏ အတွင်းစိတ်မှာ ဖြစ်ပေါ်လာတတ်သော အတ္တ၊ မာန်၊ မာန နှင့် စိတ်သဏ္ဍာန်တွင် စွဲထင်နေတတ် သော အစွဲအလမ်းများကို အစွန်းရောက်သည်အထိ မပြုလုပ်မိစေရန်ထိန်းချုပ်ကြရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဖြင့် နိဂုံးချုပ် ရပ်နားလိုက်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

2-Jan-2018 အင်္ဂါနေ့(Tuesday)