လူတိုင်းကြိုက်တဲ့ တရုတ်စကားပန်း (Frangipani)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
တရုတ်စကားပင် နွားတင်းကုတ်နားမှာရှိသည်။
အဆုပ် အဆုပ်ပွင့်သည်။
အပွင့်ကိုပြုတ်ပါ။
လက်သုပ် သုပ်စားရအောင်။ ။
ငယ်စဉ်က သင်ကြားခဲ့ဖူးသော ကဗျာလေးကို အမှတ်ရမိသောကြောင့် တရုတ်စကားပန်းပွင့်နှင့် ပန်းပွင့်တို့အား လက်လှမ်းမီသလောက် ရေးသားဖော်ပြလိုက်ပါသည်။
တရုတ်စကားပင်နှင့်ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိသည်ဟု မှတ်သားဖူးသော်လည်း မည်သို့ယူဆကြ သည်ကို သေချာစွာ မသိပါ။ သိသမျှလေးကို Post ဖြစ်စေရန်အတွက်လည်းကောင်း၊ မသိသေးသူများအား မျှဝေလိုသောကြောင့်လည်းကောင်းရေးသားလိုက်ခြင်းဖြစ်ပါသည်။ စစ်ကိုင်းမြို့တွင်လည်းကောင်း၊ စစ်ကိုင်း တောင်ရိုးတစ်လျောက်တွင်လည်းကောင်း တရုတ်စကားပန်းပင်များ အလွန်ပေါများပါသည်။ ယခုအချိန်တွင် စစ်ကိုင်းတောင်တစ်လျောက် ဘုရားဖူးသွားပါက လမ်းတစ်လျောက်တွင် တရုတ်စကားပန်းတို့၏ ရနံ့ဖြင့် မွှေးထုံ သင်းပျံ့နေပေသည်။ တရုတ်စကားပင်များသည် စစ်ကိုင်းတောင်ရိုးတွင် အများအားဖြင့် အလေ့ကျပေါက်တတ်သည်မှာ ရှေးလွန်ခဲ့သောနှစ်များစွာကပင်ဖြစ်ပါသည်။ မြို့အတွင်းတွင်ရှိသော အပင်အများစုတို့သည် လူတို့စိုက်ပျိုးထားသော အပင်များက ပိုမိုများပြားပါသည်။ တရုတ်စကားပန်းတွင် အရောင်အားဖြင့် အဖြူ၊ အနီ၊ အ၀ါ စသည်ဖြင့်ရှိပါသည်။ ထိုထက်ပိုသော အရောင်များ လည်းရှိနိုင်ပါသည်။ စစ်ကိုင်းတွင်မူ ထိုအရောင်များကိုမြင်တွေ့ရပါသည်။ မြန်မာတို့သည် တရုတ်စကားပန်း၏ အဆင်း အနံ့တို့ကို လူတိုင်း ကြိုက်နှစ်သက်သည်ဟုထင်ပါသည်။ အခြားသူများကြိုက်မကြိုက် မသိသော်လည်း ကျွန်တော်ကတော့ အင်မတန်ကြိုက်ပါသည်။ သုပ်စားရသည်ကိုလည်း အလွန်နှစ်သက်ပါသည်။ စကားပန်းတို့၏ အနံ့နှင့် အသွင်အပြင်သည် လူတိုင်းက ကြိုက်နှစ်သက်စရာအဖြစ် တည်ရှိနေသည်ဖြစ်ရာ လူတိုင်းမှ ကြိုက်နှစ်သက်ခြင်းသည် အံ့သြဖွယ်မဟုတ်ပါ။
အဘယ့်ကြောင့် တရုတ်စကားပန်းဟုခေါ်တွင်ရကြောင်းကိုတော့ မသိပါ။ တရုတ်စကားပန်းရော အပင်ပါ ဆေးဖက်ဝင်သည်ဟု မှတ်သားဖူးပါသည်။ အပွင့်တို့မှ အဆီထုတ်ကာ လူသုံးကုန်ပစ္စည်းများတွင် ထည့်သွင်း အသုံးပြုကြောင်းကိုလည်း မှတ်သားဖူးပါသည်။ မြန်မာအများစုကတော့ ပန်းအလှနှင့်ရနံ့ကိုကြိုက်နှစ်သက် သဖြင့် စိုက်ပျိုးခြင်းသာများမည်ထင်ပါသည်။ ဆေးဖက်ဝင်ကြောင်းကို အခြားသောတိုင်းပြည်နိုင်ငံများမှ ဖတ်ဖူး ကြားဖူးသူများမှ ပြောပြသောအချိန်မှသာ ဆေးဖက်ဝင်အဖြစ် တန်ဖိုးထားတတ်ကြပါသည်။ သီရိလင်္ကာနိုင်ငံတွင် စကားပန်းများအား ဘုရားဝတ်ပြုဆုတောင်းရာတွင် အသုံးပြုတတ်ကြသေးသည်ဟု မှတ်သားဖူးပါသည်။ တရုတ်စကားပန်းပွင့်အခြောက်များကို နိုင်ငံခြားဈေးကွက်မှ ၀ယ်ယူသောအခါ သဘာဝအလျောက် ကြွေကြနေကြသော ပန်းများအား လုကောက်ကြခြင်းဖြင့် ရန်ဖြစ် စကားများကြသူများပင် ရှိလာသည်အထိဖြစ်ခဲ့ကြပါသည်။ ပန်းများအား လုယက်ကောက်ရင်း ရန်ဖြစ်ကြ၊ စကားများကြဖြစ်ရာမှ ရုံးရောက် ဂတ်ရောက်ပင်ဖြစ်သည်အထိ ဈေးကောင်းခဲ့ပါသေးသည်။ ထိုသို့ တရုတ်စကားပန်းအခြောက်များ သည် နိုင်ငံခြားဈေးကွက်ဝင်တစ်ခုဖြစ်ပါသည်။ မည်သည့်နိုင်ငံမှ မည်သည့်အတွက် ၀ယ်ယူကြောင်းကိုတော့ မသိပါ။ ဆေးဖက်ဝင်သဖြင့် ဆေးအတွက်ဝယ်ယူခြင်းဖြစ်လေသလား၊ အလှကုန်ပစ္စည်းများအတွက် ဖြစ်လေ သလားဆိုသည်ကိုလည်း သေချာမသိသော်လည်း အဖိုးတန်သော သဘာဝပန်းပင်အမျိုးများပင်ဖြစ်ပါသည်။ လွန်ခဲ့သောဆယ်စုနှစ်ခန့်ကပင် တရုတ်စကားပင်များအား အပင်လိုက် တရုတ်နိုင်ငံမှ ၀ယ်ယူနေခဲ့ကြောင်း ကြားသိဖူးပါသည်။ မြန်မာနိုင်ငံတွင် သုတေသနပြုလုပ်ရန်အတွက် ငွေအကုန်အကျခံနိုင်ခြင်းမရှိသေးသော ကြောင့် မည်သို့သောအရာကိုမျှ သုတေသနမပြုလုပ်နိုင်သေးဟု ထင်ပါသည်။ ပြုလုပ်သင့်သော လုပ်ငန်းပင် ဖြစ်သည်ဟုလည်း ထင်မြင်မိပါသည်။
တရုတ်စကားပင်မှန်သမျှဆေးဖက်ဝင်သည်ဟုမှတ်သားခဲ့ဖူးပါသည်။ အပွင့်သည်လည်း အနီဖြစ်စေ၊ အဖြူဖြစ်စေ၊ အ၀ါဖြစ်စေ မည်သည့်အရောင်ပင်ဖြစ်စေ ဆေးဖက်ဝင်ကြောင်းလည်း မှတ်သားခဲ့ဖူးပါသည်။ ထို့ကြောင့် တရုတ်စကားပွင့်တို့အား ပြုတ်ကာ မြေပဲဆံ ကဲ့သို့သော အဆာများနှင့် သုပ်စားကြပါသည်။ အပွင့်ကို အခြောက်ထားပြီး စားလိုသောအချိန်တွင်မှ ပြုတ်ကာ သုပ်စားလျှင်လည်းရပါသည်။ အလွန်အဆင်ပြေသော ပန်းကလေးဖြစ်ပါသည်။ တရုတ်စကားပင်၏အခေါက်ကို ဓားဖြင့်ခုတ်ကြည့်လျှင် အဖြူရောင်အစေးများ လျင်မြန်စွာထွက်လာတတ်ပါသည်။ ထိုအစေးတို့ကို လူ၏အသားအရေဖြင့်ထိလျှင် ယားယံတတ်ကြောင်း ငယ်စဉ်ကပင် သတိထားမိပါသည်။ အခေါက်သည် ငှက်ဖျားရောဂါကိုပျောက်စေသည်ဟုဆိုပါသည်။ အပွင့်ကို သုပ်စားခြင်းဖြင့်လည်း အသည်းအဆီဖုံးခြင်းကို ကာကွယ် ကုသ နိုင်ကြောင်းမှတ်သားဖူးပါသည်။ တရုတ်စကားပန်းအနီပွင့်၏ အနံ့သည် နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအတွက် အလွန်သင့်တော်ကြောင်း၊ အနီပွင့်ကို သုပ်စားလျှင် နှလုံးသွေးကြောကျဉ်းရောဂါရှိသူများရောဂါသက်သာလာကြောင်းလည်း လေ့လာ မှတ်သားဖူးပါသည်။ ထို့အတူ နှလုံးသမားများအတွက် တရုတ်စကားပွင့်အားရှုပေးလျှင်ပင် တဖြည်းဖြည်း သက်သာပျောက်ကင်းသွားကြောင်း မှတ်သားမိပါသည်။
တရုတ်စကားပန်းအဖြူဟုလူအများခေါ်နေကြသည့် အပင်တစ်ပင်ရှိပါသည်။ အခြားအရပ်ဒေသများတွင် ထိုအပင်အား မည်သို့ခေါ်သည်မသိပါ။ စစ်ကိုင်းတွင်မူ ထိုအပင်အား အကျော်ပင်ဟုခေါ်ပါသည်။ တချို့လည်း တရုတ်စကားပင်ဟုပင်ခေါ်နေကြသည်ကို ကြားရပါသည်။ သို့သော် တရုတ်စကား အဖြူပင်နှင့် အကျော်ပင် တို့သည် အပွင့်ပုံသဏ္ဍန်တူသော်လည်း အရွက်ပုံသဏ္ဍန်မတူညီကြကြောင်းကိုလည်း တွေ့ရပါသည်။ တရုတ်စကားပင်၏ အရွက်သည် ထိပ်ပိုင်းချွန်ပြီး အကျော်ပင်၏အရွက်သည် ထိပ်ဝိုင်းသွားပါသည်။ တရုတ် စကားပင်၏ အရွက်တွင် အမွှေးနုလေးများပါသော်လည်း အကျော်ပင်၏အရွက်တွင် ပြောင်ချောဖြစ်ပါသည်။ တရုတ်စကားပင်၏အရွက်သည် အစိမ်းရောင်နုသော်လည်း အကျော်ပင်၏အရွက်သည် အစိမ်းရင့်ရောင်ဖြစ်ပါ သည်။ အခြားကွဲပြားသောအချက်များရှိနေနိုင်ပါသေးသည်။ ထိုအကျော်ပင်သည်လည်း တရုတ်စကားမျိုးနွယ် ဖြစ်နိုင်မည်ဖြစ်ပါသည်။ တရုတ်စကား နှင့် အကျော်တို့သည် အတူတူပင်ဖြစ်နိုင်ပါသည်။ ကွဲပြားနေခြင်းသည် ကျွန်တော့်အထင်ဖြစ်နိုင်ပါသည်။ အောက်တွင် တရုတ်စကားအဖြူပွင့် နှင့် အကျော်ပင်တို့အား ဖော်ပြလိုက် ပါသည်။ ယခုရေးသားချက်များသည် တရုတ်စကားနှင့်ပတ်သက်ပြီး မပြည့်စုံနိုင်ပါ။ တရုတ်စကားပင် တရုတ်စကားပန်းနှင့်ပတ်သက်ပြီး ထပ်မံလေ့လာပြီး အခါအခွင့်သင့်လျင် ရေးသားပါအုံးမည်။ ယခု Post သည် ဗဟုသုတရစေရန်တစ်ခု အနေဖြင့်သာရေးသားခြင်းဖြစ်သောကြောင့် ထိုတက်ပိုပြီး သိသူများမှ ထပ်မံရေးသား ဖော်ပြပေးကြပါရန် တိုက်တွန်းရေးသားရင်း ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ နှင့် ဓာတ်ပုံ(Author and Photo) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
2-May-2018 ဗုဒ္ဒဟူးနေ့(Wednesday)