လွမ်းဆွတ်မိခြင်း (Yearn)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
စာရှုသူ စာချစ်သူမိတ်ဆွေအပေါင်းတို့အား ကျွန်တော်တို့ကြားမြင်သိမှီ လိုက်ခြင်းမရှိသောအချိန်ကာများမှ လည်းကောင်း၊ ကြားမြင်သိမှီလိုက်သော အချိန်ကာလများမှလည်းကောင်း ကျွန်တော်တို့ မြန်မာလူမျိုးများ၏ အလွန်တရာချစ်ခင်နှစ်သက်ဖွယ်ကောင်းသော ဓလေ့ထုံးစံလေးများကို ပြန်လည်လွမ်းဆွတ် တမ်းတမိပါသည်။ ထိုဓလေ့ထုံးစံလေးများသည် ယခုအချိန်တွင် အတော်များများသည် ပျောက်ကွယ်ကုန်ကြပြီဖြစ်ပါသည်။ ထို့ကြောင့်လည်း ပြန်မရနိုင်တော့သော ချစ်စရာဓလေ့ထုံးစံလေးများကို လွမ်းဆွတ်မိသောကြောင့် ယခုစာများအား လည်း လွမ်းဆွတ်ခြင်း ဟု ပင်ခေါင်းစဉ်ပေးလိုက်ခြင်းဖြစ်ပါသည်။ ခေါင်းစဉ်တပ်ထားခြင်းကို ကြည့်ရှုကာ ဘယ်သူ့ ကိုများလွမ်းနေတာလဲ။ ဘာကိုလွမ်းဆွတ်နေတာလဲဟု ထင်နေကြမည်လားမသိ။
Image from google
ကျွန်တော်တို့ငယ်စဉ်ကပင် ကြိမ်များဖြင့် ပြုလုပ်ထားသော ကြိမ်ပုခက်ကလေးများဖြင့် ကလေးငယ်များအား အိပ်စက်စေရန်အတွက် ထည့်သွင်းကြပါသည်။ လူအများစုက ထိုကြိမ်ပုခက်ကလေးများဖြင့်သာ ကလေးများအား အိပ်စက်စေကြပါသည်။ ကြိမ်ပုခက်ကလေးများတွင် ထည့်သွင်းအိပ်စက်စေခြင်းဖြင့် ကလေးငယ်များအား ပိုမိုအိပ် စက်စေသည်လားတော့မသိပါ။ ချမ်းသာသော လူချမ်းသာများသည်ကားလူချမ်းသားများ၏ ထုံးစံအတိုင်း ချမ်းသာကြွယ်ဝမှုကို ပြသနိုင်ရန်အတွက် ကြိမ်ပုခက်များကိုအသုံးပြုကြပါ။ သစ်သားများကို ကနုတ်ပန်းများဖြင့် လှပမွမ်းမံခြင်းကို ပြုလုပ်စေခိုင်းကြပေသည်။ ငွေကြေးချမ်းသာကြသည်ကိုး။ ထိုကြိမ်ပုခက်ကလေးများသည် ယခုခေတ်ကာလတွင် တွေ့မြင်ရန်ခက်ခဲသွားပြီဖြစ်ပါသည်။ ထိုကြိမ်ပုခက်ကလေးများအားလည်း လွမ်းဆွတ် မိပါသည်။
Image from google
ကလေးသူငယ်များအား ပြေးလွှားဆော့ကစားတတ်သည့်အချိန်တွင် လူကြီးမိဘများမှ ရွှံဖြင့်လုပ်ထားသော အရုပ် ကလေးများ ပြုလုပ်ပေးတတ်ကြပါသည်။ ရွှံရုပ်ကလေးများမှာလည်း အကောင်စုံဖြစ်ပါသည်။ ကျွဲနွားအရုပ်၊ နွားအရုပ်များသည်အများဆုံးဖြစ်မည်ထင်ပါသည်။ သိပ်တော့မရောရာလှတော့ပါ။ ထို့ပြင် စက္ကူချမ်းများအား ပုံဖော်ပေးပြီး ကလေးသူငယ်များအား ပျော်ရွှင်စေခဲ့ကြပါသည်။ အချို့လက်သမားအတတ်ကျွမ်းကျင်သူများက ဘီးလုံးကလေးများတပ်ထားကာ လှည်းကဲ့သို့ဆွဲရနိုင်သော လှည်းကလေးများပြုလုပ်ပေးတတ်ကြပါသေးသည်။ ထိုအချိန်ကာလသည် သူ့ကလေး ကိုယ့်ကလေး ခွဲခြားခြင်းလည်းအလွန်နည်းပါးသေးသော အချိန်ကာလဖြစ်မည် ထင်ပါသည်။ ကလေးသူငယ်အားလုံးသည် မိမိတို့၏ရင်သွေးများကဲ့သို့ပင် စားစရာများကို တန်းတူကျွေးကြသကဲ့သို့ ဆုံးမစရာရှိလျှင်လည်း မိမိတို့ရင်သွေးများကဲ့သို့ပင် ဆုံးမတတ်ကြပေသည်။ ယခုခေတ်ကာလနှင့်တော့ အချက်အလက်အတော်များများကွာခြားနေသည်ကိုမြင်ရပါသည်။ ယခုခေတ်ကာလ တွင် သားသမီးကိုပင်ကောင်းစွာ ပြောဆိုဆုံးမနိုင်သော မိဘများနည်းပါးလာသကဲ့သို့ မြင်သမျှကလေးသူငယ်များ အားလည်း မိမိရင်သွေးကဲ့သို့သဘောမထားနိုင်ကြသူများသာ များပြားနေကြပါပြီ။ ထိုဓလေ့လေးကိုလည်း ပြန်လည်ဖြစ်ထွန်းပေါ်ပေါက်စေလိုသော ခံစားချက်ဖြင့် လွမ်းဆွတ်မိပါသည်။
Image from google
ကျေးရွာဓလေ့ထုံးစံတစ်ခုအဖြစ်လည်း အရွယ်ရောက်မိန်းကလေးများသည် ညနေတိုင်း မိမိတို့အိမ်အတွက် ရေအိုး ကလေးများဖြင့် ရေရရှိနိုင်သည့် ရေတွင်း၊ ရေကန်၊ ချောင်းစသည့်နေရာများသို့ ရေခပ်ကြရပါသည်။ ထိုသို့ရေခပ် သွားကြခြင်းကိုလည်း ရေခပ်ဆင်းကြသည်ဟု ပြောဆိုကြောင်းကိုတော့ လူအများသိရှိနေကြပါသေးသည်။ ရေခပ် ဆင်းရန်သွားကြသော မိန်းကလေးများသည်လည်း သူငယ်ချင်းများစုကာ ရေခပ်ဆင်းကြခြင်းဖြစ်ရာ မိန်းကလေးများသည် အလှပြင်ဆင်ခြင်းများလည်း အပြိုင်အဆိုင်ပြုကြပါသည်။ ထိုအချိန်ကိုလည်း အရွယ်ရောက် နေသော ကာလသယောက်ျားလေးများကလည်း နေရာတစ်ခုမှနေကာ ကြည့်ရှုတတ်သော ဓလေ့လေးများ ရှိပါသည်။ မိန်းကလေးများသည် မိမိတို့အိမ်တွင် အသုံးပြုသော သုံးရေ နှင့် သုံးရေများကို ခပ်ကြရသောတာဝန် သည်အထူးပြောနေရန်မလိုပါချေ။ သောက်ရေကို သီးသန့်းအိုးများဖြင့်ထည့်ထားကြပါသည်။ လမ်းဆုံ၊ လမ်းခွများတွင်လည်းကောင်း၊ မိမိတို့နေအိမ်ရှေ့တွင်လည်းကောင်း၊ လူအများအနားယူတတ်သော သစ်ပင်ရိပ်များ တွင်လည်းကောင်း နေပူထဲမှ လာကြသူများ သို့မဟုတ် မောပန်းနွမ်းနယ်လာသူများ အလွယ်တကူ ရေသောက် နိုင်စေရန်အတွက် ရေအိုးစင်ကလေးများကိုလည်း ထားပေးတတ်ကြပါသေးသည်။ ယခုခေတ်တွင်တော့ မရှိသလောက်ကို ဖြစ်သွားပြီဖြစ်ပါသည်။ ရေသန့်ဗူးများကလည်း နေရာယူလာခြင်းကြောင့်ဖြစ်မည်ထင်ပါသည်။ ဒီနေရာမှာ ကဗျာဆရာကြီးတင်မိုး ရေးသားထားသော ရေချမ်းစင်၏ စေတနာ ဆိုသောကဗျာလေးကိုပင်သွားသတိရမိပါသည်။
အမျိုးသမီးလေးများအနဖြင့် အားလပ်နေလျှင် ယခုခေတ်ကာလသားသမီးများနှင့်မတူ ပွတ်စရာဖုန်းလည်းမရှိသော ခေတ်ဖြစ်သဖြင့် နေ့လယ်ခင်းမိမိတို့အိမ်တွင် နေစဉ်ကာတွင်လည်း ချည်ယက်ခြင်း၊ ဗိုင်းငင်ခြင်း၊ မီးဖိုချောင်လုပ်ငန်းများအားလည်း ၀ိုင်းကူလုပ်ကြရပေသည်။ ထိုသို့အလုပ်ရှုပ်နေသောအချိန်တွင် တစ်ခါတစ်ရံ လူပျိုများကလည်း ရစ်သီ ရစ်သီလာလုပ်တတ်ကြပါသေးသည်။ သို့သော် နှမချင်းမစာမနာ စနောက်ခြင်း၊ စော်ကားခြင်းတို့ကိုကား မပြုလုပ်ကြပါချေ။ လူကြီးသူမများလာလျှင်တော့ တစ်ချိုးတည်းလစ်ပြေးရတော့သည်။ လူကြီးသူမ များအား အလွန်ပင်ရိုသေလေးစား ကြသကဲ့သို့ အလွန်လည်းကြောက်ရွံကြပါသည်။ ဧည့်သည်လာလျှင်လည်း အင်မတန်ဧည့်ဝတ်ကျေပွန်တတ်ကြပါသည်။ မိမိတို့အိမ်တွင်ရှိသော မုန့်ပဲသရေစာများအား ရှိသမျှအကုန်ချကျွေးတတ်ကြသည့်အပြင် ဧည့်သည်ပြန်လျှင်လည်း မိမိတို့ယာခင်းများမှ ထွက်သော အသီးအနှံများကိုလည်း တနင့်တပိုး လက်ဆောင်ပေးကြပါသည်။ သူ့ဧည့်သည် ကိုယ့်ဧည့်သည်မခွဲခြားကြပါ။ ဧည့်သည်ရောက်လျှင် ဟိုအိမ် ဒီအိမ်မှ ဟင်းခွက်များလာရောက်ပို့ပေး တတ်ကြသကဲ့သို့ ဧည့်သည်ပြန်လျှင်လည်း ဟိုအိမ်သည်အိမ်မှ လက်ဆောင်များလာပေးတတ်ကြပါသေးသည်။ ထိုဓလေ့ထုံးစံများ တဖြည်းဖြည်းနည်းပါလာသည်ကိုလည်း ပြန်လည်လွမ်းဆွတ်မိပါသည်။
Image from google
ထိုသို့ကောင်းမွန်သော ရှေးဓလေ့ထုံးစံလေးများအား ပြန်လည်ရရှိလိုသော လွမ်းဆွတ်စိတ်ကြောင့် ယခုစာများအား ရေးသားဖြစ်သွားပါသည်။ လွမ်းဆွတ်တမ်းတမိသော ဓလေ့ထုံးစံအများအပြားကျန်ရှိနေသေးသော်လည်း စာမျက်နှာနှင့် ချစ်မိတ်ဆွေများ၏ တန်ဖိုးရှိသောအချိန်များအား ငဲ့ညှာသောအားဖြင့် ဆက်လက်မရေးတော့ပါ။ (အမှန်ကတော့ စာဆက်ရေးရန်အတွက် ပျင်းနေသောကြောင့်သာဖြစ်ပါသည်)အဆင်မပြေမှုများ၊ မှားယွင်းမှုများ ရှိပါက ဝေဖန် ထောက်ပြ အကြံပေးကြပါလို့လည်း တောင်းဆိုရင်း ရပ်နားလိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
23-12-2017 စနေနေ့(Saturday)