လွယ်ကူလေသောအခါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ခေတ်တို့သည် အဆင့်ဆင့်ပြောင်းလဲလာကြကုန်သည်ဖြစ်၏။ လူတို့၏ အတွေးအခေါ်များ သည်လည်း ခေတ်နှင့်အတူ ပြောင်းလဲတိုးတက်ကြကုန်လေ၏။ ခေတ်နှင့်အညီ တိုးတက် လာသည်နှင့်အမျှ အချို့အသော အရာများသည် ဆုတ်ယုတ်ကုန်ကြလေ၏။ ရုပ်ပိုင်းဆိုင်ရာများ တိုးတက်လာသောအခါတွင် စိတ်ပိုင်းဆိုင်ရာများ ဆုတ်ယုတ်ကြကုန်၏။ ပျက်စီးကြကုန်လေ၏။ လောကသဘာဝအရ ဖြစ်သည်က ဖြစ်လာကြသလို ပျက်သည်များလည်း ပျက်ကြကုန်လေ၏။ ထိုအထဲတွင် လူတို့၏ စိတ်ဓာတ်များ ပျက်စီးကုန်ခြင်းသည် အလွန် စိတ်မကောင်းဖွယ်ရာဖြစ်ပါပေ၏။ ပြုပြင်ခြင်းများပြုလုပ်နေကြ ပါသော်လည်း ကျိုးကြေသွားသော အရိုးများကဲ့သို့ပင် အကောင်းပကတိတော့ ပြန်မရနိုင်သည် မှာလည်း အသေအချာပင်ဖြစ်ပါ၏။ ပြတ်သွားသော ကြိုးအား ပြန်ဆက်ထားသည်နှင့်သာ တူတော့မည်ဖြစ်၏။ သဘာဝ သယံဇာတများ ပျောက်ကွယ်ဆုံးရှုံးကြသကဲ့သို့ အညမည သဘောဖြင့် အပြန်အလှန်မှီခိုနေကြရသည်များလည်း ပျက်စီးကုန်ကြသည်ဖြစ်၏။ တစ်ခုပျက်လျှင် နောက်တစ်ခုပျက်တတ်သည်မှာ သဘာဝပေပဲလားမသိ။


04.png

Image from google


ယနေ့ခေတ်လူငယ်အများစုသည် ရှေးက မြန်မာလူမျိုးတို့ နှစ်ခြိုက်ခုံမင်စွာ ၀တ်ဆင်ခဲ့ကြသော ပုဆိုး ထမိန် တို့အား မ၀တ်ဆင်တတ်ကြကုန်သည်ဖြစ်လေတော့၏။ ပုဆိုးမ၀တ်တတ်တော့ သော ယောက်ျားလေးများ၊ ထမိန်မ၀တ်တတ်သော မိန်းကလေးများ အလိုအလျောက် တိုးပွား ကြပေကုန်၏။ အလွယ်တကူ ၀တ်ဆင်နိုင်ကြသော တန်ဆာတို့ကိုသာ ၀တ်ဆင်ကြပေကုန်၏။ မိန်းကလေးများသည်လည်း အလွယ်တကူ။ ယောက်ျားလေးများသည်လည်း အလွယ်တကူ ဖြစ်ကုန်ကြချေ၏။ ဂဏန်းပေါင်းစက်ပေါ်လာသောကြောင့် လက်ဖြင့်ချပေါင်းခြင်းကို မပြုလုပ် လိုကြတော့။ ကွန်ပျူတာတွေ မိုဘိုင်းဖုန်းတွေ ပေါ်လာသောကြောင့် မိမိတို့၏ ကိုယ်ပိုင် ဦးနှောက်များအား အသုံးမပြု၊ အားစိုက်ထုတ်ခြင်းအလုပ်ကို မပြုလုပ်လိုကြတော့။ မခုတ်ပဲပြစ် ထားသော ဓားကဲ့သို့ဖြစ်ကုန်ကြလေ၏။ မိန်းကလေး ယောက်ျားလေး တို့သည် ဘောင်းဘီ ဖင်ကြပ်လေးများနှင့်ဖြစ်ကုန်ကြ၏။ စကပ်အကွဲ အပြဲများနှင့် ပေါင်ရင်းထိပေါ်အောင် ၀တ်ဆင် ဂုဏ်ယူကြသော ခေတ်ဖြစ်နေကြကုန်၏။ ခေတ်နှင့်လျော်ညီစွာ ၀တ်စားဆင်ယင်ခြင်းအား လက်ခံသော်လည်း မတော်တရော် ဟိုပေါ်ဒီပေါ်များအား ၀တ်ဆင်ခြင်းကို မိဘများမှ သွန်သင် ဆုံးမ ကြပါသော်လည်း ခေတ် လေ ခေတ် ဟူသောစကားများနှင့် ခွန်းတုံ့ပြန် ပြောဆိုကြမည် ဖြစ်ပါ၏။ ခေတ်ကိုလိုက်လွန်းသောကြောင့် စွန့်ပစ်ကလေးငယ်များ အများအပြား ပေါ်ထွန်းလာခဲ့ပေ၏။ လွယ်ကူလှပါပေ၏။ မိဘမဲ့ကလေးဂေဟာများလည်း ဖြစ်ထွန်းပေါ်ပေါက်ကြလေကုန်၏။


05.png

Image from google


လွယ်ကူသောခေတ်ကာသို့ ရောက်ရှိကုန်ကြသောအခါ အကုန်လွယ်ကုန်ကြ၏။ ဒုစရိုက်မှုများပါ လွယ်ကူခြင်းဖြစ်နေသည်ကိုမူ သတိမပြုမိဟု ထင်ပါ၏။ မှုခင်းဂျာနယ်များအား ဖတ်ရှုကာ အမှုအခင်းများ ကျူးလွန်ကြကုန်လေ၏။ မကောင်းမှုဒုစရိုက်များ ပေါများကျယ်ပြန့် လာကြကုန်၏။ ငွေကို အလွယ်ရှာကြကုန်၏။ မူးယစ်သောက်စား ပျော်ပါးခြင်းကို အလွယ်တကူ ပြုလုပ်ကြကုန်လေ၏။ ယခင်က လူတိုင်း နှာခေါင်းရှုံ့သည့် လုပ်ရပ်တို့အား ယနေ့ခေတ်တွင် အလွယ်တကူ ပြုလုပ်ကြလေကုန်၏။ မိန်းကလေးများသည်လည်း လွယ်ကူ ကြကုန်လေ၏။ ပေါ်ပြူလာဖြစ်ချင်သောကြောင့် ဟိုဖော် ဒီဖော် မြူဆွယ်ကြကုန်လေ၏။ ထိုအခါ ဘ၀ကိုပင်ထိခိုက်လာတတ်ကြကြောင်း သတိမပြုမိဖြစ်ကုန်ကြလေ၏။ ယခုဘ၀သာမက နောင်ဘ၀များလည်း ရှိခဲ့သည်ဆိုပါက ငရဲမှ ပြန်တက်နိုင်မည့်လမ်းမမြင်။ အမြဲတမ်းစနောက်သော စကားလုံးကဲ့သို့ဖြစ်နေကြကုန်ပြီလောမသိ။ ငရဲ တို့ နတ်ပြည်တို့ ဗြဟ္မာ့ပြည်တို့ကိုများ လေ့လာရေးထွက်လို့ရတယ်ဆိုရင် နတ်ပြည်နဲ့ ဗြဟ္မာ့ပြည် သို့မသွား ရောက်ကြကုန်လင့်။ အသိမိတ်ဆွေများ ရှိကြမည်မထင်။ ငရဲပြည်သို့သာ သွားကြကုန်လော့။ အသိမိတ်ဆွေများ လက်ညှိုးထိုး မလွဲ ရှိနေမည်မှာ ဧကန်မုချပင်ဖြစ်ပေ၏။ သတိသံဝေဂ ရသူများကား ကောင်းမှု ကုသိုလ်ပြုလုပ်ကြကုန်၏။ ငွေရှိလျှင် အကုန်ဖြစ်သောအချိန်ကာလကို သိသိသာသာကြီး ရောက်ရှိနေပြီဖြစ်လေ၏။


02.png

Image from google


အလွန်လွယ်ကူသောခေတ်ဖြစ်လေရာ ခရီးသွားရန်လွယ်ကူ၏။ ထမင်းစားရန်လွယ်ကူ၏။ မိန်းကလေးများနှင့် အလွယ်တကူ ပျော်ပါးနိုင်ပေ၏။ တရင်းတနှီးနေသူများ ဖောက်ပြားသော ခေတ်သို့ပင် ရောက်ရှိလာနေလေ၏။ ဆုံးမသောသူက မည်မျှပင် ဆုံးမစကားပြောကြား စေကာမူ ဒီဖက်နားက၀င် ဟိုဖက်နားက ထွက်ကုန်သော ခေတ်ဖြစ်ကုန်လေ၏။ အလွယ်တကူ ဆိုင်ကယ်များ၊ ကားများပေါ်မှ မဆင်းချင်ကြတော့။ လမ်းထိပ်သို့ပင် လမ်းမလျောက်ချင်တော့ ပေ။ ဆိုင်ကယ်ဖက်မွေးလာသလား ထင်ရလောက်အောင်ပင် ဆိုင်ကယ်မရှိ ဘာမှ မလုပ်တတ် တော့သောခေတ်ရောက်ကုန်လေပြီဖြစ်၏။ ဆိုင်ကယ်နှင့် တစ်ပတ်လောက်ခွဲရမည်ဆိုပါက အခြားအရာများအား ခွဲရသည်ထက် ခက်ပေ၏။ ဖုန်းနှင့်ခဏလောက်ခွဲရမည်ဆိုပါက မနေနိုင် မထိုင်နိုင် ဖြစ်နေကြရသော ခေတ်ကို အလိုလိုရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိပါ၏။ ဖုန်းပျောက်လျှင် ဒုက္ခ၊ ဆိုင်ကယ်မရှိဒုက္ခ၊ ကားမရှိဒုက္ခ တွေဖြစ်နေကြပြီး ထမင်းမစားရ နေပါစေ ဖုန်းမကိုင်ရမနေနိုင်ဖြစ်နေသောအထဲတွင် လူကြီးများလည်း ပါပေ၏။ စက်မှုပစ္စည်းများ တိုးတက်လာသည်နှင့်အမျှ လူတို့၏ ဦးနှောက်များ၊ ကျန်းမာရေးများ ပိုမို ချို့ယွင်းလာကြကုန်၏။ သံချေးကိုက်နေသော ဦးနှောက်၊ သံချေးကိုက်နေသော ကျန်းမာရေး များ ဖြစ်ကြလေကုန်၏။


06.png

Image from google


အချို့အရာတို့သည် လွယ်ကူသည့်အတွက် ကောင်းမွန်သော်လည်း အချို့အရာတို့သည် လွယ်ကူရန်မကောင်းကြောင်း ဆင်ခြင်သတိအမြဲရှိသင့်လှပါပေ၏။ ဥပမာဖြင့်ဆိုရသော် အရွယ်မရောက်မီ ရည်းစားထားခြင်းသည် ဘာမှမဖြစ်သော်လည်း အချိန်မတိုင်မှီ ကျူးလွန်မိ ခြင်းသည်ကား မကောင်းကြောင်း သိနေကြသော်လည်း မလိုက်နာနိုင်ဖြစ်ကုန်၏။ လူကြီးများ သည်လည်း ထို့အတူပင် ဘုရားတရားလုပ်ကြရမည်ကို သတိမရကြပါပဲ မြေးအရွယ်ကလေးငယ်အား လွန်ကျူးရန်စဉ်းစားနေခြင်းများ ဖြစ်ကုန်ကြလေကုန်၏။ ဒုစရိုက် အမှုများ ကျူးလွန်ကုန်ကြလေ၏။ အရွယ်လွန်ကာမှ ထောင်နန်းစံကြရကုန်လေ၏။ တရားအသိ မရှိကြကုန်သည်ဖြစ်သောကြောင့် လူကြီးတို့သည် မှားယွင်းသောဘ၀ကို လျောက်ကြလေကုန်၏။ ယနေ့ခေတ် လုယက်ခြင်းများအား လေ့လာကြည့်မိရာတွင် စား ၀တ်နေရေးအတွက် လုယက် အသက်မွေးဝမ်းကြောင်းခြင်းမဟုတ်ကြောင်း ကြားသိရပေ၏။ အများစုသော လူငယ်တို့သည် အပျော်အပါး၊ လောင်းကစား၊ အ၀တ်အစား၊ မူးယစ်ဆေးဝါး စသည်တို့အတွက် ရသလောက် အမြတ်ဆိုကာ လုယက်နေကြပေ၏။ မည်သို့ထင်ပါသနည်း။ စားဝတ်နေရေးအတွက် လုယက်ခြင်းက ဂုဏ်ယူထိုက်အုံးမည် ထင်ပါ၏။ လုယက်ခြင်းအား အားပေးအားမြှောက်ပြုခြင်းမဟုတ်ပါ။ မည်သူ့အတွက် လုယက်သနည်းဆိုသည်ကို မြင်တွေ့ နိုင်ကြောင်းသာ ဖော်ပြလိုခြင်းဖြစ်ပါ၏။ လွယ်ကူလေသောအခါ လူတို့သည် စိတ်ဖောက်ပြန်တတ်ကြလေ၏။

အချုပ်အနေဖြင့် လွယ်ကူသင့်သည်ကို လွယ်ကူစေခြင်းသည် ကောင်းမွန်လှသော်လည်း အချို့သောအရာတို့သည်ကား သီလဆိုသော ကိုယ်ကျင့်တရားတို့နှင့် သက်ဆိုင်သောကြောင့် မလွယ်ကူသင့်ပါပေ၊ ထိန်းသိမ်းသင့်ပါ၏။ ထို့အတူ MSC အဖွဲ့သားဖြစ်ရန် လွယ်ကူခြင်းငှာ မထိုက်တော့ပါ။ အဖွဲ့သားဖြစ်ရန် ခက်ခဲသင့်လှပေ၏။ နောက်နောင် အဖွဲ့သား ဖြစ်ရန် ပိုမို ခက်ခဲနိုင်မည်ဖြစ်ပါ၏။ ကျွန်ုပ်အား MSC အဖွဲ့သားမဖြစ်သေးသူများက ဆဲဆိုကြကုန်မည် ဖြစ်ပါ၏။ ရယ်စရာတစ်ခုအဖြစ် မှတ်ယူသင့်လှပေ၏။ အမှန်တကယ် အတည်လည်း မှတ်ယူသင့်လှပေ၏။ နောက်ထပ်ဆက်ရေးလျှင် အဆဲတောင်းသည်နှင့်တူနေပေတော့၏။ ရပ်နားခွင့်ပြုရန်တောင်းပန်ပါ၏။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

14-Mar-2018 ဗုဒ္ဓဟူးနေ့(Wednesday)