မီး ဘာလို့မလင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ပျင်းစရာကောင်းတဲ့ စာတွေကိုပဲ ဆက်တိုက်တင်နေတာဖြစ်လေတော့လာပြီးအားပေးနေသူတွေလည်း ပျင်းနေ မယ်လို့ထင်ပါတယ်။ ပျင်းစရာကောင်းတဲ့ တိုးတက်တာတွေ ကြီးပွားတာတွေ တစ်ရက် လောက်တော့ရပ်ပြီး ပေါ့ပေါ့ပါးပါးလေးတွေနဲ့ အပျင်းဖြေစေချင်လာတယ်။ ဒီနေ့တော့ ရီစရာအဖြစ်အပျက် လို့ပြော ရမလား? ရိုးလွန်းသူတွေလို့ပဲ ပြောရလေမလား? ငယ်ငယ်က ဖြစ်ခဲ့ဖူး ကြားခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတွေထဲ က တစ်ခုကို ရေးသားလိုက်ပါတယ်ဗျာ။ လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကြာ(နှစ်အတိအကျမမှတ်မိလို့)က တနည်းပြောရမယ်ဆိုရင် ကျွန်တော်ငယ်ငယ် ကပေါ့။ ကျွေးသဖခင်ကြီးက ရုံးတစ်ရုံးမှာအလုပ်လုပ်နေသူဖြစ်လေတော့ ၀န်ထမ်းလိုင်းခန်းမှာနေတယ်။ စစ်ကိုင်းတိုင်းရုံးဖြစ်လေတော့ အခြားနယ်မြို့က ရုံးကလူတွေ တိုင်းရုံးကိုလာကြရတယ်။ အကြောင်းအမျိုးမျိုးနဲ့ပေါ့။ အဲဒီအချိန်တုံးက စစ်ကိုင်းတိုင်း တစ်တိုင်းလုံးကို တိုင်းရုံးကပဲ စီမံ အုပ်ချုပ်တဲ့ ခေတ်ပဲရှိသေးတယ်။ ရုံးခွဲတွေ သိပ်မရှိသေးဘူး။ အဲဒီလို နယ်ကလူတွေလာတိုင်း လာတိုင်းလက်ထဲမှာ သူတို့နယ်ကထွက်တဲ့ လက်ဆောင်တွေပါလာပဲ။ အဲဒီလိုလက်ဆောင်တွေအပြင် ရုံးကလူတွေနဲ့သောက်စားဖို့ ခေါင်ရည်တွေ အရက်တွေလည်း ပါလာစမြဲပဲ။ ညတိုင်းလည်း ၀ိုင်းဖွဲ့သောက်စား မူးပြီ ဆိုရင်တော့ သီချင်းတွေဆို ကခုန်နေတတ်ကြသေးတယ်။ ကလေးဆိုတော့ အမြည်းစားချင်ရင် အရက်ဝိုင်းနားသွားနှိုက်စားတာပဲ။ တခါတရံ ခေါင်ရည်တွေကို အချိုရည်ဆိုပြီး သောက်ခိုင်းတတ်တယ်။ အဲဒီတုံးက ခေါင်ရည်ဆိုတာ ဘာမှန်းမသိကြတဲ့အချိန်၊ အချိုရည်ဆိုတာလည်း ဒါးတန်းဘိလပ်ရည် ဆိုတာလောက်ပဲရှိတယ်။ အဲဒိလိုနဲ့တစ်ခေါက်မှာတော့ ချင်းတောင်ဘက်က ၀န်ထမ်းတစ်ဦးပါလာတယ်ဗျ။ အဲဒီဝန်ထမ်းက ကျွန်တော်ကလည်း အရက်ဝိုင်းနားထိုင်နေချိန်မှာ သောက်စားနေကြရင်းနဲ့ အမှတ်မထင် မေးလာတာက
“မီးလင်းအောင် ဘယ်လိုလုပ်ရတာလဲ”
“ဘာလုပ်မလို့လဲ” မေးတော့
“တတ်ချင်သလေ… ဘယ်သူ့ဆီသင်ရမလဲ” တဲ့
ဝိုင်းမှာရှိနေတဲ့သူတွေလည်း “သင်ချင်ရင် မနက်ဖန် လျှပ်စစ်ဝန်ထမ်းဆီလိုက်ပို့ပေးမယ်” လို့ ပြောလိုက်ကြ တယ်။ အဲဒီမှာ လူကြီးတစ်ယောက်က ထပြီးတော့
“လာကြည့် မီးလင်းလာအောင် ဟောဒီ ခလုတ်ကိုနှိပ်ရင်ရတယ်… နောက်ပီး အဲဒီခလုပ်ကို ပြန်နှိပ်ရင် မီးငြိမ်းသွားတယ်”
ဆိုပြီး မီးခလုတ်ကို နှိပ် နှိပ်ပြပါလေရော။ ချင်းတောင်က ၀န်ထမ်းလည်း အတော်ကို သဘောကျနေသဗျ။
“ဟာ ဒါလေးနှိပ်တာနဲ့ မီးလင်းတာလား”
လို့ရွတ်ပြီး မီးခလုတ်ကို ထောက်ခနဲဖွင့်လိုက် ထောက်ကနဲပိတ်လိုက် အကြိမ်ကြိမ် တထောက်ထောက် လုပ်ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောတော်တွေ အတော်ကျနေလေရဲ့။
ဒါနဲ့ ချင်းတောင် က လာတဲ့ဝန်ထမ်းကို သတိမရတော့ဘူးဗျ။ ချင်းတောင်ကို အဲဒီဝန်ထမ်း ပြန်သွားတယ်။ အဲဒိအချိန်က ချင်းပြည်နယ်နဲ့မြန်မာပြည်အလယ်ပိုင်း သွားရေးလာရေးက အတော်ခက်ခဲတဲ့ အချိန်ပဲ ရှိနေသေးတာ။ ခုလည်း တချို့နေရာတွေခက်ခဲဆဲပဲဖြစ်မယ်။
နောက်နှစ်ကျတော့ အဲဒီ ချင်းပြည်နယ်က ၀န်ထမ်း တစ်ခေါက်ပြန်ရောက်လာတယ်ဗျ။ ထုံးစံအတိုင်း ညမှာဝိုင်းဖွဲ့နေကြပါလေရော။ စားရင်း သောက်ရင်းနဲ့ စကားတွေများ ငြင်းခုံနေကြတာ ဆူညံနေတာပဲ။ သိချင်လို့ ၀ိုင်းနားကပ်သွားမိတယ်။
“နင်တို့ကောင်တွေနော် ငါ့ ကိုလိမ်ကြသလေ”
“ဟ- ငါတို့ ဘာလိမ်လို့တုံး”
“ဟိုခေါက်က ငါ နင်တို့တွေကို မီးလင်းအောင် လုပ်တာ မေးသလေ”
“အေးလေ အဲဒါဘာဖြစ်လို့တုံး ငါတို့လည်း မင်းကို မီးလင်းအောင် လုပ်တာ ပြောပြတယ်လေ လျှပ်စစ်ဝန်ထမ်းနဲ့တောင် မင်း ကြိုးဘယ်လိုဆွဲရတယ်ဆိုတာ သင်သွားသေးမဟုတ်လား”
“သင်သွားတယ်လေ”
“ခု အဲဒါဆို ဘာဖြစ်လို့တုံး”
“ဘာဖြစ်မလဲ… သူသင်ပေးတဲ့အတိုင်း ငါဆင်သလေ”
“အင်း အဲဒီတော့ ဘာဖြစ်သတုံး ဘာပြဿနာတက်လို့တုံး”
“ဘာပြဿနာလဲ ငါမသိလေ… ပြဿနာ တော့ ပြဿနာပဲ”
“ဘယ်လိုဖြစ်လို့လဲ”
“သူသင်ပေးတဲ့အတိုင်း အကုန်လုံးသေသေချာချာမှတ်သွားသလေ… မေ့မစိုးလို့ ဘုတ်အုပ်ထဲလဲရေးသွားသလေ”
“အင်း ဆက်စမ်းပါအုံး”
“နင်တို့ မီးဆင်တာ ခုနှစ်ရက်တောင်ကြသဟေ့”
“အင်း ဆက်ပြောအုံး”
“အချိန်ကုန် ပိုက်ဆံကုန်ခံသလေ အကုန်လုံးပြီးသွားသလေ”
“ဘာဖြစ်တုံး”
“ခလုတ် နှိပ်သလေ”
“မီးလင်းရောလား”
“မလင်းလေ လင်းရင် ပြဿနာလို့မပြောလေ”
“ဒါဆို မီးမလင်းဘူးပေါ့”
“အေး မလင်းဘူးကွ… မလင်းဘူး… မလင်းလေ ပြဿနာလို့ပြောသပေါ့ဟ”
“တစ်ခုခုမှားနေလား”
“အာ_မမှားဘူးကွ… ငါ အထပ်ထပ်အခါခါ စစ်ကြည့်တယ် စစ်လိုက် ခလုတ်ဖွင့်လိုက်နဲ့ ခလုတ်တွေ တောင် နှိပ်မရတော့လေ”
“နေပါအုံး မင်းက ဘယ်အိမ်မှာ မီးဆင်တာလဲ”
“ငါ့အိမ်မလေ”
“မင်းအိမ်…. နေစမ်းပါအုံး မင်းက ဘယ်က အိမ်ကို ပြောနေတာလဲ”
“ခွီးမှပဲ ဘယ်အိမ်ရမလဲကွ ငါ့အိမ်ပေါ့ဟ ငါ့အိမ် ငါ့အိမ်”
“ချင်းတောင်က မင်းအိမ်ကိုပြောတာလား”
“ဟုတ်သလေ ချင်းတောင်က ငါ့အိမ်မပြောလို့ ခုနင်တို့အိမ်ကို ပြောရမှာလား”
“အဲ… ပြဿနာက အဲဒါ အဲဒါ”
“ဘာ ပြဿနာလဲ”
“ချင်းတောင်မှာ မီးလိုင်းမရှိပဲ ဘယ်လိုမီးသွယ်တာတုံး”
“မီးလိုင်း ဘာမီးလိုင်းလဲဟ ငါမသိလေ”
“မီးလိုင်းရှိမှ မီးလင်းအောင်လုပ်လို့ရမှာလေ… မင်းတို့ ချင်းတောင်မှာ မီးလိုင်းမှ မရှိသေးပဲနဲ့ မင်းအိမ်မှာ မီးသွယ်လို့မရဘူးလေ” ဆိုပြီး မီးလိုင်းအကြောင်းသေချာပြန်ရှင်းပြလိုက်တော့မှ
“ဟယ် _ နင်တို့တွေ အဲလို မပြောလေ ဒီခလုတ်လေးနှိပ်ရင် မီးလင်းတယ်ဆိုလို့ ငါလည်း အိမ်မှာ မီးဆင်သလေ ခုမီးမလင်းလေ ဟီး”
ဝိုင်းမှာထိုင်နေတဲ့သူတွေ စိတ်ဆိုးရအခက် အပြစ်တင်ရမှာလည်းအခက်ဖြစ်ကုန်ကြတယ်။
မီးလိုင်းမရှိတဲ့ နေရာ အိမ်ထဲမီးသွယ်ပြီး မီးလင်းချင်နေသတဲ့။ ခုခေတ်ကာလဆိုရင်တော့ ဆိုလာပြားလေးတွေနဲ့ မီးလင်းနိုင်ပေမပေါ့။
“သေဟဲ့ နန္ဒိယ”
ဘာမဆိုင် ညာမဆိုင် သူတို့ မီးပြဿနာတက်တာနဲ့ ဦးဇင်း နန္ဒိယ သွားသေခိုင်းနေသေးသဗျာ။ ချင်းတောင်က ၀န်ထမ်းဦးလေးကြီးခမြာ ကြိုးတွေ၊ ခလုတ်၊ မီးချောင်း၊ မီးလုံးတွေသယ်သွားတာ ခုချိန်ဆိုရင်တော့ အသုံးတည့်နေလောက် ပါပြီ။
တစ်ချက်ပြုံးပြီး တစ်သက်လုံး ပျော်နိုင်ကြပါစေဗျာ…
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
28-Aug-2018 အင်္ဂါနေ့(Tuesday)