မည်သူပြောနိုင်ပါမည်နည်း(Who Can Say?)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မထင်မှတ်ဖြစ်ပျက်သွားတတ်သော အကြောင်းအရာတစ်ခုနှင့် ထိပ်တိုက်ကြုံတွေ့လာရသောကြောင့် ယခုစာများအား ရေးသားဖြစ်ခြင်းဖြစ်ပါသည်။ အဘယ်အဖြစ်အပျက်များနည်းဟု သိချင်ကြပေလိမ့်မည်။ တောင်ကြီးတွင် နေထိုင်သူ ဆွေမျိုးမကင်းသူ ညီငယ်တစ်ယောက် လွန်ခဲ့သော ၅ ရက်လောက်က ဆွေးမျိုးတော်စပ်သူတစ်ယောက် ညအချိန် လမ်းတစ်ဖက်မှ မိမိကားရပ်ထားရာလမ်းတစ်ဖက်သို့အကူးတွင် ဆိုင်ကယ်ဘီးကြီးဖြင့် ၀င်ရောက်တိုက်ခိုက်မိရာမှ ယနေ့အချိန်ထိ သတိပြန်လည်လာခြင်းမရှိခဲ့သည်ကို ကူညီဆောင်ရွက်ပေးနေရင်းဖြင့် အခြားသော သူများလည်း ထိုကဲ့သို့ပင် ဖြစ်ပျက်နေသည်ကို မြင်တွေ့ခဲ့ရသောကြောင့် ပင် ယခုစာအား ရေးချင်စိတ်ပေါ်လာခဲ့ပါသည်။ သေမည် ရှင်မည်သမသေချာပါ။ သေဆုံးရန် ၆၀% သေချာပါသည်။ အသက်ရှင်ရန်က ၄၀% သာရှိပါသည်။ ဦးနှောက်အလုပ်ကောင်းကောင်းမလုပ်နိုင်၊ သတိမလည်တော့ပဲ၊ အသက်သာရှုနေပါတော့သည်။ ခွဲစိတ်ထားပြီးဖြစ်သော်လည်း ကျွန်ုပ်အထင်အမြင်အရ အားမရပါ။ သေဆုံးရန် ၉၀% လောက်ဖြစ်မည်ထင်နေပါသည်။ အခြားသူကဲ့သို့သော လူများလည်း သူကဲ့သို့ပင် အောက်စီဂျင်များပေးထားကြပြီး ခုတင်များပေါ်တွင်မလှုပ်မရှက်၊ အသက်ကတော့ တရူးရူးတရှဲရှဲ ရူနေကြသော်လည်း ဦးနှောက်ကိုထိခိုက်ခံထားကြရသောကြောင့် အသိစိတ်မရှိကြတော့။ ဆက်လက်အသက်ရှင်ရပ်တည်ရန် မသေချာကြတော့။ အသက်ရှင်ကျန်နေသူများကတော့ သူ၏ဘေးတွင် ဆီးများ အညစ်အကြေးများအား သုတ်သင်ရှင်းလင်းရင်း မျက်ရည်တစမ်းစမ်းဖြင့် အအိပ်ပျက် အစားပျက်များဖြစ်နေကြလေပြီ။ သူကတော့ မသိနိုင်ပါချေ။ ယနေ့ လည်ပင်းကိုဖောက်ကာ အောက်စီဂျင်ပိုက်အား ထိုးသွင်းထားလေပြီဖြစ်သည်။ ဒါသည် နောက်ဆုံးခွဲစိတ်ခြင်းဟုပင် ပြောပြီးသွားပြီဖြစ်သော်လည်း သူ၏ အသက်ရှင်သည်ဖြစ်စေ မရှင်သည်ဖြစ်စေ ထပ်မံခွဲစိတ်ခြင်း ပြုလုပ်ကြတော့မည်မဟုတ်ပါချေ။ မည်သူပြောနိုင်ပါမည်နည်း။( ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင်ရန်ခွင့်မပြုသဖြင့် ပုံများကိုတော့ ရိုက်ယူထားနိုင်ခြင်းမရှိပါ။)
Image from google
ယခုနှစ်အတွင်း သူငယ်ချင်းအချို့ ၊ အသိမိတ်ဆွေအချို့ လူ့လောကကြီးမှ ပျောက်ကွယ်သွားကြကုန်လေသည်။ အမျိုးမျိုးသောအကြောင်းများကြောင့် လူ့လောကကြီး အား ကျောခိုင်းထွက်ခွာသွားကြလေကုန်သည်ဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ ထွက်ခွာသွား ကြလေကုန်သနည်း။ လူ့လောကကြီးအား စိတ်ကုန်သောကြောင့်လား။ အကြွေးပတ်လည်ဝိုင်း နေကြသောကြောင့်လား။ စိတ်ညစ်လွန်းအားကြီးလို့လား။ ထိုမေးခွန်းများ၏ အဖြေသည်ကား တစ်ခုမှမဟုတ်ပါဟုပင်ဖြေဆိုရမည်ပင်။ လူ့လောကကြီးကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြကုန် သောသူများလည်း ပါသကဲ့သို့ ငွေကြေးတတ်နိုင်သူများလည်းပါဝင်နေပေသည်။ စိတ်ညစ်စရာ ကိုဘယ်သောအခါမှ တွေးတောခြင်းမရှိသောသူများလည်း ပါဝင်ပေသည်။ သို့ဆိုလျှင် အဘယ့်ကြောင့် လူ့လောကကြီးကို ကျောခိုင်းထွက်ခွာကုန်ကြလေသနည်း။ မည်သူမျှဖြေဆို နိုင်မည်မထင်ပါ။ ဖြေဆိုနိုင်သည့်အရာကတော့ မရဏခရီးကို တစ်ချိန်ချိန်သေချာပေါက်သွားကြရမည်ဆိုခြင်းသာဖြစ်ပါသည်။ ငြင်းဆန်မရ။ ငွေဖြင့်တားဆီးမရ။ မိဘမောင်နှမအားဖြင့် တွန်းလှန်မရသော ခရီးပင်ဖြစ်ပါသည်။
Image from google
လူ့လောကကြီးအား အလွန်ချစ်ခင်နှစ်သက်ကြပါကုန်သော၊ လူ့လောကကြီးအား အလွန်မုန်းတီးနေကြပါကုန်သော သူအားလုံးသည် နောင်တစ်ချိန်ချိန်တွင် ကျောခိုင်းထွက်ခွာ သွားကြရစမြဲပင်ဖြစ်ပေသည်။ ချစ်ခင် နှစ်စက်သူများအားလုံး၊ မချစ်ခင်မနှစ်သက်သူများအား လုံးကို ထားရစ်ကာ ဘယ်ဆီဘယ်ဝယ်မှန်းမသိသော ခရီးအား တစ်ဦးတစ်ယောက်မျှအဖော် မပါ တစ်ကိုယ်တည်း ထွက်သွားကြရမည်ကို လူတိုင်း သိထားကြပါသည်။ သို့သော် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အသက်အရွယ်တွင် ထိုကဲ့သို့ ထွက်ခွာသွားကြ ရမည်ကို မည်သူမျှမသိနိုင်ကြပါချေ။ မည်သူမျှလည်း ဖြေဆိုနိုင်မည်မဟုတ်ပါချေ။ ထိုအရာသည် ဘယ်သို့သောအကြောင်းကိစ္စဆိုသည်ကို ပြောပြရန်ပင်လိုမည်မထင်ပါ။ ထိုအရာကား သေခြင်းတရားပင်ဖြစ်ပေသည်။ အဖော်မပါ တစ်ကိုယ်တည်း သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ သွားကို သွားရမည့်အချိန်သည် မည်သည့်အချိန် ဖြစ်သည်ကို မည်သူမျှ အတိအကျသိနိုင်မည်မဟုတ်။ သေခြင်းတရားသည် အချိန်ကျရောက် လာလျှင် လာဘ်ထိုးကာ အချိန်ဆွဲနေလို့ရသည်မဟုတ်။ လာခေါ်သည့်အချိန် လိုက်သွားကြ ရသည်သာဖြစ်ကြပေသည်။ ထိုသေမင်းသည်လည်း မည်သည့်အချိန်တွင် လာခေါ်မည်ကို ကြိုတင်အကြောင်းကြားခြင်း ရှိတတ်သကဲ့သို့ ကြိုတင်အကြောင်းမကြားပဲ ဇွတ်ပင်ခေါ်သွားခံရသူများလည်း ရှိပေသည်။ ဒီလူ့ကို ခုနလေးတင်တွေ့လိုက်သေးတယ်။ ဟုတ်ပါ့မလား ဆိုသော မေးခွန်းစကားများမေးရန်ပင် အံ့အားသင့်ဖွယ် ကိစ္စအများအပြားပင် ရှိနေတတ်ပါသေးသည်။
Image from google
ကျွန်ုပ်အနေဖြင့် ထိုသေခြင်းတရားအကြောင်းကို ရေးသားလိုသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ ပြီဖြစ်ပါသည်။ သို့သော်လည်း မရေးဖြစ်ခဲ့ပါ။ မည်သူမျှရှောင်လွဲမရနိုင်သော လမ်းခရီးအတွက် ကျွန်ုပ်တို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲဆိုသော မေးခွန်းကိုလည်း ကိုယ့်ကိုယ်ကိုယ် မေးမြန်းနေမိပါသည်။ တကယ်ဆို ထိုခရီးလမ်းအတွက် မည်သည့်ရိက္ခာမျှ ဟုတ်တိပတ်တိ ထုတ်ပိုးထားခြင်းမရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ရိက္ခာများအား တတ်နိုင်သလောက် စုစည်းခဲ့သော်လည်း ပြည့်စုံခြင်းတော့ ရှိလိမ့်မည်မထင်ပါ။ ငယ်ရွယ်စဉ်အချိန်ကပင် သူတစ်ပါးအား ကြီးကြီးမားမားဒုက္ခတော့ပေးဖူးခြင်းမရှိပါ။ အခြားသူများအားလည်း မိမိတတ်နိုင်သလောက် အကူအညီပေးခဲ့ပါသည်။ သို့သော် စိတ်ချရသည့်ရိက္ခာတော့ သေချာစုဆောင်းထားနိုင်ခြင်းမရှိသေးပါ။ ဒီလိုဆို ကျွန်ုပ်အနေဖြင့် လူ့ဘ၀ကိုရရှိလာခြင်း တွင် အရှုံးနှင့် ရင်ဆိုင်နေရပြီဖြစ်ပါသည်။ မမြင်ရသော မသိနိုင်သော ခရီးအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်ဟုလည်း ထင်မိပါသည်။
Image from google
မကြာသေးမီကပင် အသိမိတ်ဆွေတစ်ဦး မနက်ပိုင်းလက်ဖက်ရည်သောက်ချိန်တွင် ရောက်တတ်ရာရာပြောကာ လမ်းခွဲခဲ့ကြပေသည်။ နေ့လယ်ပိုင်းရောက်ချိန်တွင် ဆုံးပြီဆိုသော စကားရောက်လာသည်။ အံ့သြစရာ။ မနက်က ကျန်းမာရေးညံ့ပုံမပေါ်ပါ။ ထမင်းစားပြီး ခေါင်းမူးသည်ဆိုကာ အိပ်ယာထဲသို့ဝင်ရာမှ ပြန်မထလာတော့ခြင်းဖြစ်ပါသည်တဲ့။ နောက်မကြာမီ ရက်ပိုင်းက အသိညီလေးတစ်ယောက်၏ ဇနီးသည် ဆုံးပါးသွားခဲ့သည်။ မေးကြည့်ရာ ခြေထောက်အား ဆိုင်ကယ်အိပ်ဇောပူလောင်ရာမှ ဆီးချိုရှိသဖြင့် အနာမကျက်နိုင်ဖြစ်ရာမှ တစ်လအကြာတွင် သေဆုံးသည်အထိဖြစ်ခဲ့ရပေသည်။ သူ၏ချစ်လှစွာသော တစ်ဦးတည်းသောသားလေးအားချန်ထားရစ်ခဲ့ကာ အဖော်မပါတစ်ကိုယ်တည်း မရဏခရီလမ်းအားထွက်သွားခဲ့ရှာလေပြီ။ အသက်ကား ၃၃ နှစ်သာ ရှိသေး၏။ သူငယ်ချင်းတစ်ဦး၏ ဇနီးမောင်နှံတို့သည် ကလေးအလွန်လိုချင်နေကြရာ ကိုယ်ဝန်ရှိကြောင်းသိသဖြင့်အင်မတန်ဝမ်းသာနေခဲ့ကြပေသည်။ မျိုးဆက်သစ်ကလေးတစ်ယောက် လူ့လောကသို့ ရောက်ရှိလာပေတော့မည်။ သို့သော် ၀မ်းသာမှုသည်ကြာကြာမခံပါ မတော်တဆ ဖင်ထိုင်လဲရာမှ ကလေးပျက်စီးသွားကြရလေသည်။ လူ့လောကအတွင်းသို့ပင် မရောက်ရှိသေးခင်ကပင် သေဆုံးပျက်စီးသွားရရှာလေသည်။ လူ့လောကအတွင်းသို့ရောက်ရှိလာပြီးမှ သေဆုံးသွားကြရရှာသည့် လူမမယ်ကလေးသူငယ်များသည်လည်း ယနေ့ကမ္ဘာတွင် ဒုနှင့်ဒေးပင်ရှိချေမည်။
Image from google
ကျွန်ုပ်တို့သွားရမည့် အဖော်မပါ တစ်ကိုယ်တည်းခရီးဖြစ်သည့် မရဏခရီးသည် အလွန်ပင်ဝေးကွာ နေသလော သို့တည်းမဟုတ် အလွန်ပင်နီးသလော ဆိုသည့်အဖြေကို မည်သူက ဖြေဆိုပေးနိုင်ကြပါမည်နည်း။ မဖြေနိုင်ပါ။ ယနေ့လား မနက်ဖန်လား သေချာမသိရှိပါ။ ခုချက်ချင်းလည်းဖြစ်ချင်ဖြစ်နိုင်ပါသည်။ မနက်ဖန်လည်းဖြစ်ချင်ဖြစ်နိုင်ပါသည်။ သေချာပေါက်ပြောနိုင်သည့်အရာက အသက်အရွယ် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အရွယ်မရွေး ချက်ချင်းပင် လူ့လောကကြီးအား ကျောခိုင်းသွားနိုင်သည်ဆိုခြင်းပင်ဖြစ်ပါသည်။ ကွေးသောလက် မဆန့်မီ ဆန့်သောလက်မကွေးမီ ဆိုသောစကားကဲ့သို့ပင် ကျွန်ုပ်တို့ သတိထားသင့်လှပေသည်။ ယခုခေတ်ကာလသည် နေ့မြင် ညပျောက်ပင်မဟုတ်ပါတော့။ ခုမြင်ခဏနေပျောက်ကုန်ကြသော ခေတ်ဖြစ်နေလေပြီဖြစ်သည်ကိုလည်း သတိပြုမိပါသည်။ ကျွန်ုပ်တို့တစ်တွေ မသေခင် လူ့ဘ၀ရခိုက် အချိန်ကလေးမှာ ကျွန်ုပ်တို့ ဘာတွေလုပ်သင့်သလဲ၊ နောက် တစ်လ သို့တည်းမဟုတ် နောက် ခြောက်လကြာလျှင် သေတော့မည်ဆိုသည်ကိုသာ ကျွန်ုပ်တို့ ကြိုသိနေခဲ့ပါလျှင် ဘာတွေလုပ်ကြမည်နည်း ဆိုသောအကြောင်းအရာအား ဆက်လက်ရေးသားချင်ပါသေးသည်။ ယခုတော့ ပင်ပန်းနေသဖြင့် ရပ်နားခွင့်ပြုပါခင်ဗျာ။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
19-Feb-2018 တနင်္လာနေ့(Monday)