မဆင်းရဲပါစေနှင့် (Don't Poor)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဟိုးအရင်အချိန်တုံးဆီက ယနေ့ခေတ်အခြေအနေမျိုးအဖြစ်မရောက်ရှိသေးသောအချိန်ကာလ ဆီက အလွန်ပင် သာယာအေးချမ်းမှုလည်းရှိ အစစအရာရာတွင် ပြည့်စုံကြွယ်ဝတဲ့ ရွှေခေတ် ဟုခေါ်နိုင်သော ခေတ်ရှိခဲ့ဘူးသည်ဟု ဘာသာတရားစာပေ များတွင် ဖတ်မှတ်ဖူးပါသည်။ ထိုအချိန်ကာလတွင် လူတို့၏ သက်တမ်းသည်လည်း အလွန်ရှည်လျားလှသည်။ နှစ်ပေါင်း ရှစ်သောင်းအထိ သက်တမ်းရှည်ကြသည်ဟု စာများတွင် ဆိုပါသည်။ ထိုအချိန်ကာလတွင် လူ့လောကကြီးတစ်ခုလုံးသည် ပြဿနာလည်း အလွန်နည်းပြီး ငြိမ်းချမ်းပျော်ရွှင်ခဲ့သော လူ့လောကကြီးဖြစ်ခဲ့သည်။ အုပ်ချုပ်သော မင်းသည်လည်း ကျင့်ဝတ်စည်းကမ်းများနှင့်အညီ တိုင်းပြည်အား အုပ်ချုပ်ခဲ့ကြသည်။ တိုင်းသူပြည်သားများအားလည်း ဥပဒေနှင့်အညီ အကာအကွယ် အစောင့်အရှောက်များ ပေးခဲ့ သည်။ အလွန်ထူးခြားသော စီမံဆောင်ရွက်ချက်တစ်ခုမှာ အလွန်ဆင်းရဲ မွဲတေနေသောလူသားများ မရှိအောင် ဆောင်ရွက်ထားရှိခြင်းဖြစ်သည်ဟု ဆိုပါသည်။ ငွေကြေးမပြည့်စုံသူများအား ဘုရင့်ဘဏ္ဍာတိုက်မှ ငွေကြေးများထောက်ပံ့ပေးပါသည်။ လိုအပ်သော ငွေကြေးများအား ကူညီထောက်ပံ့ပေးကြခြင်းဖြင့် ဆင်းရဲမွဲတေမှုများမရှိအောင် ဆောင်ရွက်ထားရှိသည်ဟု ဆိုပါသည်။ အဓိကကတော့ လူတို့၏ ကိုယ်ကျင့်တရားကောင်းခြင်း ပင်ဖြစ်မည်ထင်ပါသည်။ ထိုသို့ပြုလုပ်ဆောင်ရွက်မှုကြောင့် လူ့လောကကြီးသည် အေးချမ်းသာယာစွာဖြင့် နှစ်ပေါင်းများစွာတိုင်တိုင် တည်တံ့ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုထားကြပါသည်။


04.png

Image from google


ယနေ့ခေတ် ကမ္ဘာသည်က လောဘ ဒေါသ မောဟ များဖြင့်ဖုံးလွှမ်းနေကြသည်ဖြစ်ရာ ဒုက္ခမျိုးစုံ လက်ယပ်ခေါ်နေသကဲ့သို့ပင်ဖြစ်မည်ထင်ပါသည်။ ဈေးရောင်းမကောင်းသူ တစ်ဦး အနေဖြင့် ဈေးရောင်းမကောင်းခြင်းကြောင့် လာရောက်ဈေးဝယ်ယူသူတစ်ဦးအား ပုံမှန်ပေါက်ဈေးထက် ဈေးပိုတင်ယူလိုက်မိခြင်းသည် ဈေးဝယ်သူအား မောင်းထုတ်သည့် အချက်တစ်ချက်ပင်ဖြစ်သည်ကို သတိမမူပဲ ဆက်လက်ကျင့်သုံးနေသည်နှင့်တူပေသည်။ ဈေးရောင်းမကောင်းသောကြောင့် ဈေးတင်ရောင်းမိ၊ ဈေးတင်ရောင်းမိသောကြောင့် ဈေးရောင်းမကောင်းတော့။ သံသရာလည်နေပေတော့မည်သာဖြစ်ပါသည်။ ဈေးရောင်းကောင်းရန်မဖြစ်နိုင်ပါချေတော့။ ထိုသို့ ဈေးတင်ရောင်းခြင်း မပြုလုပ်ပဲ ပုံမှန်ဈေး သို့မဟုတ် ပုံမှန်ဈေးထက် အနည်းငယ်လျော့ရောင်းပေးလိုက်ခြင်းသည် ဈေးသည်အား ဈေးရောင်းကောင်းအောင် ဖောက်သည်ခေါ်လိုက်သည်နှင့်တူမည်သာဖြစ်ပါသည်။ ငွေကြေးမပြည့်စုံသောကြောင့် တစ်နေ့တာအတွက် ပြည့်စုံစေရန်အတွက် မကောင်းမှုလုပ်၊ ထိုသို့မကောင်းမှုလုပ်ခြင်းကြောင့် ငွေကြေးတို့သည် မပြည့်စုံ သံသရာလည်နေပေတော့သည်။ မကောင်းမှုကို ပြုလုပ်ကာ ငွေရှာခြင်းမပြုလုပ်ပဲ ကောင်းမှုကုသိုလ်ကိုသာ ပြုလုပ်လိုက်မည်ဆိုပါက တနည်းတဖုံပြောင်းလဲသွားမည်သာဖြစ်ပါသည်။


02.png

Image from google


လောကကြီးသည် တူရာ တူရာ စုဝေးတတ်ကြောင်းကို သိမြင်နိုင်သော်လည်း လူအများစုသည် အမှတ်တမဲ့ပင် နေတတ်ကြသည်။ “ရတနာရှိရာ ရတနာလာ” “ဂျိုကုတ်ရှိရာ ဂျိုကုတ်လာ” ဆိုသော စကားများသည် တူရာကိုစုသည့် ဥပမာပြ စကားများဖြစ်သည်။ ရတနာရှိသောနေရာ သို့ ရတနာများလာမည်ဖြစ်သကဲ့သို့ အမှိုက်ရှိသောနေရာသို့ အမှိုက်များသာလာမည်ဖြစ်သည်။ ထို့ကြောင့် ရတနာလိုချင်သည်ဆိုပါက မိမိတို့ကိုယ်တိုင်သည် ရတနာဖြစ်သင့်သည်မဟုတ်ပါ လား။ ရတနာလိုချင်သောသူသည် အမှိုက်များစုထားပါက ရတနာလာမည်မဟုတ်ပဲ အမှိုက်များသာလာမည်ဖြစ်ပေသည်။ မိမိတို့ကိုယ်တိုင်ကပင် ဆန်းစစ်သင့်လှပေသည်။ ဆင်းရဲ သောသူအများစုကို သတိထားကြည့်မိရာ ထိုသူများအား ချမ်းသာစေရန်အတွက် ငွေကြေးပေး ခြင်းသည် အရာမရောက်နိုင်ကြောင်း မြင်တွေ့နေရပါသည်။ အဘယ့်ကြောင့် ဆိုသော် ထိုသူ တို့သည် ရတနာများကို စုရမည့်အစား အမှိုက်များကိုသာ စုနေသောကြောင့်ဖြစ်ပေသည်။ ငွေကိုလိုသူသည် ငွေကိုစုသင့်သည်။ သို့မှသာ ငွေများလာမည်ဖြစ်ပေသည်။ ရွှေကိုလိုသူသည် ရွေကိုစုမှ ရွှေများလာမည်။ အမှိုက်ကိုလိုချင်သူဖြစ်ပါက အမှိုက်များကိုသာ စုပါလေ။ ချမ်းသာခြင်း သို့မဟုတ် ငွေကြေးပြည့်စုံခြင်းကို အလိုရှိသူသည် ဆင်းရဲသောအကြောင်း သို့မဟုတ် ငွေကြေးဖြုန်းတီးခြင်းအလုပ်တို့အား မလုပ်သင့်ပါ။ သုံးစွဲခြင်း နှင့် ဖြုန်းတီးခြင်းကို လည်း သိသင့်လှပေသည်။ STEEM Power အလိုရှိသောသူတို့သည် STEEM Power များစုရမည်ဖြစ်ပေသည်။ SP များပြားလာပါက SP များစုဝေးရောက်ရှိလာကြပါမည်။ ဆင်းရဲသောသူအများသည် ဆင်းရဲစေသော အကျင့်များကို ဖျောက်ဖျက်ပစ်ခြင်းမပြုပဲနှင့် ချမ်းသာခြင်းသို့မရောက်နိုင်ပါချေ။


03.png

Image from google


ယနေ့မျက်မှောက်ခေတ်ကာလတွင် ဆင်းရဲခြင်းအကြောင်းတရားကြောင့် ရာဇ၀တ်မှုများ တိုးပွားများပြားလာမည်ဟူသော အယူအဆရှိပါသည်။ ဆင်းရဲခြင်း၊ မွဲတေခြင်းသည် မကောင်းမှုဒုစရိုက်များအား ဖြစ်ပေါ်စေပါသည်။ ရာဇ၀တ်မှုများအား များပြားစွာဖြစ်လာစေ ပါသည်။ ဆင်းရဲမှု မွဲတေမှုများ အလွန်များပြားလာခြင်းကြောင့် ခိုးယူခြင်း၊ လုယက်ခြင်း၊ ဓားပြတိုက်ခြင်းဆိုသည့် ရာဇ၀တ်မှုများကို ဖြစ်ပေါ်လာစေကြောင်း ယနေ့ခေတ်ကာလတွင် အထင်အရှားမြင်တွေ့နိုင်ပေသည်။ ရာဇ၀တ်များ အလွန်များပြားလာခြင်းသည် လူတို့၏ မပြည့်စုံမှုမှပေါ်ပေါက်လာရခြင်းဖြစ်ရာ လူတို့၏ အကျင့်စာရိတ္တတို့သည် ယိုယွင်းပျက်စီးကုန် ကြသည်သာဖြစ်ပါသည်။ လူတို့၏ အကျင့်စာရိတ္တတို့ပျက်စီးခြင်းကပင် လူတို့၏ သက်တမ်းကို တိုတောင်းစေပါသည်။ အနှစ်တစ်ရာသက်တမ်းမှသည် အနှစ် ငါးဆယ်သက်တမ်းသို့ ရောက်လုနီးလေပြီ။ သက်တမ်းတိုလာသည်နှင့်အမျှ လူတို့၏ရုပ်ရည်များသည်လည်း ကြမ်းတမ်းလာမည်ဖြစ်ကြောင်း ဘာသာရေးစာများတွင်ဖတ်ရှုဖူးပါသည်။ မရှိလို့ခိုး၊ ခိုးလို့မရှိသံသရာမှလွတ်ကင်းနိုင်ကြရန်အတွက် မခိုးမှသာဖြစ်ပေမည်။ ဆင်းရဲခြင်းမှ လွတ်ရန်အတွက် ကောင်းမှုကုသိုလ်များအား တတ်နိုင်သမျှလုပ်ကြရန်သာရှိပါသည်။ မကောင်းမှု အကုသိုလ်များအား ဆက်လက်လုပ်ကိုင်နေခြင်းသည် ဆင်းရဲသံသရာကို ပိုမို လည်ပတ်စေကြောင်း သတိပြုနိုင်ကြပါစေ။ လူသားအားလုံးတို့သည် ဆင်းရဲတွင်းသံသရာမှ လွတ်မြောက်ကြပါစေရန် ဆုတောင်းရင်းဖြင့် ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

21-Feb-2018 ဗုဒ္ဓဟူးနေ့(Wednesday)