မထင်မှတ်တဲ့အလှူ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မနေ့က ဘိုးဘွားရိပ်သာမှာ အာဟာရအလှူအဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဘိုးဘွားများကို နေ့လည်စာ ကျွေးမွေးခြင်းနှင့် အလှူမှတ်တမ်းတစ်ခု ရခဲ့ပါတယ်။ ဘိုးဘွားရိပ်သာမှပြန်ပြီးချိန်တွင် သမီးဖြစ်သူမှ မျက်ကြည်လွှာ လှူလိုကြောင်းပြောလာခဲ့ပါတယ်။ လူငယ်တွေကို အဲဒီလိုနေရာမှာ ချီးကျူးမိပါတယ်ဗျာ။ လူကြီးတွေရဲ့ အယူအဆနဲ့မတူ၊ သူတို့စိတ်ကူးနဲ့ ပြုလုပ်တာတွေက တခါတရံမှာ လူကြီးတွေ မတွေးမိတဲ့အရာ တွေနဲ့ အသစ်အဆန်းလေးတွေဖြစ်လာတတ်ပါတယ်။ အခုလည်း ကျွန်တော်မစဉ်းစားမိတဲ့ မျက်ကြည်လွှာအလှူကို မွေးနေ့မှာ ပြုလုပ်လိုကြောင်း ပြောလာတော့ အံ့သြသွားသလို ဘယ်သွားလှူရမယ်မှန်း မသိဖြစ်သွားခဲ့ပါတယ်။ မန္တလေးမှာ သွားလှူမှ ရမယ်ဆိုတာတော့ သိနေတဲ့အတွက် မန္တလေးကို သွားဖို့ပြင်ဆင်ရပါတော့တယ်။ မျက်ကြည်လွှာကို ဘယ်လိုလှူရမယ်၊ ဘယ်မှာ လှူရမယ်ဆိုတာ ဘာမှကို မသိပါဘူး။ ဆေးရုံကြီးနဲ့တော့ ဆက်စပ်နေမယ်ပေါ့။ မန္တလေးဆေးရုံကြီးကို သွားပြီး မျက်ကြည်လွှာ လှူချင်လို့ ဘယ်ဌာန ဘယ်နေရာမှာ လှူရမလဲ မေးကြည့်တော့ ဆေးရုံကြီးမှာ လှူရမှာ မျက်စိ နား နှာခေါင်း လည်ချောင်း ဆေးရုံကြီးမှာ သွားလှူရမယ်။ ဒီမှာ လှူလို့မရဘူးပြောလို့ နေရာမှား လာမိပြီပေါ့။ ဒီတော့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးသွားလှူရပါတယ်။ ကျွန်တော်အနေနဲ့ သမီးရဲ့ မျက်ကြည်လွှာလှူဖို့အတွက် လိုက်ပို့ခဲ့တာသာဖြစ်ပါတယ်။ မျက်ကြည်လွှာကို ကောင်းတယ်မကောင်းဘူး ဘယ်လို ဆုံးဖြတ်ပြီး အလှူခံသလဲဆိုတာ မသိပါ။ မျက်စိ နား နှာခေါင်း လည်ချောင်း ဆေးရုံကြီးရောက်မှ ဘယ်မှာ လှူရတာလဲ မေးတော့ အမျိုးသား မျက်စိဘဏ်(International Eye Bank Of Mandalay)မှာ သွားလှူရမယ်တဲ့။ မျက်စိဆေးရုံကြီးရဲ့ ပထမထပ်မှာပါတဲ့။ မျက်စိဆေးရုံကြီးရဲ့ ပထမထပ်ကို လှေကားအတိုင်း တက်သွားလိုက်တာ လှေကားလည်း ကွေ့ရော ဆိုင်းဘုတ်ကြီးကို တန်းမြင်ရတာပါပဲ။
မျက်ကြည်လွှာ အလှူရှင်ဟာ အသက်(၁၈)နှစ်မပြည့်သေးရင်တော့ မိဘ သို့မဟုတ် အုပ်ထိန်းသူက လက်မှတ်ရေးထိုးလှူဒါန်းရပါတယ်။ မျက်ကြည်လွှာ အလှူရှင် သေဆုံးခဲ့တဲ့အချိန်မှာ ကျန်ရစ်သူမိသားစုက အချိန်မီ အကြောင်းကြားပေးရမှာဖြစ်ပါသတဲ့။ အချိန်မီဆိုတာက သေဆုံးပြီး (၄) နာရီအတွင်း အကြောင်းပေးရမှာပါ။ အဲဒီတော့မှာ မျက်ကြည်လွှာကို လူသေပြီးမှ ထုတ်ယူရတယ်ဆိုတာကို နားလည်မိပါတယ်။ မျက်ကြည်လွှာ ကောင်းမကောင်း၊ ဘယ်လိုအချက်အလက်တွေနဲ့ ကြည့်ပြီး အလှူခံတာလဲ လူတိုင်း လူတိုင်း လှူလို့ရသလား မျက်ကြည်လွှာ ကောင်း မကောင်း စစ်ဆေးပြီးမှ အလှူခံတာလား စတဲ့ စတဲ့ မေးခွန်းတွေကိုလည်း မေးကြည့်မိပါတယ်။ သိမှ မသိပေပဲကိုး။ မေးရပေမပေါ့။ မျက်ကြည်လွှာ လှူတယ် လှူတယ်သာ ကြားဖူးတာ တစ်ခါမှ မတွေးတောဘူး၊ မလေ့လာခဲ့ဘူးလေ။ အခုမှ သမီးတော်ကောင်းမှုနဲ့ မျက်ကြည်လွှာအလှူအကြောင်း သိသင့်တာလေးတွေ မေးကြည့်ရတာပေါ့။ ဒီတော့ စာရေးမလေးက ပြုံးပြီးကြည့်နေသဗျ။ တုံးလိုက်တဲ့သူ အလိုက်တဲ့သူလို့များထင်ပြီး ပြုံးနေလေသလားထင်မိပါဗျာ။ ဘယ်ဟုတ်မလဲ အဲဒါတွေအကုန်လုံးအတွက် လက်ကမ်းစာစောင်လေးတွေ လှမ်း ပေးလိုက်တာကိုး။ ဆက်ရှင်းမပြတော့ပါဘူး။ အဲဒီလက်ကမ်းစာစောင်ကိုပဲ ဓာတ်ပုံရိုက်တင်ပေးလိုက်ပါတယ်။
မျက်ကြည်လွှာကောင်း မကောင်း စစ်ပြီးမှ လှူရတာမဟုတ်ပဲ လှူချင်စိတ်ရှိတဲ့ လူတွေအကုန်လုံး လာလှူလို့ရ ပါတယ်။ ကောင်း မကောင်းဆိုတာကတော့ မျက်ကြည်လွှာထုတ်ယူပြီး ထပ်မံစမ်းသပ်ပြီးမှ သုံးလို့ ရ မရ သိကြရတာပါတဲ့ဗျာ။ သုံးမရရင်တော့ ငွေကြေးနဲ့ လုပ်အား ဆုံးရှုံးမှုတွေတော့ ဖြစ်သွားပါတတ်တယ်။ ဒါက မျက်ကြည်လွှာလှူတယ်လို့ဆိုပေမယ့် တကယ်တမ်းကတော့ မျက်ကြည်လွှာ လှူချင်ပါတယ်ဆိုပြီး အဆိုပြုလွှာတင်ထားခဲ့တဲ့သဘောပါပဲ။ အဆိုပြုလွှာတင်ထားသူ ကွယ်လွန်ပြီးချိန်မှာ အထက်ကပြောသလို ကျန်ရစ်တဲ့မိသားစုများက အချိန်မီ အကြောင်းကြားပေးပါမှ အလှူရှင်ဖြစ်နိုင်ပါမယ်။ အကြောင်းအမျိုးမျိုးကြောင့် အကြောင်းမကြားခဲ့တဲ့သူတွေလည်း ရှိကြတယ်လို့ဆိုပါတယ်။ ကျွန်တော်လည်း သမီးတော်ရဲ့ မျက်ကြည်လွှာ လှူဒါန်းမှု၊ အဲဒီလှူဒါန်းမှုက သေဆုံးသွားပြီဖြစ်တဲ့ ကိုယ်ခန္ဓာထဲက မပျက်မစီးထုတ်ယူခြင်းဖြစ်ပြီး အလကားသက်သက် မြေမြုတ်ပစ် မီးရှို့ပစ်လိုက်တာထက် အခြားသူတစ်ယောက်အတွက် မျက်လုံးအလင်းလေး ပြန်ရသွားတယ်ဆို ကုသိုလ်တစ်ခု မြောက်သွားမှာ ဖြစ်တာကို သဘောပေါက်သွားခဲ့ပါ တယ်။ ဒါကတော့ သမီးတော်ရဲ့ ကျေးဇူးပါပဲ။ ကျွန်တော့်ချစ်ဇနီးကလည်း သမီးတော်နဲ့အတူ မဆိုင်းမတွ မျက်ကြည်လွှာ ချက်ချင်းလှူပါတယ်။ တွေဝေနေတာကတော့ ကျွန်တော်ပေါ့နော်။ ကိုယ့်မျက်ကြည်လွှာကို အခြားသူတစ်ယောက်က အသုံးတည့်ပါ့မလားဆိုပြီးတွေဝေနေတာပါ။ သမီးရော ဇနီးပါ လှူဒါန်းနေပြီဆိုတော့ကာ ကျွန်တော်လည်း သမီးတော် နဲ့ ချစ်ဇနီးကို အားကျပြီး ကျွန်တော်ရဲ့ မျက်ကြည်လွှာကို အသုံးပြုနိုင်ပါရန်အတွက် ရောယောင် အဆိုပြုလွှာတင်ထားခဲ့ပါတယ်ဗျာ။ ကျန်တာကတော့ ကျွန်တော်သေဆုံးပြီး ကျန်ရစ်သူများရဲ့အလုပ်သာဖြစ်ပါတယ်။ မန္တလေးမြို့ကြီး နဲ့ ရန်ကုန်မြို့ကြီး အနီးအနား လောက်ကိုသာ မျက်ကြည်လွှာ လှူဒါန်းနိုင်ခြင်းဖြစ်ပါတယ်။ သေဆုံးသွားပြီဖြစ်တဲ့ လူ့ခန္ဓာကိုယ်ထဲ့က အရာတစ်ခုက အခြားလူတစ်ယောက်အတွက် အကျိုးရှိသွားတယ်ဆိုရင် ဈေးထဲမှာရောင်းနေတဲ့ တိရစ္ဆာန်အသားတွေထက် ပိုမိုအသုံးကျမှာဖြစ်ပါကြောင်း၊ ရန်ကုန် မန္တလေးမြို့ကြီး အနီးအနားမှာ နေထိုင်ကြပါကုန်သော ချစ်မိတ်ဆွေအပေါင်းလည်း မျက်ကြည်လွှာ လှူဒါန်းကြောင်း အဆိုပြုလွှာလေးများ တင်သွင်းထားသင့်ပါကြောင်းအကြံပြုရင်း ကျွန်တော်တို့မိသားစုလေးရဲ့ မျက်ကြည်လွှာ အလှူလေးအကြောင်း မျှဝေရေးသားရင်း ရပ်နားလိုက်ပါတယ်ဗျာ။
Success in Steemit
အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
9-Aug-2018 ကြာသပတေးနေ့(Thursday)