မိုးရာသီ သတိ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


“ယောင်ခြောက်ဆယ် ကွှီးရွှေ” ဆိုကာ “မိုးသည်းညလွမ်းတေးတစ်ပုဒ်” အော်ဆိုနေသူ၊ မိုးရာသီတွင် ယောင်လည်လည်ဖြစ်ကာ “မသိခဲ့တဲ့အရာတစ်ခု” ကို အရူးတစ်ယောက်လို “ခံစားချက်လေး ပေးကြပါ” ဆိုကာ တောင်းခံနေရှာသူ “ရောင်ခြယ်နှင့်အလုပ်ရှင်များ” အား "Birthday အလွဲအမှတ်တရ" တင်ပြီး “ဆင်ခြင်နိုင်ပါစေ” ဟု သတိပေးနေသူ “Fighting” အော်ပြီး “အဖေတို့ဌာနေ ပုဂံမြေ” အားလွမ်းနေသူ၊ “အလွမ်း” တွေက “တံလျှပ်” ထကာ အပူအအေးတစ်လှည့်စီ ခံစားရင်း “နှလုံးသားတစ်နေ့တာ” ကိုမှတ်တမ်းတင် “8 Ball Verification Post” နောက်ဆုံးရေးခြင်းဖြင့် “ကဗျာဆရာ သေဆုံးခြင်း” နဲ့ အဆုံးသတ်ခဲ့တယ်လေ။


01.png


မိုးလေးကတဖွဲဖွဲကျနေတော့ လွမ်းသူတွေလွမ်းကာ ဆွေးသူများဆွေးနေကြလေပြီ။ ထိုကဲ့သို့ မိုးရာသီ မိုးလေးတဖွဲဖွဲသည် လွမ်းဆွေးခြင်း ဝေဒနာများကို ဆွပေးနေတတ်ပါသလောမသိ။ အနာဟောင်းကို တုတ်နှင့်ဆွသလို ဖြစ်နေသည်လားတော့မသိ။ အနာဟောင်းမရှိသူများကလည်း မရှိသေးတဲ့အနာကို အပ်နဲ့ဆွနေကြလေ၏။ ရာသီဥတုက ကိုယ့်ဖက်ပါနေပြီဆိုကာ ဘီယာဆိုင်အပြေးအလွှား သွားထိုင်နေကြသူများလည်း ရှိနေပေ၏။ အကြောင်းပြချက် အမျိုးမျိုးတို့ဖြင့် ကိုယ်လုပ်ချင်ရာ လုပ်နေကြကာ မိုးဖွဲလေးများအား ကြားခံပြုနေကြလေကုန်၏။ ဒီမှာတော့ လွမ်းဖို့ ဆွေးဖို့ ဘီယာဆိုင်ထိုင်ဖို့ နေနေသာသာ မိုးရွာရင် ရေစီးလွန်းပြီး မြောင်းတွေရေလျှံတတ်တော့ ပေါက်ပြားကိုင် တူရွှင်းကိုင် ဓားကိုင်ပြီး မိုးရေထဲထွက် မြောင်းဖော်ဖို့လုပ်နေရတာနဲ့ အအေးပတ် မသေသေးတာတောင် အင်မတန်ကံကောင်းလှပါပြီ။ မြောင်းဖော်ပြီးတော့ ရေအလျင်အမြန်ချိုး အအေးပတ်မှာလည်းစိုးရသေးသကိုး။ မိုးဦးလေဦး မှာ မိုးရေအတော်များများကျလေတော့ ခြုံနွယ် များကလည်း စိမ်းစိမ်းစိုစိုနဲ့ ရှင်သန်ချက်ကကောင်းပြီး ၀ီ ၀ီ မည်ကာ အိမ်ထဲမှာတော့ ခြင်အကောင် ပေါင်းစုံ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေလေတော့သည်။ သောင်းကျန်းနေပေမပေါ့။ မိုးရေ တင်နေတဲ့ အိုး ခွက်တွေကို မသွန်ဖြစ်၊ ခြုံနွယ်တွေကို မရှင်းဖြစ်လေတော့ ခြင်အကောင်သိန်းချီ ပေါက်ပွားနေတာ Export များလုပ်လို့ရရင် နေ့ချင်းသန်းကြွယ်သူဌေးဖြစ်လောက်ပါ ပေရဲ့ဗျာ။


02.png


မိုးရာသီရောက်လာပြီဆိုမှဖြင့် အဲဒီ တ၀ီဝီ မြည်သံပေးပြီး လူတွေကို ကျန်းမာရေးဒုက္ခရောက်အောင် လုပ်နေတတ်တဲ့ ခြင်ကောင်တွေရဲ့ အန္တရာယ်ကို ကြိုတင်နှိမ်နင်းနိုင်မှ တော်ကာကျမည်ထင်ပါတယ်။ ကြိုတင်နှိမ်နင်းနိုင်ခြင်းမရှိရင်တော့ ခြင်ကောင်အဖြစ်ပေါက်ပွားလာပြီဆို ခြင်တစ်ကောင်ကို သတ်ဖို့ တောင်မလွယ်ကူတာ အကောင်ရေပေါင်းများစွာ ဘယ်လိုများသတ်ရပါ့မလဲ။ ညမှာ ဖြစ်စေ နေ့ဖက်မှာ ဖြစ်စေ အလင်းရောင်အ၀င်နဲတဲ့ အိမ်တွေ ပြတင်းပေါက်ဖွင့်တာနဲတဲ့အိမ်တွေ တနည်းအားဖြင့် အမှောင်ထုများနေတဲ့အိမ်တွေမှာ ဆို တဖောင်းဖောင်းနဲ့ လျှပ်စစ် ဘက်တံလေးတွေနဲ့ အသံကို ညံနေတာပါပဲ။ အဲဒီအသံတွေကြားရတာလည်း နားဝင်အတော်ဆိုးသဗျ။ ဒီလိုခြင်ကောင်တွေကို အလွယ်သတ်နိုင်တာ တနည်းအားဖြင့် ခြင်မပေါက်ပွားနိုင်အောင် ကာကွယ်ထားခြင်းက အကောင်းဆုံး ဖြစ်လိမ့်မယ်။ ခြင်မဖြစ်ခင်မှာ နှိမ်နင်းတာက ခြင်အကောင်ရေပေါင်းများစွာ မဖြစ်ပေါ်အောင် ကာကွယ် နိုင်လိုက်တာပါ။ ရပ်နေလို့လည်း မရ။ ထိုင်နေလို့လည်းမဖြစ်။ ဘယ်လိုနေနေ ကိုက်ခံနေရတဲ့ခြင် ကောင်တွေရဲ့ အန္တရာယ်က ကလေးသူငယ်လေးတွေက အန္တရာယ်အများဆုံးပါ။ ဒီတော့ ကလေးသူငယ်ရှိတဲ့သူများ မိုးရာသီကာလမှာ အထူးဂရုစိုက်ပြီး ခြင်ကာကွယ်ရေးလုပ်ထားသင့် ကြောင်းပါ။ ခြင်ကောင်အဖြစ် မရောက်မီ ပိုးလောက်လန်း ဘ၀မှာ အကောင်ရေပေါင်းများစွာကို သတ်ပစ်ရန် လွယ်ကူလှပါတယ်။ ခြင်ကောင်ဘ၀ရောက်သွားရင်တော့ တစ်ကောင်ပင် သတ်ရန်မလွယ်ကူကြောင်း လူတိုင်းသိပါတယ်။ ဒီနော့ လောက်လန်းကနေ ခြင်အဖြစ်မရောက်အောင် ရေခွက်လေး၊ ရေအိုးလေး၊ ကားတာယာအစုတ်ထဲကရေလေးတွေကို သွန်ပစ်လိုက်ခြင်းဖြင့် ခြင်ပေါက်ပွားမှုကို ပိုမိုဟန့်တားထားနိုင်ပါမယ်။ ဒါက မိုးရာသီမှာ အမြဲတမ်းလိုလိုဖြစ်တတ်တဲ့ ခြင်အန္တရာယ်တစ်ခုပါ။ ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းမွန်ပါတယ်။


03.png


နောက်တစ်ခုက မိုးရာသီမှာ ၀မ်းလျော ၀မ်းပျက်ဖြစ်တတ်ကြပါတယ်။ ဘာလို့အဲဒီလို ၀မ်းလျော ၀မ်းပျက်ဖြစ်ကြသလဲဆိုတာကို စဉ်းစားကြည့်မိတော့ သောက်ရေတွေ မသန့်လို့ဆိုပြီးထင်စရာမြင်စရာ ရှိလာပါတယ်။ ဒါပေမယ့် အချို့သောရွာတွေမှာဆိုရင် ကန်ရေကို တစ်နှစ်ပတ်လုံး သောက်သုံးနေကြတာ တွေ့ရပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင်တော့ မသန့်ရှင်းသော ရေလို့ ပြောရမှာဖြစ်ပါတယ်။ အစဉ်အဆက် သောက်သုံးလာကြတဲ့ ကန်ရေတွေက ဘယ့်နှယ့်ချက်ခြင်းကြီး မသန့်ရှင်းတဲ့ ရေတွေဖြစ်သွားရတာလဲလို့ မေးစရာဖြစ်လာမယ်ထင်ပါတယ်။ ဒီတော့ ရေကို ၀မ်းလျော ၀မ်းပျက် အရမ်းမဖြစ်စေနိုင်တာကို တွေ့မိပါတယ်။ အဓိက ၀မ်းလျောတာ ၀မ်းပျက်တာတွေက ၀မ်းနူးစာတွေ၊ ယင်နားစာတွေကို အများအပြား စားသောက်မိလို့ဖြစ်တတ်ကြတာကို တွေးမိပါတယ်။ ခုလို မိုးရာသီမှာဆို ၀မ်းနူးလွယ်တဲ့ သရက်သီး တွေကလည်း ပေါမှပေါကိုး။ ယင်ကောင်တွေရဲ့ ပေါက်ဖွားနှုန်းကလည်း ကြောက်စရာကောင်းလှ ပါတယ်။ ဒီတော့ ဟိုနေရာလည်း ယင်ကောင်၊ ဒီနေရာမှာလည်း ယင်ကောင် နေရာအနှံ့ ယင်ကောင် တွေ မြင်နေကြရမှာပါ။ ဒီတော့ အစားအသောက်တွေကို ယင်မနားအောင်လည်း ဂရုစိုက်ကြရမှာ ဖြစ်သလို ၀မ်းနူးစာများကိုလည်း အလွန်အမင်းစားသောက်ခြင်းကို ရှောင်ကြဉ်သင့်တယ်လို့မြင်ပါတယ်။


04.png


နောက်တစ်ခုကတော့ ကားမောင်းနေသူများ၊ ကိုယ်ပိုင်ကားဖြင့်ခရီးသွားလာနေရသူများ သတိပြုစရာ တစ်ခုရှိနေပါတယ်။ သတိထားခြင်းက ကာကွယ်ခြင်းတစ်ခုပဲဖြစ်ပါမယ်။ မိုးတွေရွာ လေတွေတိုက်လို့ သစ်ပင်တွေလဲ လေအရှိန် မိုးအစိုနဲ့ လဲပြိုနိုင်ကြောင်း အမြဲသတိပြု မောင်းနှင်နိုင်ရန် လိုပါမယ်။ နေ့စဉ် မိုးရက်ဆက်ရွာမယ်ဆို ဖို့ထားတဲ့ မြေသားများပျော့နေလို့ ယာဉ်အလေးချိန်ကို ခံနိုင်ရည်ရှိမရှိ မောင်းနှင်ရင်း သတိပြုသင့်ပါတယ်။ လမ်းပခုံးကျော်အောင် ယာဉ်ကိုချပေးမယ်ဆိုရင် ပိုသတိထား သင့်ပါတယ်။ မြေကျွံပီး ယာဉ်အန္တရယ်ဖြစ်စေနိုင်ကြောင်း သတိအမြဲရှိနိုင်ပါစေ။ အမြန်လမ်းလို လမ်းတွေမှာ ရေတင်နေရင်လည်း အလွန်အန္တရာယ်ဖြစ်နိုင်ပါတယ်။ အရှိန်များများ(ကီလို 100 အထက်) မိုးရွာထဲမှာ မောင်းနေမယ်ဆို ပိုပြီးအန္တရာယ်နဲ့ နီးပါတယ်။ လမ်းပေါ်တင်နေတဲ့ ရေများရှိရင် ကားတွေက ရေလွှာလျောစီးတတ်တယ်လို့ဆိုကြပါတယ်။ ဘယ်လိုများ ရေလွှာလျောစီးတာလဲလို့ မေးချင်ကြပါ။ ရေလွှာလျောစီးတယ်ဆိုတာ ကားဘီးက မြေကြီးနဲ့မထိတော့ပဲ ရေနဲ့ပဲထိပြီး ဘရိတ်အုပ် မရ၊ လက်ကိုင်လှည့်မရဖြစ်သွားတတ်တာကို ဆိုလိုတာပါ။ ဘရိတ်အုပ်မရတော့ ရပ်လို့လည်းမရ၊ လက်ကိုင်လှည့်မရတော့ လိုရာမရောက်တော့ဘူးပေါ့။ အဲဒီလိုဖြစ်တဲ့အချိန်က စက္ကန့်ပိုင်းလောက်ပဲ ဖြစ်တတ်တယ်လို့ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီစက္ကန့်ပိုင်းက လူတွေကို မရဏမင်းဆီကို ခေါ်သွား နိုင်တာကို သတိပြုဆင်ခြင်စေချင်ပါတယ်။ မျက်စိတမှတ် လျှပ်တစ်ပြက်တဲ့။ မျက်စိတစ်မှိတ်အတွင်း လျှပ်ပြက်လိုက်တဲ့အချိန်အတွင်းမှာ ဘ၀ခြားသွားတတ်တယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒါကလည်း မိုးတွင်းရောက်လာပြီ မိုးရာသီဝင်လာပြီဆို အန္တရာယ်ဖြစ်တတ်တဲ့အရာလေးတွေဖြစ်လို့ သတိပြု ဆင်ခြင်နိုင်စေချင်လို့ပါဗျာ။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

19-May-2018 စနေနေ့(Saturday)