နာမည်ဒဏ်ရာမရပါစေနဲ့ (Don't Hurt The Brand)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,

မင်္ဂလာပါလို့သာ နှုတ်ဆက်ရတယ် အခုရေးတဲ့ Post ကတော့ အချို့သော သူများအတွက် မင်္ဂလာဖြစ်ချင်မှ ဖြစ်ပေမည်။ နားလည်ခွင့်လွှတ် နိုင်ကြပါစေ။

Steemit တွင် မြန်မာလူငယ်များအများအပြား ၀င်ရောက်လုပ်ကိုင်သည်ကိုတွေ့မြင်ရပါသည်။ အလွန်ပင်ဝမ်းမြောက် ၀မ်းသာဖြစ်မိပါသည်။ တချို့က မိမိကိုယ်တိုင် ကြိုးစား ပမ်းစား ကိုယ်တိုင်ရေး Post ရေးသားသူများကို လည်း တွေ့မြင်လာရပြီဖြစ်ပါသည်။ ကောင်းမွန်သောအရေးအသားများ အဖြစ်သို့မရောက်ရှိမလာကြသေးသော်လည်း နောက်များမကြာမီကာလတွင် မိမိတို့ ကိုယ်ပိုင် Post များ ကောင်းမွန်စွာ ရေးသားလာနိုင်မည်ဖြစ်ပေသည်။ သို့သော် ကိုယ်တိုင်ရေး Post ဟုနာမည်တပ်ပြီး အခြားသူများ၏ စာများအား ကူးယူပြီး ကိုယ်ပိုင်လုပ်နေသော လူအများအပြားကိုလည်း ရှက်ဖွယ်ရာတွေ့မြင်နေရပါသည်။ မြန်မာဆိုသော တံဆိပ်တပ်ကာ မြန်မာကို နာမည်ဖျက်နေကြသော သူများလည်း အလုံးအရင်း ၀င်ရောက်လာကြပေသည်။ ပိုက်ဆံရတာတစ်ခုတည်းသာကြည့်ပီး အလွယ်လမ်းကို လိုက်နေကြသည်မှာ အလွန်တရာ ရှက်စရာကောင်းသော အလေ့တစ်ခုလိုဖြစ်နေသည်မှာလည်း ကာလ အင်မတန်ကြာရှည်ခဲ့ပြီထင်ပါသည်။ အဘယ့်ကြောင့် စဉ်းစာတွေးခေါ်တတ်သော လူသည် ငွေနှင့်တွေ့လျှင် သူခိုး ဂျပိုး အမည်တပ်ခံကြပါသနည်း။

ပိုက်ဆံဆိုသော စက္ကူချပ်ကလေးများသည် အသင်တို့သေသွားလျှင် သင်တို့နှင့် အတူတကွလိုက်ပါနေမည်လား။ ကျန်ရစ်ခဲ့မည်သာဖြစ်ပါသည်။ ထိုသို့ကျန်ရစ်ခဲ့သော အထုပ်ကိုမည်သူက အသုံးပြုမှာလဲလို့ စဉ်းစားကြည့်စေချင်ပါသည်။ အသက်ငယ်ပါသေးသည် မသေနိုင်သေးဟုရောထင်ပါသလား။ သေခြင်းတရားသည် ယနေ့ မွေး ယနေ့သေနေကြတာတွေကိုလည်း မိတ်ဆွေများ ကြားမိ မြင်မိကြမည်ထင်ပါသည်။ စဉ်းစားပါချစ်မိတ်ဆွေ။ သင်သေဆုံးသွားပြီးလျှင် အသက်ရှင် ကျန်ရစ်သောလူများက ကျန်ရစ်သောအထုပ်ကို ပျော်ပျော်ရွှင်ရွှင် ဝေငှစားသောက်ကြမည်မှာလည်း အသေအချာပင်ဖြစ်ပေသည်။ စဉ်းစားလျှင် သိနိုင်ပေသည်။ ငါးဖမ်းသော တံငါများသည် မိမိတို့ကိုယ်တိုင်မှ အကုသိုလ်အဖြစ်ခံကာ မိသားစုကို ရှာဖွေကျွေးမွေးပေသည်။ သို့သော် ၀ိုင်းဝန်းစားသောက်ကြသော မိသားစုများကအကုသိုလ်အတွက် ခံရမည်မဟုတ်။ ခံစရာရှိလျှင်တော့ ငါးဖမ်းသူတစ်ဦးသာလျှင် ခံရပေမည်။ စဉ်းစားသင့်ပေသည်။ ကျွန်တော်သည်လည်း ချမ်းသာသော လူချမ်းသာတစ်ဦးမဟုတ်ပါ။ ကျွန်တော်လည်း ပိုက်ဆံလိုချင်လို့ Steemit မှာ ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်ကိုလည်း မငြင်းနိုင်ပါ။ သို့သော် ပိုက်ဆံ ရဘို့ တစ်ခုတည်းသာ ကြည့်ပီးတော့ Copy Post မတင်တော့ပါ။ မိမိတတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပါသည်။ ကျွန်တ်ာသည် စာရေးဆရာမဟုတ်သလို အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စွာအသုံးမပြုနိုင်ပါချေ။ ကြိုးစား သင်ယူ လေ့လာ နေဆဲ ဖြစ်ပါသည်။ ဒီလိုစားအများကြီးကိုလည်း ရေးချင်သူမဟုတ်ပါ။

သူခိုးလုပ်ပြီး မိသားစုကိုကျွေးသော သူခိုးများ ၊ ဓားပြတိုက်ကာ မိသားစုကျွေးသော ဓားပြများ ၊ သူတစ်ပါး မျက်ရည်ပေါက် ကြီးငယ်ကျမှ ထမင်းစားရသော အလုပ်အကိုင်လုပ်ကိုင်ပြီး မိသားစုကို ထမင်းကျွေးနေသူများ သတိထားအပ်လှပေသည်။ ငရဲသို့သွားလျှင် မည်သူမျှ ငရဲသို့ အတူုလိုက်မည်သူ ရှိမည်မထင်။ ငရဲကို ဘာသာတိုင်းတွင်ဖော်ပြထားသလို နတ်ပြည်နှင့်ပတ်သက်လို့လည်း ဖော်ပြထားကြတာတွေ ရှိပါတယ်။

hell copy.png

နတ်ပြည်သို့ တက်မည်ဆိုပါလျှင်တော့ လိုက်ချင်သောသူများပေလိမ့်မည်။ ဟုတ်မဟုတ် မှန်မမှန် ဆုံးဖြတ်ရန်က မိတ်ဆွေများရဲ့ သဘောပါ။ ငရဲ နှင့် နတ်ပြည် မယုံသူများလည်းရှိနိုင်ပါသည်။ မိတ်ဆွေများ သဘောပါ။ နံရံကို လက်သီး နှင့် ထိုးကြည့်ပါ။ ထိုးသောသူရဲ့ အားပြင်းရင် ပြင်းသလောက် ထိုးသောလက်မှာ ထိခိုက်တာခံရမှာ ကိုတော့ လက်တွေ့စမ်းကြည့်နိုင်ပါတယ်။ ဟုတ်မဟုတ် မှန်မမှန် စမ်းချင်သူများ စမ်းကြည့်ကြပါ။

which way copy.png

သင်ပြုသောကံ ပဲ့တင်သံ မလွဲသင့်ထံ ပြန်လာမည်


မည်သို့ပင် မည်မျှပင် ချစ်ခင်သည်ဆိုသော်ငြား အတူတကွ ငရဲသို့လိုက်ကြမည့်သူ ရှိမည်မဟုတ်လို့ထင်ပါတယ်ဗျာ။ အဲ တချို့တလေ ရှိတော့ ရှိပါလိမ့်မယ် ဒါပေမယ့် အလွန့်အလွန် ရှားပါလိမ့်မယ်။

ကျွန်တော်တို့သည်မြန်မာကို နိုင်ငံအရပ်ရပ်မှ လူမျိုးစုံတို့မှ သိမြင်လာနိုင်ကြပါစေရန် Steemit Myanmar တွင် တစ်တပ် တစ်အား ဆောင်ရွက်နေကြသူများဖြစ်ကြပေသည်။ ထိုသို့ ဆောင်ရွက်ကြသူများ မည်သူမျှ ဒေါ်လာလည်းမရကြပါ။ ဖုန်းဘေဘိုးကုန်ခြင်းသာအဖတ်တင်သည့်အပ်ြင် ထိုသူများသည် သူခိုးဖမ်းနေကြရသဖြင့် သူခိုးများက အမြင်ကတ်မုန်းတီးကြခြင်းကို ခံကြရပေသေးသည်။ သူတို့ အလုပ်များကိုလည်း ဖြောင့်တန်းစွာမလုပ်ကိုင်နိုင်ကြပေ။ သူများတွေလို Promotion Post များကိုလည်း အလျင်မီအောင်တင်နိုင်ခြင်းမရှိကြပေ။ သူတို့က ဘာအတွက် ထိုကဲ့သို့သော လုပ်ရပ်များကို လက်ခံလုပ်ကိုင်နေသည်လို့ မိတ်ဆွေတို့ထင်ပါသနည်း။ သင်တို့ ဒေါ်လာရရန် Post များတင်နေချိန်တွင် သူတို့ရဲ့ Post ဆိုတာ ဘယ်နားနေမှန်းမသိသူတွေအများကြီး ရှိနေပါသည်။ လူမှုရေး စီးပွားရေး ဘာမှမကောင်းသော၊ လူမုန်းခံရသော ထိုအလုပ်ကို အခြားသူများ ဒေါ်လာရဖို့အရေး ဆောင်ရွက်ပေးနေကြသည်ကို မိတ်ဆွေများ စဉ်းစားပေးဘူးပါသလား။ သင်တို့ လင့်ကလေး တစ်ချက် comment မှာ ကောင်းမွန်စွာ မန့်နိုင်ဖို့အရေး အမျိုးမျိုး အဆင်ပြေအောင်ဆောင်ရွက်ပေးနေသူများအား မြင်အောင်ကြည့်စေချင်ပါသည်။ ယခုအခါတွင် Myanmar Steemit Community မှ Copy ကူးယူခြင်းများအားလည်း သတိပေးနေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။ သူခိုး တံဆိပ် အကပ်မခံစေချင်ပါ။ စေတနာဖြင့် သတိပေးခြင်းပါ။

target.png

မိမိတို့ Post များသည် တင်ပြီးလျှင် ပြန်ဖျက်လို့မရပါ။ အထူးသတိထားပြီး Post များကိုတင်ကြရန်လည်း အကြံပေးအပ်ပါသည်။ ၇ ရက်ပြည့်ပြီးလျှင် လုံးဝ (လုံးဝ) ပြန်ပြင်ခြင်း(Edit) လုပ်လို့မရတော့ပါ။ မိမိမကြိုက်လို့ပြင်လိုလျှင် ၇ ရက်မပြည့်မီ ပြင်ကြပါရန်လည်း ထပ်မံ သတိပေးလိုက်ပါသည်။ မကြာသေးခင်ကလည်း Post တစ်ခုတင်ရေးသားခဲ့ပါသည်။ မဖတ်ရသေးသူများ ဖတ်လိုပါက https://steemit.com/myanmar/@ansoe/luthsundefinedatyk-a-kundefinedpundefinedk-advices-for-myanmar-steemit-newbies မှာ သွားရောက်ဖတ်ရှုနိုင်ပါသည်။

myanmar steemit community.png

Copy ကူးယူခြင်းအလုပ် နှင့် Paste ပြန်ချခြင်းအလုပ်ကို အခြားသောသူများ မလုပ်နိုင်ဘူးလို့များ မိတ်ဆွေတို့ထင်နေပါသလား။ ဘာလို့အပင်ပန်းခံပြီး ကိုယ်တိုင်ရေးနေမလဲ။ အဲလို copy ကူး paste လုပ်ပြီး ဒေါ်လာရနေမည်ဆိုလျှင် လူတိုင်း အလွယ်တကူအောင်မြင်နေကြမည်ဖြစ်ပါသည်။ လွန်ခဲ့သောနှ်စ်များက ကျွန်တော်တို့သည် Steemit ဆိုတာကို ၀င်ရောက် လုပ်ကိုင်ရန်မဆိုထားနှင့် ကြားတောင်မကြားဘူးခဲ့ပါ။ ကြားဘူးပြီး သိသောသူများကလည်း ကိုယ်တစ်ယောက်တည်းသာ သိပြီး ကိုယ်တစ်ယောက်တည်းသာ လုပ်ကိုင်နေသူများသာဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ Myanmar Steemit Community ဖြစ်ပေါ်လာရတာကတော့ ကိုဟင်နရီအောင် @kachinhenry(စင်္ကာပူ) ရဲ့ ချပြ လမ်းညွှန်မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သလို Steemit ဆိုသော Platform ကို ကြားမြင် သိဘူးလာကြပြီး ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါသည်။ အခုအချိန် အခုလို မိတ်ဆွေများ Promotion တွေရရှိနေခြင်းမှာလည်း ကိုဟင်နရီအောင် @kachinhenry ရဲ့ကြိုးပမ်းပေးမှုကြောင့်သာဖြစ်ပါတယ်။ အခုလို မြန်မာစာဖြင့် အလွယ်တကူ Post တင်နေနိုင်ခြင်းမှာလည်း ကိုဟင်နရီအောင် @kachinhenry ရဲ့ကြိုးပမ်းပေးမှုကြောင့်ပဲဖြစ်ပါတယ်။ မြန်မာဆိုသော အသိုင်းအ၀ိုင်းလေးကို အခြားသော နိုင်ငံများမှ သိရှိကူညီလာနေ ကြပြီဖြစ်ပါတယ်။ ဒါကလည်း ကိုဟင်နရီအောင် ရဲ့ ဆောင်ရွက်ချက်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ မည်သူတစ်ဦးတစ်ယောက်ကမှ ကူညီ နေခြင်းမဟုတ်ပါ။ ကျွန်တော်တို့လည်း နိုင်ငံတကာသို့အလှမ်းမမီပါ။ နိုင်ငံတကာသို့အလှမ်းမီသောသူများ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကူညီသောသူများတော့ ယခုအချိန်ထိ ပေါ်ပေါက်လာခြင်းမရှိသေးပါ။ https://steemit.com/myanmar/@ansoe/kundefinedythmundefinedng-kundefinedyeya-kyamwapa-write-your-own-history တွင် ၀င်ရောက် ဖတ်ရှု့နိုင်ပါသည်။

ကိုဟင်နရီအောင် @kachinhenry ကို ကျွန်တော်တို့ Myanmar Steemit Community အဖွဲ့သားအားလုံးမှ တညီတညွတ်တည်း Leader အဖြစ်ထားရှိခဲ့ကြခြင်းဖြစ်ပါသည်။ သူကိုယ်တိုင်က Leader လုပ်ရန် ငြင်းဆန်နေသူဖြစ်ပါသည်။ မြန်မာများအားလည်း Steemit Platform တွင် အောင်မြင်မှု ရရှိစေရန် လက်တွဲခေါ်ဆောင်လျှက်ရှိသော ခေါင်းဆောင် အရည်အချင်းများနှင့်ပြည့်စုံသော သူတစ်ဦးဖြစ်ပါသည်။ ခေါင်းဆောင်ကောင်းတစ်ဦးလည်းဖြစ်ပါသည်။ ထိုကဲ့သို့ မြန်မာအတွက် စေတနာဖြင့် လက်တွဲ ကူညီနေသော ကိုဟင်နရီအောင် @kachinhenry ၏ စေတနာကို အသိအမှတ်ပြုသောအားဖြင့် Myanmar Steemit Community အဖွဲ့သားများက မည်သူမှ Copy Post ကို ရိုက်တင်ခိုင်းလျှင်တောင် တင်မည့်သူ မရှိတော့ပါ။

(ကိုဟင်နရီအောင် @kachinhenry ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ယခု Post ဖြင့်ထပ်မံရေးသားလိုက်ပါသည်။ ယခင် တစ်လပြည့်စဉ်ကလည်း ရေးသားခဲ့ဖူးပါသည်။ Steemit မှာ တစ်လတာ ဆောင်းပါး https://steemit.com/myanmar/@ansoe/steemit-mwa-tslta-a-month-peroid-in-steemit တွင် လည်း ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။)

သို့သော် အချို့ မသိသေးသော အဖွဲ့ဝင်အသစ်များသည် Facebook ကဲ့သို့ မှတ်ယူကာ Copy Post များတင်နေကြသည်ကို တွေ့နေရပါသည်။ ထိုအခါ Myanmar Steemit အဖွဲ့သားများ မှ ထို Copy Post များအား Promotion တွင်မပါရှိစေရန် ၀ိုင်းဝန်းကြိုးပမ်းကြရပါသည်။ တချို့သော စာများသည် စာအုပ်များမှ Copy ကူးထားသော စာများမှန်းသိသော်လည်း သက်သေပြစရာမရှိသဖြင့် ဒီအတိုင်းလွှတ်ပေးလိုက်ကြရပါသည်။ လက်ဆုတ်လက်ကိုင်မပြနိုင်သော်လည်း ရေးသားသူများကိုယ်တိုင် သိရှိပါလိမ့်မည်။ မိမိသည် မူပိုင်မဟုတ်ဘဲ သူတစ်ပါးပစ္စည်းအား ခိုးယူထားပြီး ကိုယ်ပိုင်ပစ္စည်းလုပ်နေကြခြင်းဖြစ်ကြောင်း သူများတွေ မသိသော်လည်း ထိုသူများ သိပါသည်။ ကူးယူသူသည် ကူးယူသူသာဖြစ်ပါမည်။ ဘယ်သောအခါမှ ကိုယ်ပိုင်မဖြစ်နိုင်ကြောင်းတော့ သိထားဘို့လိုပါလိမ့်မည်။ လူသစ်များမှ နားမလည်သည်များကို ကူညီပေးမည့်သူများ အဆင်သင့်ရှိနေပါသည်။ သို့သော် အကူအညီတောင်းခြင်း ပေးထားသောစာများအားလေ့လာခြင်းမရှိကြကြောင်းလည်း တွေ့ရပါသည်။

Myanmar Steemit Community မှ ဆရာဦးတင်လှိုင်ဦး @tinhlaingoo ကလည်း အင်္ဂလိပ်စာ အားနည်းသူများကို အခမဲ့ သင်ကြားပေးနေပါသည်။ သို့သော် လေ့လာ သင်ကြားသူများ အင်မတန်နည်းကြောင်းလည်းတွေ့ရှိရပါသည်။ ဆရာဦးတင်လှိုင်ဦး၏ Post များလေ့လာနိုင်ပါသည်။ ဆရာဦးတင်လှိုင်ဦးကလည်း လူသစ်များအတွက် Post ရေးနည်းများကိုလည်း သူ၏ Blog တွင်တင်ပေးထားပါသည်။ ကျွန်တော်တို့ မြန်မာ လူမျိုးများသည် အခမဲ့ သင်ကြားပေးသောအခါတွင် တန်ဘိုးမရှိသလိုထင်မှတ်နေသလားမသိပါ။ ငွေကြေးတန်ဘိုးများများဖြင့် သင်ကြားပေးသော သင်တန်းများကိုသာ အထင်ကြီးကြသည်မှာ ဘာကြောင့်ပါလဲလို့ မေးကြည့်ချင်ပါသည်။ လေ့လာချင်သူများအတွက် ဆရာဦးတင်လှိုင်ဦးရဲ့ Blog link ထည့်ပေးလိုက်ပါတယ်။ https://steemit.com/@tinhlaingoo

are u author.png

မိမိတို့အမည်နာမကို သူခိုးတံဆိပ် ကပ်နှိပ်လိုသူများ Copy လုပ်ကြပါ။ သူခိုးတံဆိပ် အကပ်မခံချင်သူများ ကိုယ်ပိုင်အရေးအသားများကိုသာ ရေးသားပါ။ ကြိုက်တာရွေးချယ် နိုင်ပါသည်။ ရဲရဲငံ့ဝံ့ ကိုယ်ပိုင်များကိုသာ ရေးသားကြပါရန် စေတနာများစွာဖြင့်တိုက်တွန်းရင်း အဆုံးသတ်လိုက်ရပါသည်။ ဒီနေရာမှာ ကြုံကြိုက်လို့ ကျွန်တော်၏ဆရာသမားတစ်ဦး၏ စကားတစ်ခွန်းကို အမှတ်ရမိပါသဖြင့် စကားလက်ဆောင်ပါးလိုက်ပါသည်။ အဲဒီစကားကတော့

မင်းတို့ရဲ့ ခန္ဓာကိုယ်မှာ ရရှိထားတဲ့ ဒဏ်ရာတွေ အ၀တ်အစားတွေနဲ့ ဖုံးအုပ်ကာကွယ်ထားလို့ရနိုင်ပေမယ့် မင်းတို့ရဲ့ နာမည်မှာ ဒဏ်ရာရရင်တော့ ဘာနဲ့မှ ဖုံးကွယ်ထားလို့မရဘူး

can't hide.png


ကဲ မိတ်ဆွေများခင်ဗျာ မိတ်ဆွေတို့ရဲ့ နာမည်မှာ ဒဏ်ရာ ရနေမယ်ဆိုရင် ဘာနဲ့ လုံအောင်ဖုံးထားနိုင်မလဲဆိုတာ ကြိုတင်စဉ်းစားကြပါ။

Steemit Platform တွင် ခိုးယူသူ မဖြစ်အောင် ကိုယ်ပိုင်ဖြစ်သောနာမည်တစ်လုံးရအောင် ကြိုးစားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ..

(မည်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။ မိမိကိုယ်ကိုဆင်ခြင်နိုင်ကြပါစေရန်ရေးသားခြင်းသာဖြစ်ပါသည် အားလုံးကို အောင်မြင်စေလိုသော စေတနာဖြင့် ရေးသားအပ်သလို မြန်မာကိုချစ်သောသူများ သတိထားဆင်ခြင်နိုင်ရန်အတွက် ရေးသားခြင်းဖြစ်ပါသည်)

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

31-8-2017(Thursday)