နာမည်ဆိုတာ အမှတ်တံဆိပ်ပါ(Your Name Is Your Brand)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



your name is your brand copy.png

Image from google


အမည်နာမဆိုတာ ကြီးကြီးကျယ်ကျယ်ပြောရမည်ဆိုလျှင်တော့ ပညတ်ချက်တစ်ခုပေါ့။ ဘာလို့အမည်တွေတပ်နေတာလဲ။ နာမည်ဆိုတာမပေးလို့မရဘူးလား။ နာမည်ဆိုတာကို မပေးပဲနေလို့ရပါတယ်။ ဒါပေမယ့် လူ့အသိုင်းအ၀ိုင်းတွင် တစ်ဦးနှင့်တစ်ဦးခေါ်ပြောဆက်ဆံကြရာမှာ နာမည်ရှိမှသာအဆင်ပြေနိုင်ကြမည်ဖြစ်ပါ သည်။ ဟေ့ အ၀ှာရေ ဒီ အိုးထဲကို ရေလေးထည့်လိုက်ပါအုံး လို့ပြောလျှင်အဆင်ပြေမည်မဟုတ်ကြပါ။ ဘယ် အ၀ှာ ကိုပြောမှန်းမသိတော့ အ၀ှာတွေများကုန်မည်ဖြစ်သည်။ ထို့ကြောင့်ပင် သတ်မှတ်ချက်လေးတစ်ခုအဖြစ် တနည်းအားဖြင့် သတ်သတ်မှတ်မှတ်လေး တစ်ခုဖြစ်စေရန်အတွက်လည်းကောင်း၊ လူနှင့်လူချင်းဆက်ဆံကြရာတွင် ခေါ်ပြောဆက်ဆံရာမှာ အဆင်ပြေစေရန်အတွက်လည်းကောင်း အမည်နာမ ခေါ်တွင်စရာလေးများ လူတစ်ဦးတွင် အနည်းဆုံး နာမည် တစ်ခုလောက်တော့ ပေးထားကြရပေသည်။ သို့မှာသာ တစ်ဦးနှင့်တစ်ဦး ခေါ်ပြောဆက်ဆံကြရတွင် အဆင်ပြေနိုင်ကြမည်ဖြစ်ပါသည်။ မောင်ဘယ်သူ မဘယ်သူ နာမည် တပ်ပြီး အိုးထဲ ရေဖြည့်ပေးပါဆိုလျှင်တော့ နာမည်တပ်အခေါ်ခံရသူကလည်း နားလည်နိုင်မည်ဖြစ်သကဲ့သို့ အခြား သူများလည်း မည်သူ့ကို ဆိုလိုကြောင်းသဘောပေါက်ကြမည်ဖြစ်ပေသည်။

Name_ Wikipidia


my name.png

Image from google


အမည်နာမဆိုသည်မှာ မိမိတို့၏ တံဆိပ်ပင်ဖြစ်ပေသည်။ တံဆိပ်၏ ကောင်းခြင်းမကောင်းခြင်းကို သုံးစွဲသူများမှ အဆုံးအဖြတ်ပေြး!ကပေသည်။ ထို့အတူ မိမိတို့၏ အမည်နာမ ကောင်းသတင်း ကျော်ဇောခြင်း၊ မကောင်းသတင်းကျော်ဇောခြင်းကို မိမိတို့က ပြုလုပ်ရသည်မဟုတ်။ လူအများက မှတ်ချက်ပေး၊ အမှတ်ပေးပြီး ကောင်းသတင်း၊ မကောင်းသတင်း ကျော်ဇောလာရခြင်းဖြစ်ပေသည်။ မိမိတို့ကို မိမိတို့အာမခံခြင်းဖြင့် ကျွန်တော် အကျင့်စာရိတ္တကောင်းပါသည်။ ကျွန်မအလွန်တော်ပါသည် ဟု လူအများကို လျောက်ပြောနေခြင်းဖြင့် ရရှိသည် မဟုတ်ပါ။ ဒီလူကတော့ ဒီနေရာမှာ တော်တယ်။ ဒီလူ့ကိုခိုင်းရင်ဖြင့်အဆင်ပြေနိုင်မယ်။ ဒီလူ့ကိုတော့ခိုင်းလို့ မဖြစ်ပေဘူး။ ဒီလူက အလောင်းအစား အပျော်အပါးမက်တယ် စသည်ဖြင့် အမည်နာမကို အခြားသူများမှ တံဆိပ် ကပ်ကြပေသည်။ ကုန်ပစ္စည်းများမှာကဲ့သို့ မိမိကြိုက်နှစ်သက်ရာ အမှတ်အသား၊ ဗေဒင်ဆရာပြောကြားလိုက်သော တံဆိပ် ကပ်ရမည်မဟုတ်။ လူအများက မိမိတို့အား ကောင်းခြင်း နှင့် မကောင်းခြင်း တံဆိပ်နှစ်ခုအနက် တစ်ခုခု ကိုကပ်ပေးလိုက်ကြပေသည်။ ထို့ကြောင့် လူအများ၏ အထင်အမြင်သည်လည်း အရေးပါအရာရောက်ပေသည်။

ကျွန်တော်တို့သည် မအောင်မြင်၊ မကျော်ကြားသေးမီအချိန်တွင် အောင်မြင်အောင်၊ ကျော်ကြားအောင် နေ့မအိပ် ညမအိပ် ကြိုးစားပမ်းစား လုပ်ငန်းများကိုလုပ်ကိုင်ကြလေသည်။ ထိုသို့ ကြိုးစားရာမှ လူ့အသိုင်းအ၀ိုင်းတွင် နာမည်တစ်လုံးရလာသောအချိန် တွင် ကျွန်တော်တို့ကျေနပ်သွားကြပါသလား။ မဟုတ်ပါ။ မကျေနပ်ပါ။ ရရှိထားပြီးဖြစ်သော မိမိတို့၏ အမှတ်တံဆိပ်နာမည်ကို ပျက်စီးမသွားကြရလေအောင် စောင့်ရှောက်ကြရ။ ထိန်းသိမ်းကြရပြန်ပါသည်။ ကောင်း၏ဆိုသော တံဆိပ် အကပ်ခံရလျှင် ပိုမိုပြီး ကောင်းအောင်၊ လူအများအမြင် တင့်တယ်အောင် ကောင်းသော အလုပ်များကို လုပ်ကိုင်ပြကြရပေမည်။ နောက်ကွယ်တွင် မကောင်းသောအလုပ်ကို လုပ်ကိုင်ခြင်းကိုကား လူအများမမြင်နိုင်ပါ။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ နာမည်မပျက်သွားကြစေရန် ထိန်းသိမ်းစောင့် ရှောက်ကြရပြန်ပါသည်။ မိမိတို့၏ နာမည်ဂုဏ်သတင်းအား မညှိုးနွမ်းမပျက်စီးအောင် ထိန်းသိမ်းရခြင်းမှာလည်း လွယ်ကူသောအလုပ်တစ်ခုမဟုတ်ပါပေ။ နာမည်တစ်ခု ကောင်းသောကျော်ဇောသတင်းထွက်ရန်အတွက် လပေါင်းများစွာ၊ တချို့နှစ်ပေါင်းများစွာကြိုးစားပါမှ အောင်မြင်ခြင်း၊ ကျော်ကြားခြင်းသို့ရောက်ရှိနိုင်ကြကြောင်းကိုလည်း လူတိုင်းသိရှိကြပါသည်။ လူသာသေသွား သည် အောင်မြင်မှု၊ ကျော်ကြားမှုဆိုတာကို သိပင် သိမသွားကြရ သူများကပိုများမည်ထင်ပါသည်။ မိမိတို့နှစ်ပေါင်းများစွာ အောင်မြင်ရန်ကြိုးစားတည်ဆောက်ခဲ့သော နာမည်လေး များ ပျက်စီးရန်အတွက်သည်ကား နှစ်ပေါင်းများစွာမလို။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းမှာပင်လျှင် မိမိတို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အောက်ဆုံးသို့ကျရောက်သွားနိုင်ပေသည်။


not success.png

Image from google


လူတို့သည် မွေးလာသည့်အချိန်မှ စတင်ကာ နာမည်ကောင်းရရှိစေရန် အတွက် ကြိုးစားတတ်ကြပေသည်။ သို့သော်လည်း မထိန်းသိမ်းနိုင်ကြသဖြင့် ရပြီးသောနာမည်လေးများသည် အလွယ်တကူပျက်စီးသွားကြရလေ သည်။ ကွယ်လွန်သူ အဆိုတော် စိုင်းထီးစိုင် သီဆိုထားသော သီချင်းစာသားလေးဖြစ်သော ကောင်းကွက်တွေ ထောင်ချီပေမယ့် ဆိုးကွက်တစ်ခု ၀င်လာတာနဲ့ အကုန်ပျက် ရတယ် ဆိုသကဲ့သို့ပင် မည်မျှပင်ကောင်းအောင်လုပ်ခဲ့ပါသော်လည်း အမှားအယွင်းတစ်ခုကြောင့် ချက်ခြင်း မိမိတို့ ကောင်းခဲ့သမျှ ပျက်စီးခြင်းသို့ရောက်ကြရလေသည်။ တစ်သက်လုံးအရက်သမားဖြစ်ခဲ့သူက အရက်သောက်သည်ကို မည်သူမျှ အပြစ်မတင်ကြတော့ပဲ အရက်ကို တစ်ခါမျှပင် မသောက်ဖူးသူတစ်ယောက်က တစ်ခါတစ်ရံ အရက်သောက်မိသောအခါတွင်မူ အပြစ်များစွာ အတင်ခံရသည့်အပြင် အထင်သေးခြင်းကိုပါ အဆစ်ပေး လိုက်ကြရသေးပေသည်။


222.png

Image from google


လူတို့၏အသိုင်းအ၀ိုင်းတွင် မိမိတို့၏လုပ်ဆောင်မှုသည် နာမည်အပေါ်သို့ တိုက်ရိုက်သက်ရောက်ကြလေသည်။ ကောင်းသောအလုပ်များကို လုပ်ကိုင်ခဲ့သည်ရှိသော် မိမိနာမည်သည် အကောင်းဖြစ်နိုင်သည်။ သို့သော် ချက်ခြင်း တော့မဖြစ်ပါ။ အချိန်ကာလတစ်ခုတော့ ကြာမြင့်ပါသည်။ ကောင်းသောအလုပ်ကိုလုပ်ကိုင်ခဲ့ခြင်းကို လူအများက အသိအမှတ်ပြုကြကြောင်း သတိပြုရမည်ဖြစ်ပေသည်။ မိမိ၏ နာမည် အမှတ်တံဆိပ်သည်လည်း မိမိနှင့်သက်ဆိုင် နေသူအားလုံး၊ မိမိနှင့် ဆက်ဆံနေသူအားလုံး၏ အပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိပေသည်။ အရက်သမား တစ်ဦး၊ လောင်းကစားသမားတစ်ဦး၏ မိတ်ဆွေများသည်လည်း အရက်သမား၊ လောင်းကစားသမားအဖြစ် တံဆိပ် ကပ်ခံရပြီးဖြစ်တတ်ပေသည်။ ကိုယ်တိုင်လုပ်ခြင်း၊ မလုပ်ခြင်းကိုတော့ မည်သူမျှ မသိပါချေ။ တံဆိပ်တော့ အကပ်ခံ လိုက်ကြရမည်ဖြစ်ပါသည်။ အရက်သမား၏ သား သည် အရက်သမားပင်ဖြစ်မည်ဟု ပတ်ဝန်းကျင် လူမှုအသိုင်း အ၀ိုင်းက သတ်မှတ်တတ်ကြသည်ကို မြင်တွေ့ကြားသိနေရပါသည်။ လူအများ၏ ယုံကြည်ချက်စကားတစ်ခုသည် ဘူးပင်မှ ဘူးသီးသာသီးမည် ဆိုသောစကားဖြစ်လေသည်။ ဆိုလိုသည်မှာ အရက်သမားကြီးက အရက်သမားကလေးကိုသာ မွေးဖွားမည်ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်။ သတိပြုအပ်သောအကြောင်းအရာ တစ်ခုဖြစ်ပါသည်။ ထိုသို့ ဘူးပင်မှာ ဘူးသီးသာသီးမည်ဆိုသော စကားသည် အမြဲတမ်းမှန်ကန်မှုမရှိသော်လည်း တံဆိပ်ကပ်ခံလိုက်ရခြင်းပင်ဖြစ်ပေသည်။ မိမိ၏ လုပ်ဆောင်ချက်သည် အသိုင်းအ၀ိုင်း၊ ဆွေမျိုးသားချင်းများကိုပင် လွှမ်းမိုးတတ်ကြောင်းကိုလည်း သတိပြုဆင်ခြင်အပ်ပါသည်။ ငါလုပ်တာ ငါ့သားသမီး၊ ငါ့မယား၊ ငါ့အမေ၊ ငါ့အဖေ တို့နှင့်ဘာမှမဆိုင်ဘူး ဟု ပြောမရကြောင်းကို သိစေလိုခြင်းဖြစ်ပါသည်။


YOUR LIFE.png

Image from google


လူပင်သေသွားသော်လည်း နာမည်မသေသောသူများသည် နောင်လာနောက်သား မျိုးဆက်သစ်များအား လူ့လောကအလယ်တွင် မျက်နှာမငယ်ရလေအောင် အမွေထားရစ်ခဲ့ကြကြောင်း လူတိုင်း သတိပြုမိမည်ဖြစ်ပါ သည်။ ထို့အတူ မသေခင်ကပင် နာမည်ပုပ်သိုးနေကြသောသူများ၏ အသိုင်းအ၀ိုင်းသည် မသေခင်ကပင် အနံ့ဆိုး ထွက်နေသော အလောင်းကောင်ဖြစ်မည်ပင်။ ထိုအနံ့ဆိုးသည် အသိုင်းအ၀ိုင်းတစ်ခုလုံးကိုပင် ကူးစက်တတ် ကြောင်းကိုလည်း ချစ်မိတ်ဆွေများ သိရှိပြီးဖြစ်ပါသည်။

ကျွန်တော်တို့ ယခုအလုပ်လုပ်ကိုင်ပြီး ငွေရှာနေကြသော Myanmar Steemit Community သည်လည်း ကောင်းသတင်းကျော်ဇောပြီး မကောင်းသော အနံ့ဆိုးများမထွက်ကြစေရန်အတွက် ၀ိုင်းဝန်းကူညီပေးကြပါ။ အဆင့်ဆင့်လက်ဆင့်ကမ်းပေးကြပါ။ အချင်းချင်းလက်တွဲခေါ်ဆောင်ပေးကြပါ။ ထိုသို့ပြုလုပ်မည်ဆိုပါက Myanmar Steemit Community သည် အနံ့ဆိုးမထွက်ဘဲ ကောင်းသောဂုဏ်သတင်းကျော်ဇောလာပါက ကမ္ဘာ့ အလယ်တွင် မြန်မာကို ကျွန်တော်တို့ တတ်စွမ်းသမျှ ကူညီပေးရာလည်းရောက်ပါမည်။ နာမည်ကောင်းဖြင့်သာ ကျော်ကြားစေချင်ပါသည်။ နာမည်ဆိုးထွက် Community ပျက်သွားကြမည်ကို လူတိုင်းက လိုချင်ကြမည်မဟုတ် သည်ကိုလည်း သိရှိပါသည်။ သို့သော် တခါတရံ သတိလက်လွတ်ဖြစ်ပြီး နာမည်ဆိုးဘက်သို့ ဦးတည်သွား တတ်ကြပါသောကြောင့် သတိမလွတ်ကြစေရန် ထပ်မံနှိုးဆော်နေခြင်းဖြစ်ပါသည်။


PROTECT.png

Image from google


စာရေးကြသည်ဆိုရာတွင် ရေးနေကြမဟုတ်သည်ကိုလည်း အားလုံးကနားလည်ကြပါသည်။ စာရေးဆရာများ မဟုတ်ကြသည့်အတွက် အမှားအယွင်းများရှိမည်ကိုလည်း လက်ခံကြပါသည်။ မှားလျှင်ပြင်လို့ရပါသည်။ သိနား လည်ပြီးသောသူများထံသို့လည်း အကူအညီတောင်းလျှင် မည်သူမျှ ငြင်းဆန်နေမည်မဟုတ်ကြသည်ကိုလည်း နားလည်နေလောက်ပြီဟု ထင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် မိမိတို့၏ နာမည်သတင်း ကောင်းခြင်း၊ မကောင်းခြင်းသည် မိမိတို့၏ အများက သတ်မှတ် ပေးလိုက်သော အမှတ်တံဆိပ်တစ်ခုပင်ဖြစ်ပါသည်။ ကောင်းသတင်းဖြင့်ကျော်ကြားလိုပါက ကောင်းသောအလုပ် များကိုသာလုပ်ကိုင်ရန်လိုအပ်ပါသည်။ ထို့ကြောင့် မိမိတို့၏ အမည်နာမ ကောင်းမွန်ရေး၊ Myanmar Steemit Community ၏ ဂုဏ်သတင်း ကောင်းမွန်ရေးတို့အတွက် မကောင်းမှုဆိုသောတံဆိပ်ကို မိမိတို့၏အမည်နာမတွင် အကပ်မခံကြပါနှင့်ဟု တိုက်တွန်းနှိုးဆော်ရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။ နေ့စဉ် နေ့တိုင်းလိုလို တိုက်တွန်း ရေးသားချက်များကိုသာ ရေးသားနေသည်ကို ဖတ်နေကြရသည်မှာ ပျင်းနေမည်ဖြစ်သော်လည်း သည်းခံဖတ်ရှုကြ ပါကုန်လော့ ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

7-11-2017 အင်္ဂါနေ့(Tuesday)