ငလျင်ဗဟုသုတ (၂)(A Few Knowledge Of Earthquake_2)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


00.png


ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးက တစ်ဆက်တည်း တည်ရှိနေခြင်းမဟုတ်ပါ။ အလွန်ကြီးမားတဲ့ ကျောက်ချပ်ကြီး (၁၅) ချပ်နဲ့ ကမ္ဘာမြေကြီးကို တည်ဆောက်ထားတယ်လို့ သိပ္ပံပညာရှင်များက ဆိုပါသည်။ ကျောက်ချပ်ကြီးတွေက တေ့ဆက်သလိုမျိုး အ၀တ်စတွေကို အပိုင်းလိုက် အပိုင်းလိုက် အပိုင်းလိုက် ဆက်စပ်နေပြီးတည်ရှိနေတဲ့အပြင် အမြဲလှုပ်ရှားနေပါသည်။ ကျွန်တော်တို့နေထိုင်သော ကမ္ဘာ့မြေကြီးထုကြီးက ကြက်ဥတစ်လုံးရဲ့ အခွံကဲ့သို့ပင် ရှိပါမည်။ အခွံ့ရဲ့အောက်မှာ ပြစ်ခဲခဲ အရည်များရှိနေမှာ ဖြစ်ပါသည်။ အဲဒီ အရည်များပေါ်တွင် ကမ္ဘာ့မြေထုသည် မိုင် (၃၀) မှ မိုင် (၁၀၀) ခန့်သာ ထူထဲသည်ဟု သိပ္ပံပညာရှင်များက ဆိုထားကြပါသည်။ ထိုကမ္ဘာမြေထုကြီးက အရည်ပူများအပေါ်မှာ ပေါလောမျှောနေသည့်အတွက် အမြဲလှုပ်ရှားနေကြခြင်းဖြစ်ပါသည်။ ထိုသို့ အမြဲလှုပ်ရှားနေမှုကြောင့် ငလျင်လေးများ ဖြစ်ပေါ်လာတတ်ပါသည်။ လှုပ်ရှားမှုကင်းမဲ့ချိန်ကြာလျှင် ငလျင်ကြီးကြီးမားမား ဖြစ်ပေါ်လာတတ်ပြီး ထိခိုက်ပျက်စီးမှုများ အလွန်များပြားတတ်သည်ဟုလည်း ဆိုထားကြပါသည်။ မြန်မာပြည်တွင်သာမက ကမ္ဘာပင်ကျော်နေသည့် စစ်ကိုင်းပြတ်ရွှေ့၏ အလယ်ပိုင်း သည် မလှုပ်မရှားငြိမ်သက်နေခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်ရာ သတိပြုစရာတစ်ခု ဖြစ်လာကြောင်း မြေငလျင်ပညာရှင်များမှ ပြောဆိုထားကြပါသည်။


05.png


ငလျင်လှုပ်မည်ကို ကြိုတင်မသိရှိနိုင်ကြသေးဟုဆိုပါသည်။ သို့ဖြစ်ရာ လေမုန်တိုင်းတိုက်ခတ်မည်ဟု ကြိုတင်သတိပေးသကဲ့သို့ မည်သို့မျှ အသိမပေးနိုင်ကြသေးပါ။ ထို့ကြောင့် ကြိုတင်ပြုဆင်မှုများ ပြုလုပ်ထားသင့်သည်ဟုထင်ပါသည်။ မိမိတို့နေထိုင်ရာ မြို့သည် လူဦးရေထူထပ်သောမြို့၊ လူနေတိုက်တာအဆောက်အဦအမြင့်များ တည်ဆောက်ထားသောမြို့ဖြစ်ပါက ပိုမို ပြင်ဆင်ထားသင့် ပါသည်။ စိုးရိမ်ပူပန်နေခြင်းဖြင့် မည်သည့်အရာမျှ မတတ်နိုင်သည့်အပြင် နေရင်းထိုင်ရင်း ရောဂါပင် တိုးလာနိုင်ပါသည်။ မည်သည့်အချိန်တွင်မဆို စိုးရိမ်ပူပန်နေခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပေါ်စေတတ်ပါသည်။ ထို့ကြောင့် စိုးရိမ်ပူပန်နေခြင်းထက် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုမိုအသုံးဝင်မည် ဖြစ်ပါသည်။ ငလျင်က လှုပ်တော့လှုပ်မည်ဖြစ်ပါသည်။ သို့သော် ဘယ်နေ့ ဘယ်အချိန်၊ နေ့အချိန်လား ညအချိန်လား ဆိုသည့်ကိစ္စအတွက်မူ နိုင်ငံအသီးသီးမှ အလွန်တော်သော ပညာရှင်များပင် မခန့်မှန်း မတွက်ချက်နိုင်ကြသေးပေ။ ဒီတော့ကျွန်တော်တို့အနေဖြင့် မှန်ကန်သော ဗဟုသုတများရှိထားရန် လိုအပ်မည်ဖြစ်ပါသည်။ အသိမှား အမှတ်မှားခဲ့ပါလျင် လူအများစု ဒုက္ခရောက်နိုင်ပါသည်။ ဒီတော့ မြေငလျင်သတင်းများ၊ အသိပေးချက်များ၊ သတိပေးချက်များကို သေချာစွာနားစွင့်သင့်ပါသည်။ ငလျင်နဲ့ပတ်သက်သည့်လက်ကမ်းစာစောင်များ ဖတ်ရှုလေ့လာထား သင့်ပါသည်။ ထိုသို့အသိပေးချက်နှိုးဆော်များကို သက်ဆိုင်ရာအဖွဲအစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်ပေးပါသည်။


04.png


မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံအရပ်ရပ်တွင် ငလျင်ငယ်များ အကြိမ်ကြိမ်လှုပ်ခတ်ခဲ့ပါ သည်။ ထိုသို့ လှုပ်ခတ်နေခြင်းက ကျွန်တော်တို့အား အန္တရာယ်အချက်ပေးခေါင်းလောင်း ထိုးနေသည် နှင့်ပင် တူနေသည်ဟု ထင်မှတ်မိပါသည်။ ကျွန်တော်တို့လူမျိုးသည် ဖြစ်ပွားနေချိန်တွင် အလွန်အမင်း စိုးရိမ်ပူပန်တတ်သော်လည်း အချိန်အနည်းငယ်ကြာသောအခါတွင် မေ့ပျောက်သွားတတ်သည်က များပါသည်။ အချို့အကြောင်းအရာ နှင့် ဘေးအန္တရာယ်တို့သည် မေ့ပျောက်မပစ်သင့်ပေ။ အလှည့်ကျ ဖြစ်ပေါ်နေသော သဘောတရားများသည် အလှည့်ကျလျင် ပြန်လည်ရောက်ရှိလာတတ်သောကြောင့် ဖြစ်ပါသည်။ ရာသီဥတုကိုကြည့်လျင်လည်း ထို့အတူတူပင်ဖြစ်ပါသည်။ သူ့အလှည့်ကျလျင် ရောက်လာမည်သာဖြစ်ပါသည်။ အနည်းငယ် နောက်ကျခြင်း၊ စောခြင်းသာဖြစ်နိုင်ပါသည်။ ကျွန်တော် တို့မြန်မာနိုင်ငံသည် အလွန်ကြီးမားသော ငလျင်ရပ်ဝန်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရပါသည်။ သို့သော် ကြီးမားသော စစ်ကိုင်းပြတ်ရွှေ့နှင့် အခြားသော ပြတ်ရွှေ့ငယ်များတည်ရှိသည် ဖြစ်ရာ သတိပြုရမည်သာဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ငလျင်ရပ်ဝန်းအဖြစ် သတ်မှတ်ထားသောဒေသ တို့တွင်မူ နေ့စဉ် ငလျင်လှုပ်နိုင်ကြောင်းကို သိရှိပြီးဖြစ်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ငလျင်ရပ်ဝန်းအဖြစ်သတ်မှတ်ထား သောဒေသများတွင် နေ့စဉ် ငလျင်လှုပ်နေတတ်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်မူ ငလျင်ကို မျှော်လင့်မထားသကဲ့သို့ ကြိုတင်ပြင်ဆင်ထားမှုများ လည်း မရှိကြပါချေ။ အမှန်တကယ်ဖြစ်လာချိန်တွင် တောင်မင်း မြောက်မင်းမကယ်နိုင်ဆိုသကဲ့သို့ တောင်ပြေးရမလိုလို မြောက်ပြေးရမလိုလိုဖြစ်နေရတတ်ကြပါသည်။


02.png


နှစ်သန်းပေါင်းအနည်းငယ်ကြာလျှင် မြန်မာနိုင်ငံကြီးသည် တောင် မြောက်လားရာအတိုင်း နှစ်ခြမ်းကွဲ ထွက်သွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါသည်။(အဲဒီအချိန်ထိတိုင်အောင်လည်း ကျွန်တော်တို့ အသက်မရှင်နိုင်လောက်တော့ပါဘူး) အချို့သောနိုင်ငံကြီးများတွင်မူ မဖြစ်ခင်ကပင် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိတတ်ကြပါသည်။ ထို့အပြင် ဖြစ်ပြီးသွားပါကလည်း ပြန်လည်ထူထောင်ရေးအား မည်ကဲ့သို့ ပြုလုပ်ကြမည်ကို ရေးဆွဲထားကြလေ့ရှိကြောင်း မှတ်သားဖူး ပါသည်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ထိုကဲ့သို့ပင် ပြုလုပ်ထားသင့်သည်ဟု ထင်မြင်မိပါသည်။ ကျွန်တော်တို့နိုင်ငံသည် ကာကွယ်ခြင်းလုပ်ငန်းစဉ်ထက် ဖြစ်ပြီးသွားသောအချိန်မှ ပြန်လည်ကုစား နေခြင်းလုပ်ငန်းစဉ်ကိုသာ အမြဲလိုလိုလုပ်ကိုင်နေရဆဲသာဖြစ်ပါသည်။ ငလျင်သေးသေးလေးများ ခဏတိုင်းလှုပ်နေခြင်းသည် မလှုပ်ပဲငြိမ်နေသော၊ မြန်မာပြည်ရဲ့ အကြီးဆုံး ပြတ်ရွှေ့လည်းဖြစ်သော စစ်ကိုင်းပြတ်ရွှေ့ကြီး ပြန်လည် နိုးထလာခြင်းများ ဖြစ်နေမည်လားဟု စိုးရိမ်စရာပင်ဖြစ်နေပါသည်။ အထက်ကရေးသားခဲ့သလိုပင် စိုးရိမ်နေခြင်းဖြင့် မည်သူမျှ အကျိုးမရှိနိုင်ပါ။ သိသင့် သိထိုက်သော ဗဟုသုတများနှင့် လိုအပ်သော ဆောင်ရွက်ချက်များအား ပြုလုပ်ထားရန်လိုမည်သာဖြစ်ပါသည်။


Untitled-2 copy.png


Image Source : http://www.bbc.com/burmese/media-43892229


သက်ဆိုင်ရာဌာနများဖြစ်သည့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု(မြေငလျင်ဌာနခွဲ)သည် ငလျင်လှုပ် ခြင်းအား အဓိကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက် (၂၄)နာရီ စောင့်ကြည့်လျက်ရှိကြောင်း သိရပါသည်။ ပြည်တွင်း ပြည်ပ၊ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသော ငလျင်များကိုလည်း စောင့်ကြည့်တိုင်းတာလျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများအားလည်း အချိန်မီ သတင်းပေးပို့ နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည်ဟု သိရပါသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့သည် သဘာဝဘေးအန္တရာယ်များအား ရှောင်ရှားရန်မဖြစ်နိုင်ပါချေ။ ကျွန်တော်တို့ လုပ်နိုင်သည်မှာ အပျက်အစီး အဆုံးအရှုံး အထိအခိုက်များ နည်းနိုင်သမျှ နည်းရန်အတွက် သိသင့်သိထိုက်သော ဗဟုသုတများသိရှိထားကြရန်လိုပါသည်။ မြေငလျင်ကို ကြိုတင်ခန့်မှန်းမရနိုင် သောကြောင့် ကြိုတင်သတင်းပေးနိုင်မည်မဟုတ်ပါ။ ငလျင်နှင့်ပတ်သက်သော ဗဟုသုတများကို မျှဝေသော သဘောဖြင့် ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်သည်လည်း ငလျင်ပညာရှင် တစ်ယောက်မဟုတ်ပါကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

7-Jun-2018 ကြာသပတေးနေ့(Thursday)