ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်(Push Together)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျွန်တော်တို့အား ငယ်စဉ်ကျောင်းနေစဉ်အရွယ်ကပင် မိဘ ဆရာသမားများမှ ဦးတည်ချက်၊ ရည်မှန်းချက်တို့ကို ချမှတ်ထားတတ်ကြစေရန် အစီစဉ်တကျ ပြုလုပ်တတ်ကြစေရန် သင်ကြားပေးခဲ့သည်။ သို့သော် ကျောင်းနေစ အရွယ်သည် ကလေးဘ၀တွင် ရည်မှန်းချက်လည်းမသိ၊ ဦးတည်ချက်လည်းနားမလည်တတ်ခဲ့ကြပါ။ သို့သော် စာမေးပွဲအောင်ရမည်ဆိုသော အသိစိတ်လေးများတော့ ကလေးတိုင်းရင်ထဲတွင် စွဲမြဲနေကြမည်ဖြစ်ပါသည်။ ထိုအရွယ်တွင် စာမေးပွဲမအောင်မြင်သော်လည်း ၀မ်းနည်းရမည်ကိုမသိတတ်ကြသေးပေ။ တဖြည်းဖြည်းနှင့် မူလတန်းအရွယ်ကျော်လွန်လာခဲ့ကြပြီး အလယ်တန်းသို့တက်ရောက်သောအချိန်တွင်မူ အများစု၏စိတ်ထဲတွင် မသိမသာ စာမေးပွဲအောင်မှဖြစ်မည်ဆိုသော အသိလေးများဝင်ရောက်လာကြပေသည်။ ကျောင်းနေစဉ် ကျောင်းသားအရွယ်တွင် စာမေးပွဲအောင်မှဖြစ်မည်ဆိုသော အသိလေးသည် အနိမ့်ဆုံး ဦးတည်ချက်တစ်ခုဖြစ်ပါ သည်။ ထိုသို့ဦးတည်ချက်၊ ရည်မှန်းချက်ဖြင့်စာမေးပွဲအောင်မြင်ရမည်ဆိုသော အသိသည် မိမိတို့ကိုယ်တိုင် သေချာမသိတတ်သေး။ တက္ကသိုလ်ဝင်တန်းခေါ် ဆယ်တန်းသို့ရောက်ရှိသောအခါတွင်မူ စာမေးပွဲအောင်ရမည်။ မည်သည့်တက္ကသိုလ်သို့ တက်ရောက်ချင်သည်ဆိုသည့် ဦးတည်ချက်လေးများ၊ ရည်မှန်းချက်လေးများကို သတိပြု မိလာကြသည်။
Image from google
ဦးတည်ချက်မရှိသော လူအများအပြားကိုလည်း မြင်တွေ့နိုင်ပါသည်။ မည်သို့သောအလုပ်ကိုလုပ်ကိုင်သည်ဖြစ်စေ ရည်မှန်းချက်၊ ဦးတည်ချက်ထားရှိကြရမည်ဖြစ်ပါသည်။ ထိုသို့ ဦးထည်ချက်မရှိပါမူ လိုအပ်ဆန္ဒမပြည့်ဝသည့်အပြင် ဒုက္ခပင်ရောက်နိုင်မည်ဖြစ်ပါသည်။ ပင်လယ်သမုဒ္ဒရာကိုဖြတ်သန်းသွားလာနေကြသော သင်္ဘောကြီးများသည် ဦးတည်ချက်မရှိပါက ဘယ်မှမရောက် ဖြစ်ပေမည်။ မိမိလိုရာသို့ရောက်ရှိနိုင်ကြစေရန်အတွက် ဦးတည်ချက်သည် သင်္ဘောကြီးများတွင်ပါရှိသည့် ပဲ့ ဟုခေါ်သော လမ်းကြောင်းထိန်းသိမ်းသည့် အရာနှင့်အတူတူပင်ဖြစ်ပေမည်။ သင်္ဘောများတွင် ပဲ့မပါပါက သို့တည်းမဟုတ် မောင်းနှင်နေချိန်တွင် ပဲ့ပျက်စီးသွားမည်ဆိုပါက လိုရာခရီး လိုရာ ပန်းတိုင်သို့မရောက်နိုင်တော့ပါ။ ထိန်းသိမ်းနိုင်စွမ်းမရှိတော့သောကြောင့် ကျောက်ဆောင်များကိုလည်း မရှောင်နိုင် ရေခဲတောင်များကိုလည်းမကွင်းနိုင်၊ ရှေ့တည့်တည့်မှလာသော သင်္ဘောကိုပင်ရှောင်တိမ်းနိုင်မည်မဟုတ်တော့ပါ။ ထိုအခါ ကျောက်ဆောင်၊ ကျောက်တောင်တို့နှင့်တိုက်ခိုက်မိပြီး သင်္ဘောနစ်မြုတ်ဖွယ်ရာသာရှိပါတော့သည်။ လူ့ဘ၀သည်လည်း ထို့အတူတူပင်ဖြစ်ပါသည်။ ရည်မှန်းချက်၊ ဦးတည်ချက်မရှိသောသူများသည် ပဲ့မပါသော ဘ၀ခရီးကိုမောင်းနှင်နေသောသူများနှင့်တူမည်ပင်။ ပျက်စီးရန် ရာခိုင်နှုံးပြည့်ဖြစ်နိုင်ပါသည်။ ကံတရား၏မျက်နှာ သာပေးမှု ရရှိခဲ့သူတစ်ယောက်တစ်လေ ရှိကောင်းရှိနိုင်မည်ဖြစ်ပါသည်။ ဘ၀တွင် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ထားသင့်ကြောင်းအသိပေးလိုခြင်းဖြစ်ပါသည်။ ရည်မှန်းချက် ဦးတည်ချက်ကိုလည်း အပျောက်မခံရပါ။ မည်သို့သောအခက်များနှင့်ကြုံတွေ့ရသော်လည်း ဦးတည်ချက်မပျောက်သင့်ပါ။ ခိုင်မြဲသော ဦးတည်ချက်ဖြစ်သင့် ပါပေသည်။ အခြေအနေမပေးသေးသော်လည်း အခြေအနေကောင်းကို စောင့်ဆိုင်းအကောင်အထည်ဖော်ကြရ မည်ဖြစ်ပါသည်။
Image from google
ဂျပန်နိုင်ငံသည် အဘယ့်ကြောင့် တိုးတက်ချမ်းသာနေပါသနည်း။ အဘယ့်ကြောင့် ထိပ်တန်းသို့ရောက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်နေပါသနည်း။ လေ့လာကြည့်စေချင်ပါသည်။ ဂျပန်နိုင်ငံသည် ကျွန်တော်တို့မြန်မာနိုင်ငံကဲ့သို့ သယံဇာတများ ပေါကြွယ်ဝသောနိုင်ငံတစ်နိုင်ငံမဟုတ်ပါ။ ဂျပန်နိုင်ငံသားများအကြောင်း၊ ဂျပန်နိုင်ငံအကြောင်း များကိုဖတ်မိလျှင် အင်မတန်စည်းစနစ်ကြီးသော၊ ရည်မှန်းချက်ကြီးသောဂျပန်တို့အကြောင်းကို အမြဲတမ်းလိုလို တွေ့မြင်ဖတ်ရှုကြရသည်သာဖြစ်ပါသည်။ ဂျပန်လူမျိုးတို့သည် ဂျပန်နိုင်ငံကို အမှန်တကယ်ချစ်မြတ်နိုးတန်ဖိုး ထားကြပေသည်။ ထို့အတူ ကိုရီးယားလူမျိုးများသည်လည်း သူတို့၏နိုင်ငံကို အထိအခိုက်မခံ၊ အလွန်ပင်ချစ်မြတ် နိုးကြပေသည်။ ထို့အတူ တရုတ်လူမျိုးများသည်လည်း သူတို့နိုင်ငံအား အလွန်ပင်ချစ်မြတ်နိုးတန်ဖိုးထားကြပေ သည်။ ကျွန်တော်တို့ မြန်မာလူမျိုးများလည်း ကျွန်တော်တို့မြန်မာနိုင်ငံကို အလွန်ပင်ချစ်မြတ်နိုးကြပါသည်။ သို့သော် ပါးစပ်ဖြင့်သာချစ်ပြီး လက်တွေ့တွင်မူ မြန်မာအားနှစ်သတ်နေသူများကိုသာ တွေ့မြင်နေရပါသည်။ အဖျက်လုပ်ရပ်များ၊ မကောင်းမှုများဖြင့် ကျော်ကြားလှသော မြန်မာဖြစ်နေသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပါသည်။ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် စသည့် စသည့် နိုင်ငံသားတို့သည် အလွန်ပင် စည်းလုံးညီညွတ်ကြပေသည်။ ကျွန်တော်တို့မြန်မာများသည်ကား တစ်ယောက်လုပ်လျှင် တစ်ယောက်ကဖျက် မည်။ အဖွဲ့အစည်းတစ်ခု တည်ထောင်ပေးလိုက်လျှင် အဖွဲ့စည်း နှစ်ခုကွဲသွားမည်။ စည်းလုံးမှုမရှိ။ စည်းကမ်းမရှိ။ ဦးတည်ချက်မရှိ။ ရည်ရွယ်ချက်မရှိ တတ်ကြပါပေ။
Image from google
တိုးတက်စေချင်ပါသည်။ မြင့်မားစေချင်ပါသည်။ ကမ္ဘာ့အလယ်တင့်တယ်စေချင်ပါသည်။ ကျော်ကြားစေချင်ပါ သည်။ ကောင်းသောကျော်ဇောသတင်းသာဖြစ်စေလိုပါသည်။ သို့သော် လူနည်းစုဖြင့်တော့လုပ်မရနိုင်သော ကိစ္စရပ်ဖြစ်ပါသည်။ စည်းကမ်းတို့သည် မြန်မာတို့နှင့်မတည့်။ စည်ကမ်းတို့သည် မြန်မာတို့အတွက်ရန်သူဖြစ်နေသလားမသိ။ မည်သို့တိုးတက် အောင်ပြုလုပ်ကြရမည်နည်း။ အောင်လအန်ဆန် ဟူသော ကချင်နပမ်းသမားအား အလွန်ပင်ကျေးဇူးတင်မိ သကဲ့သို့ အလွန်လည်းအားကျမိပါသည်။ သူကဲ့သို့ နပမ်းလုံးရန်အင်အားမရှိပါ။ သူနပမ်းပွဲနိုင်ခြင်း၊ မနိုင်ခြင်းလည်း ကျွန်တော်မသိပါ။ သံဇကာနပမ်းလုံးရန်အားကျခြင်းမဟုတ်ပါ။ မြန်မာအား ကမ္ဘာမှသိစေရန်ရည်ရွယ်ချက်ဖြင့် သူကျင်လည်ရာ သံဇကာနပမ်းလောကသားများအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ကာ မြန်မာနိုင်ငံ အား ကမ္ဘာ့အလယ် တွင် တင့်တယ်စေခဲ့သူဖြစ်ပါသည်။ သူ့အနေဖြင့် မည်သို့သောရည်ရွယ်ချက်ဖြင့် လုပ်ကိုင်သည်ကိုမသိသော်လည်း အမှန်ပင်ကျေးဇူးတင်မိပါသည်။ မြန်မာအတွက်ကြိုးစားနေသူတစ်ယောက်အဖြစ် အားကျမိခြင်း၊ လေးစားမိခြင်း၊ ကျေးဇူးတင်မိခြင်းပင်ဖြစ်ပါသည်။ မြန်မာ့စပါးကြီးမြွေဟုပင် မြန်မာနာမည်တပ်ထားခြင်းကသည်ပင် လေးစားစရာ ကောင်းပါသည်။ လက်တွေ့မြန်မာကိုချစ်ပြနေသောသူတစ်ယောက်ပင်ဖြစ်ပါသည်။ ပါးစပ်ဖြင့် လေထဲတွင် ချစ်နေသူတစ်ယောက်မဟုတ်ကြောင်း မြင်တွေ့နိုင်ပါသည်။ Facebook တွင် ၀င်ကြည့်ပါက လေထဲတွင် မြန်မာအားချစ်ပြနေသော လူအများအပြားကို တွေ့မြင်နိုင်ပါသည်။ ထို့အတူ ပြင်ပတွင်လည်း မြန်မာမထိနဲ့ မီးပွင့်သွားမယ် ဟု အော်နေကြသူများ၏ ရည်မှန်းချက် ဦးတည်ချက်သည် အဘယ်အရာဖြစ်သည်ကိုတော့ ကျွန်တော်မသိနိုင်ပါခင်ဗျာ။ အောင်လအန်ဆန်၏ လက်တွေ့ဆန်သော ပြုမူချက်နှင့်တော့ ဘာမှမသက်ဆိုင်နိုင်ပါချေ။ အောင်လအန်ဆန်သည် ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပါသည်။ တိုင်းရင်းသားဖြစ်သော်လည်း မြန်မာနိုင်ငံအပေါ်တွင် အလွန်တန်ဖိုးထားကြောင်း သူ့၏လုပ်ရပ်များက သက်သေခံနေပါသည်။ အခြားသော မြန်မာ့လက်ဝှေ့သမားအချို့သည်လည်း မြန်မာနိုင်ငံအား မြှင်တင်ခဲ့ကြပါသည်။ အားကစားသမားအချို့သည်လည်း မြန်မာနိုင်ငံအား ဂုဏ်တက်စေရန် စွမ်းဆောင်ခဲ့ကြပါသည်။ ကျွန်တော်အနေဖြင့်မူ ထိုသို့ပြုလုပ်ရန် မတတ်နိုင်ခဲ့ပါ။
Image from google
ယခု ကျွန်တော်သည်လည်း မြန်မာအား အခြားသောနေရာများမှ ကမ္ဘာကသိအောင်မစွမ်းဆောင်နိုင်ခဲ့ပါချေ။ ထို့ကြောင့် ထိုသို့သော အခွင့်အရေးရှိသည့် Steemit Platform တွင် ရရှိသောကြောင့် ၀မ်းမြောက်ဝမ်းသာ ကြိုးစားအားထုတ်နေခဲ့မိခြင်းဖြစ်ပါသည်။ ကျွန်တော့်၏ရည်မှန်းချက်၊ ဦးတည်ချက်သည် စာများရေးခြင်းဖြင့် လည်းကောင်း၊ ပုံများတင်ခြင်းဖြင့်လည်းကောင်း ငွေရရှိစေရန်သာဖြစ်ပါသည်။ သို့သော်လည်း မြန်မာအား ကမ္ဘာမှ သိစေရန်အခွင့်အရေးကို ပိုမိုအလေးထားမိပါသည်။ ယခုအခါ ကျွန်တော်တို့စုပေါင်းကြိုးစားခဲ့ကြသဖြင့် ရရှိခဲ့သော မြန်မာသည် Top 50 စာရင်းအောက်သို့ရောက်ရှိသွားခဲ့သည်ကိုလည်း စိတ်မကောင်းဖြစ်မိပါသည်။ မည်သို့ပြန်လည်မြှင့်တင်နိုင်မည်ကိုလည်း စဉ်းစားနေမိပါသည်။ ကျွန်တော်တို့၏ တူညီသောဦးတည်ချက်သည် မြန်မာအား ကမ္ဘာမှ အသိအမှတ်ပြုပြီး မြန်မာလူမျိုးများအား ထိုက်သင့်သောအောင်မြင်မှုဖြင့် ၀င်ငွေရရှိစေလိုခြင်း ဖြစ်ကြပေသည်။ ထို့ကြောင့် မြန်မာပြန်လည်နာမည်ရရှိလာကြပါစေရန်အတွက် ကြိုးစားသင့်သည့်နည်းလမ်းများ အတိုင်းကြိုးစားပြုပြင်ကြပါရန် တိုက်တွန်းလိုက်ပါသည်။ မိမိတို့၏ ရည်ရွယ်ချက်ဖြစ်သော ၀င်ငွေကောင်းမွန်စွာ ရရှိရေးကိုလည်း အပျောက်အပျက်မခံပဲနှင့် မြန်မာအား ပြန်လည်မြှင့်တင်နိုင်ကြပါစေရန် ဆုမွန်တောင်းရင်း အားလုံးအတူတူ စည်းစည်းလုံးလုံးဖြင့် ကြိုးစားကြပါလို့တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါသည်။
Image from google
ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်။
သို့သော် တူညီသော ဦးတည်ချက် နှင့်တော့ ပြိုင်တူတွန်းရန်လိုအပ်ပါသည်။
ဆန့်ကျင်ဘက်မှ ပြိုင်တူတွန်းလျှင်တော့ အားကုန်တာသာ အဖတ်တင်မည်ဖြစ်သည်ကို သတိပြု ဆင်ခြင်နိုင်ပြီး ဦးတူချက်အတူတူဖြင့် ပြိုင်တူ တွန်းကြပါစို့" လို့တိုက်တွန်းလိုက်ပါသည်။
Image from google
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
2-Feb-2018 သောကြာနေ့(Friday)