ပုဂံစေတီ နဲ့ ပိရမစ်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဒီနေ့တော့ ဖတ်ခဲ့မိတဲ့အကြောင်းအရာတစ်ခုကို ဗဟုသုတအဖြစ်မျှဝေပေးသွားချင်ပါတယ်။ ဖတ်ခဲ့မိတဲ့ အကြောင်းကတော့ မြန်မာပြည်ရဲ့အသည်းနှလုံးလို့ပြောလို့ရတဲ့ ပုဂံမြေမှာ တည်ထားကိုးကွယ်ခဲ့ကြတဲ့ စေတီတော်များ နဲ့ အီဂျစ်နိုင်ငံက ပိရမစ်တွေရဲ့ တည်ဆောက်ပုံတွေက ဆင်တူတယ်လို့ဆိုတာလေးကို မျှဝေ ရေးသားလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာကတော့ ပုဂံဆိုတာ သာမန်ဘုရားဖူးဖို့အတွက် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတွေနဲ့ ရှေးမူလက်ရာတွေကို လေ့လာတဲ့အဆင့်လောက်ပဲရှိမယ်ထင်ပါတယ်။ ကျွန်တော်အပါအ၀င်လူအများစုကတော့ အဲဒီလိုပဲ ဘုရားဖူးမယ်၊ ရှေးဟောင်းစေတီတော်ကရှေးမူလက်ရာတွေ ကိုကြည့်ရှုမယ်ဆိုတာထက် မပိုလောက်ပါဘူး။ အမေရိကန်နိုင်ငံအပါအ၀င် နည်းပညာထွန်းကားလျှက်ရှိသော နိုင်ငံများကတော့ ရှေးဟောင်းဘုရား စေတီတော်တွေဆိုတာထက်ပိုတဲ့ နည်းပညာတွေ၊ အာကာသပညာရပ် တွေနဲ့ ဆက်နွှယ်နေတယ်လို့ ယုံကြည်ကြပြီး စဉ်ဆက်မပြတ်လာရောက်လေ့လာနေကြခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ အာကာသ သိပ္ပံပညာရပ်များနဲ့ ပုဂံက ရှေးဟောင်းစေတီတော်တွေနဲ့ မည်သို့ မည်ပုံ ပတ်သက် ဆက်နွှယ်နေသလဲဆိုတာကိုတော့ ကျွန်တော်အနေဖြင့် ဥာဏ်မမှီပါ။ နည်းပညာများကို တတ်ကျွမ်းတဲ့ နည်းပညာသမားမဟုတ်သို အာကာသသိပ္ပံပညာကို ကြားဖူးရုံအဆင့်ထက်မပိုသောကြောင့် နားလည်ရန်လည်း လွယ်ကူနိုင်မည်မဟုတ်ပါ။ သို့သော် နိုင်ငံအများစုက လက်ခံယူဆထားကြသကဲ့သို့ပင် အီဂျစ်နိုင်ငံမှာ ပိရမစ်များ နှင့် ပုဂံမှ စေတီပုထိုးများသည် တည်ဆောက်ပုံအတော်ဆင်တူသည်ကို ဓာတ်ပုံများအား သေချာကြည့်မိသော အခါသိသာနေပါသည်။ အီဂျစ် နှင့် မြန်မာ မည်သို့ ကူးလူးဆက်ဆံပြီး မည်သို့မည်ပုံ ဆင်တူသောနည်းပညာတို့ အား သုံးစွဲခဲ့ကြသည်ကိုမူ နားလည်းမလည်နိုင်ခဲ့ပါ။ ယခုရေးသားသော Post သည်လည်း ဗဟုသုတအဖြစ်ဖြင့် မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော်အနေဖြင့်မူ ဝေဖန်ရန်အတွက် အဆင့်မမှီပါ။


05.png


02.png


ပုဂံဘုရားစေတီများအနက်မှ ဓမ္မရံကြီးဘုရားအား နိုင်ငံတကာ သိပ္ပံပညာအဖွဲ့အစည်းများမှ စိတ်ဝင်တစား လေ့လာလျှက်ရှိကြောင်း သိရပါတယ်။ ဘာကြောင့်များ ဓမ္မရံကြီးဘုရားအား နိုင်ငံတကာမှ သိပ္ပံပညာရှင်များက အလွန်အမင်း စိတ်ဝင်စားကြရသနည်းဆိုသော် အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် သိပ္ပံပညာအဖွဲ့အစည်း ဖြစ်သည့် နာဆာ ဆိုသည့် အဖွဲ့အစည်းထံတွင် ဓမ္မရံကြီးဘုရား၏ ဓာတ်ပုံများအား လျှို့ဝှက်သိမ်ဆည်း ထားရမှ ပေါက်ကြားသွားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရပါတယ်။ ဓမ္မရံကြီးဘုရားသည်လည်း အမှန်တကယ်တွင်လည်း စိတ်ဝင်စားစရာအချက်အလက်များနှင့်ပြည့်နှက်နေကြောင်းဆိုကြပါတယ်။ ဓမ္မရံကြီးဘုရား၏ တည်ဆောက်ပုံ သည် အီဂျစ်မှ ပိရမစ်များ၏ တည်ဆောက်ပုံနှင့် လုံးဝနည်းပါး တူညီနေကြောင်းတွေ့ကြောင်း ဆိုထားကြပါ တယ်။ ဒါ့ကြောင့်လည်း ဓမ္မရံကြီးဘုရားသည် ကမ္ဘာကျော်တဲ့ ဘုရားတစ်ဆူအဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ဓမ္မရံကြီးဘုရားတွင် ထီးတော်တင်လှူခြင်းမပြုလိုက်နိုင်သေးချိန်မှာပင် ဘုရားဒါယကာ နရသူမင်း ဟာ လုပ်ကြံ ခံလိုက်ရတဲ့အတွက် ယနေ့ချိန်ထိ ထီးတော်တင်လှူနိုင်ခြင်းမရှိကြောင်း မြင်တွေ့နိုင်ပါတယ်။ နရသူမင်းရဲ့ ရာဇ၀င်က မကောင်းသော်လည်း နရသူမင်းရဲ့ ဖခမည်းတော် အလောင်းစည်သူမင်းကြီးကတော့ မြန်မာနိုင်ငံ သာမက အခြားသော အိမ်နီးချင်းနိုင်ငံများတိုင်အောင် သတင်းမွှေးခဲ့သော မင်းတစ်ပါးဖြစ်ခဲ့ပါတယ်။ အလောင်းစည်သူမင်းကြီးဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးအုပ်ချုပ်ခဲ့တဲ့မင်းတစ်ပါးလည်းဖြစ်ပါတယ်။ အလောင်းစည်သူမင်းကြီးဟာ သာသနာပြုမင်းတစ်ပါးလည်းဖြစ်ပါတယ်။ ဖောင်စကြ်ာယာဉ်ကိုလည်း ဘုန်းတော်ကြောင့် ပိုင်ဆိုင်ခဲ့ရတယ်လို့ဆိုကြပါတယ်။


03.png


ထိုသို့ ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူခဲ့သော အလောင်းစည်သူမင်းတရားကြီးဟာ သေဆုံးတဲ့အခါမှာတော့ သားဖြစ်သူ နရသူမင်းရဲ့ ခေါင်းအုံးနှင့်(တချို့ကလည်း အ၀တ်များဖြင့်)ဖိသတ်ခြင်းကို ခံရပြီး သေဆုံးခဲ့ရတာ ဖြစ်ပါသတဲ့။ နရသူမင်းဟာ ဖခင်ကိုသာမက အစ်ကိုဖြစ်သူကိုလည်း အဆိပ်ကျွေးသတ်ခဲ့သူဖြစ်တယ်လို့ ရာဇ၀င် များအရ သိရပါတယ်။ ဒါကြောင့်လည်း နရသူမင်းရဲ့ ရာဇ၀င်က မကောင်းဘူးလို့ အထက်မှာရေးခဲ့တာဖြစ်ပါ တယ်။ ဓမ္မရံကြီးဘုရားဟာ မပြီးဆုံးလိုက်တဲ့ ပိရမစ်တည်ဆောက်ပုံဖြစ်တယ်လို့ အာကသပညာရှင်များက ယူဆ ကြပါတယ်။ မှန်တယ် မမှန်ဘူးဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှ မသိနိုင်ပါဘူး။ ဓမ္မရံကြီးဘုရား က ပဟေဠိတွေနဲ့ ပြည့်နှက်နေတာကတော့ အမှန်ပဲဖြစ်တယ်ဆိုတာကို အခုခေတ်ကာလက နားလည်သူအချို့ ကတော့ လက်ခံနိုင်ပါလိမ့်မယ်။ အသေပိတ်ထားတဲ့ အပေါက်တွေ၊ လမ်းတွေက စေတီတော်ကြီးထဲမှာ အတော် များများရှိတာကို အသေပိတ်ထားတဲ့ အပေါက်တွေကို ကြည့်ခြင်းအားဖြင့် အလွယ်တကူ သိနိုင်ပါတယ်။ ဘာကြောင့်ပိတ်ထားတာလဲဆိုတာကိုလည်း ဘယ်သူမှမသိနိုင်ဘူးလို့ထင်ပါတယ်။ သမိုင်းအထောက်အထား များ ထဲတွင်လည်း ရှာမတွေ့သေးပါ။ ဓမ္မရံကြီးဘုရား ရဲ့ ဌာပနာတိုက်တော်ဟာလည်း အခြားသော ဘုရားများရဲ့ ဌာပနာတိုက်များထက် ကျယ်ဝန်းတယ်လို့ဆိုကြပါတယ်။ အလောင်းစည်သူမင်းတရားကြီး ပိုင်ဆိုင် ခဲ့သော ဖောင်စကြ်ာယာဉ်ကိုလည်း ဓမ္မရံကြီးဘုရားမှာ ဌာပနာအဖြစ် ထည့်သွင်းထားနိုင်တယ်လို့ ယူဆကြသူ တွေလည်း ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အလောင်းစည်သူမင်းတရားကြီး ကွယ်လွန်သွားတဲ့အချိန်ကစ ပြီး သူပိုင်ဆိုင်ခဲ့တဲ့ ဖောင်စကြ်ာယာဉ်ဆိုတာကို အစအနတောင်ရှာမရတော့ဘူးလို့ဆိုပါတယ်။


04.png


လောကတွင် ကျွန်တော်တို့မသိနိုင်သော အံ့သြစရာများသည် အများအပြားတည်ရှိနေပါတယ်။ ပုဂံကဘုရားစေတီများဟာ အီဂျစ်နိုင်ငံက ပိရမစ်များရဲ့ တည်ဆောက်ပုံနဲ့ အင်မတန်ဆင်တူတယ်ဆိုတာ ဓမ္မရံကြီးဘုရားတစ်ခုတည်းကိုသာ ရည်ညွှန်းကြခြင်းမဟုတ်ပါ။ အခြားသောစေတီတော်များသည်လည်း ပိရမစ် တည်ဆောက်ပုံနှင့်များစွာ ဆင်တူကြကြောင်းကို ရှင်းလင်းရေးသားထားခဲ့ကြတာတွေကို တွေ့ရပါတယ်။ အာနန္ဒာ၊ သဗ္ဗညု၊ လောကနန္ဒာ၊ ကန်တော့ပလင်၊ စူဠာမဏိ၊ ရွှေဆံတော် စတဲ့ စေတီတော်များဟာလည်း အီဂျစ်က ပိရမစ်တို့ရဲ့ တည်ဆောက်ပုံနဲ့ ဆင်တူကြောင်းသိရပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ နောက်ကလင့်မှာ ၀င်ပြီးဖတ်ကြည့်နိုင်ပါတယ်။ အင်္ဂလိပ်လိုရေးသားထားခြင်းများ ဖြစ်ပါတယ်။ https://www.richardcassaro.com/secrets-asias-pyramid-temples/
အများစုသော ပညာရှင်တို့ဟာ အီဂျစ် နှင့် ပုဂံသားတို့ မည်ကဲ့သို့ အနုပညာလက်ရာများ တူညီနေ ကြတာလဲဆိုတာကို ပိုပြီးစိတ်ဝင်စားလေသည်လားတော့မသိပါ။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရဲ့ နှလုံးသား ပုဂံဟာ နိုင်ငံခြားသားအများစုကို ဆက်လက်ဆွဲဆောင်နိုင်နေဦးမည်မှာ အမှန်ပင်ဖြစ်ကြောင်းကို ယုံကြည်နေမိသလို ဂုဏ်ယူနေမိတာလည်း အမှန်ပဲဖြစ်ပါတယ်။ ပုဂံမှာ ကွင်းပြင်တွေဟာ အလွန်ကျယ်ပြန်တဲ့အတွက် သိပ္ပံပညာရှင်တွေက ပန်းကန်ပြားပျံ(UFO)တို့၊ အခြားကမ္ဘာက ဂြိုလ်သား(Alien) တွေနဲ့ ရှေးရှေးတုံးက အဆက်အစပ် ရှိနိုင်တယ်လို့လည်း ယူဆခဲ့လို့ စိတ်ဝင်စားနေကြခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလိုယူဆနိုင်စရာတစ်ခုကလည်း အလောင်းစည်သူမင်းတရားကြီးရဲ့ ဖောင်စကြ်ာယာဉ်ဆိုတာက အာကာသယာဉ်တစ်မျိုးဖြစ်တယ်လို့ ယူဆထားကြလို့ပါပဲ။ အဲဒီအာကသယာဉ်ဆိုတာကို လိုက်ရှာချင်နေကြတာလည်း ပါမယ်ထင်ပါတယ်။ MSC ရဲ့ နှစ်ပတ်လည်အခမ်းအနား သွားခဲ့စဉ်က ဓမ္မရံကြီးဘုရားသို့ ရောက်ခဲ့သော်လည်း သေချာစွာ လေ့လာကြည့်ရှုခဲ့ခြင်းမပြုနိုင်ခဲ့ပါ။ အချိန်လည်း အလွန်နည်းနေသောကြောင့်လည်း ဖြစ်ပါတယ်။ ပညာရှင်တစ်ယောက်မဟုတ်သောကြောင့်လည်း ဖြစ်ပါတယ်။ ထိုထိုသောအကြောင်းများကြောင့်ဖြစ်သကဲ့သို့ ရှေးဟောင်းအနုပညာလက်ရာများကြောင့်လည်း ကမ္ဘာကျော်သော ပုဂံဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ဟာ ပုဂံအတွက် အမြဲဂုဏ်ယူနေကြရမှာဖြစ်ကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

15-Oct-2018 တနင်္လာနေ့(Monday)