ဆင်ခြင်စရာ နွေရာသီမှာ (Care In Summer)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


နွေရာသီဆိုတော့ သတိထားစရာတွေကအများသား… အပူချိန်ကလည်း အင်မတန်ပြင်းနေ တော့ အဲယားကွန်းကြီးတွေလည်း အပြိုင်အဆိုင် ဖွင့်ကြတော့မယ်… ဒါကတော့ မြို့ပြသူဌေးတွေရဲ့ အပူကိုတော်လှန်ခြင်းပေါ့… ဒီလိုအပူကိုတော်လှန်တာကလည်း သတိထား စရာပဲ… အမှတ်တမဲ့ အပူ အအေး ပြောင်းလဲခြင်းက မြင့်တော့ ရှော့ခ် ရပြီး အသက်သေဆုံး တဲ့အထိဖြစ်နိုင်တယ်နော်… အဲယားကွန်းကြီးတွေ အပြိုင်ဖွင့်ကြတော့ မီးအားတွေ အသားကုန်ဆွဲနေကြတာပေါ့… မီးအားမနိုင်တဲ့ပြဿနာကလည်း လာချေပြီ… မီးအားမနိုင်တဲ့ ပြဿနာ က ၀ါယာတွေကိုအပြင်းအထန် ပူလောင်စေတတ်တာလည်း သတိထားရမှာပဲဗျို့… သတိမထားမိရင် မီးလောင်မှု ဖြစ်ပေါ်နိုင်တယ်… အိုဗာလုတ်ဆိုလားပဲ… လျှပ်စစ်ကလည်း နွေရာသီမှာ အကူအညီလေး ရသလို အန္တရာယ်ပေးနိုင်တယ်… အဲယားကွန်းမတတ်နိုင်ပါဘူး ဆိုသူတွေလည်း ပန်ကာလေးတွေ တ၀ီဝီလည်နေအောင် လှည့်နေကြတာပဲ… ပန်ကာသမားတွေလည်း လေဖြတ်နိုင်တယ် သတိပြု… ရင်ဘတ်ကြီးကို အအေးပတ်နိုင်တယ်… ရင်ဘတ်ကြီးအအေးပတ်ရင် နမိုးနီးယားဆိုလား အဆုတ်တွေ အအေးပတ်တဲ့ ရောဂါလည်း ရနိုင်တယ်… လူသတ်သမားပန်ကာလို့တောင် တချို့ဆိုကြသေးတယ်... သတိပြုကြနော်... ကျန်းမာရေးနဲ့ အသင့်တော်ဆုံးကတော့ ယပ်တောင်လေးတွေပဲဗျ... လက်တော့ညောင်းပေမပေါ့လေ.... ဒါပေမယ့်လည်း မီတာတော့မတက်ဘူး... ပိုက်ဆံကုန်လည်းသက်သာမယ်... ချွေတာရေးစစ်စစ်နော်... သဘာဝပတ်ဝန်းကျင်ကြီးကိုလည်း မထိခိုက်တော့ဘူး...


02.png

Image from google


နေပူထဲထွက်ကြမယ်ဆိုရင်လည်း ခေါင်းကိုဆောင်းစရာ တစ်ခုခုဆောင်းသွားကြ… နေကာ မျက်မှန်လေးဘာလေးလည်း တပ်သွားကြပေါ့လေ... ခရမ်းလွန်ရောင်ခြည်ကလည်း သတိပြုဆင်ခြင်ဖွယ်ပဲနော်… လက်ရှည်လေးတွေလည်း ၀တ်သွားကြ… အရေပြား ကင်ဆာတွေ ဘာတွေကလည်း ကြောက်စရာ… အပူက အကျိုးပြုတယ်ဆိုကြပေမယ့်… လွန်ရင် မကောင်းဘူး… အသက်ကို အန္တရာယ်ပေးတတ်တယ်… အစာကြေချက်နိုင်ဖို့ ၀မ်းတွင်းမှာ ပါစကဆိုလား မီးတစ်မျိုးရှိတယ်… သူအားနည်းသွားရင် အစာမကြေဘူး… အဲ ပါစကမီးလွန်ပြန်ရင်လည်း ဗိုက်တွေအောင် ရင်တွေအောင့်ကြပြန်ရောဗျ… အဲဒီတော့ အပူရှိန်ပြင်းတဲ့နွေရာသီမှာ အပူအစပ်တွေအများကြီး မစားကြနဲ့… ဗိုက်တွေအောင့်လို့ ဆေးရုံ ဆေးခန်း ရောက်လို့ ပိုက်ဆံကုန်လိမ့်မယ်… တေဇောဓာတ်ကလည်း ခန္ဓာကိုယ်ကြီးအတွက် မရှိမဖြစ်ပဲ… သူမရှိရင်လည်း လူ့ခန္ဓာကိုယ်ကြီးက ဒုက္ခရောက်ပြန်ရော… ခန္ဓာကိုယ်ရဲ့အနွေးဓာတ်လေးက သူရှိမှဖြစ်တာလေ… သူလုံးလုံးမရှိပြန်တော့ ခန္ဓာကိုယ်ကြီးခမျာ အေးခဲပြီး သေပါလေရော… သူကများပြန်တော့လည်း အဖျားရောဂါတွေ ဖြစ်ပြန်ရောဗျို့… မလွန်အောင် သတိနဲ့ ဆင်ခြင် ထိမ်းသိမ်း ရတယ်ဗျို့… အပူရှိန်ပြင်းပြင်းထဲ ခေါင်းဆောင်းမပါပဲထွက်ရင် ဟိစထုတ် ဆိုလား အပူရှပ်ပီး ရောဂါရတတ်တယ်… အဲဒါလည်း အတော်ဆိုးတယ်… နေရာတင်တောင် အသက်ထွက်နိုင်သတဲ့… ကြောက်စရာ ရောဂါများတဲ့ နွေရာသီနော်… သတိပြုကြပါဗျို့…


03.png

Image from google


နေပူထဲကနေ ပြန်ရောက်ရောက်ချင်း ပူလိုက်တာဆိုပြီးတော့ ရေခဲသေတ္တာဖွင့် အလွန်အေးနေတဲ့ ရေအေးပုလင်းများ ဖွင့်သောက်ဖို့စိတ်မကူးလေနေ... အတူတူပါပဲ... အလွန်အေးနေတဲ့ ရေအေးစက်ထဲကရေကိုလည်းဖွင့်ချမသောက်သင့်ဘူး... သတိနော် သတိ… တစ်ခါတည်း မာလကီးယားသွားမယ်… အပူ အအေးပြောင်းလဲခြင်း ပြင်းထန်မယ်ဆို ငယ်ငယ်ရွယ်ရွယ်လည်း သေမှာပဲ… ကြီးကြီးတွေလည်း သေမှာပဲ… သာမန်သောက်ရေအေးပဲ သောက်သင့်တယ်ဗျို့… နွေရာသီမှာ အလွန်အေးတဲ့ ရေအေးအေးက ပြဿနာတက်နိုင်တယ်… ရေခဲရေတွေလည်း အရမ်းမသောက်သင့်ဘူးဗျ... ရေအေးအေးတွေလည်း အများကြီး မသောက်သင့်ဘူး... သူတို့တွေကလည်း ရောဂါရတတ်တယ်... ရင်ကြပ်တတ်တဲ့သူတွေဆို ပိုသိသာတယ်... သူလည်း လူသတ်သမားထဲကအဖွဲ့ဝင်ပဲ... သတိထားပေါင်းကြဗျို့... နေပူထဲက ပြန်လာလာချင်းလည်း တန်းပြီး ရေမချိုးသင့်သလို ရေချိုးပြီးပြီးချင်း နေပူထဲ တန်းမထွက်သင့်ဘူးဗျို့… နောက် နေပြင်းပြင်းပူနေတဲ့အချိန်မှာ ရေမချိုးနဲ့နော်… ဒါကလည်း အရေးကြီးတယ်… နွေရာသီဆိုတာက အပူ နဲ့ အအေး အပြင်းအထန် ရန်ဖြစ်ကြတဲ့ ရာသီဆိုတော့ အပူ အအေး ကိစ္စမှန်သမျှ သတိပြုရမှာပဲဗျို့… ရေခဲတွေကလည်း သတိထားစရာဖြစ်တယ်ဗျ… သူလည်း နှစ်ဖက်ချွန်ပဲ… နှစ်ဖက်ချွန်ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန် ဒုက္ခပေးတတ်တာမျိုးပဲ…


04.png

Image from google


နွေရာသီမှာ အသီးအနှံလေးတွေ စားပေးရင်တော့ ကောင်းမယ်ဗျ… ခန္ဓာကိုယ်အပူကို အေးတဲ့ ဖရဲသီးလေးစားပေးလိုက်ရင် နေရထိုင်ရတာ အတော်ကောင်းသွားတတ်တယ်မဟုတ်လားဗျ… မကြိုက်လဲစားဗျာ… ဖရဲသီးကလည်း ဈေးကြီးမလားတော့မသိဘူး… ဖရဲသီးမှာ ရေဓာတ်က 90% ပါတယ်တဲ့ဗျို့… ဒီတော့ အပူကြောင့် ဆုံးရှုံးတဲ့ရေဓာတ်တွေကို ပြန်ပြီး ဖြည့်ပေးနိုင်တဲ့အပြင် အာဟာရလည်းဖြစ်စေတယ်ပေါ့… သခွားသီးလည်း စားသုံးသင့်တယ်ဆိုကြပါတယ်… သင်္ဘောသီးတွေ စပျစ်သိးလေးတွေ ကိုလည်း စားသုံးသင့်တယ်ဗျ... ဒါတွေက သဘာဝအသီးအနှံတွေ ဆိုတော့ လူနဲ့တည့်ပါတယ်လေ… အရည်ရွှမ်းတဲ့ သစ်သီး သစ်နှံတွေကို နွေရာသီမှာ များများစားသုံးပေး သင့်ပါတယ်ဗျ… ကျွန်တော်ကတော့ အသီးအနှံမှန်သမျှ ကြိုက်တတ်တော့ နွေရာသီမှာ ပိုစားဖြစ်တာပေါ့လေ… နွေရာသီမှာ အုံးသီးအစိမ်းရည်လည်းသောက်သင့်သဗျ… ရှေးကလူကြီးသူမများကတော့ နွေရာသီမှာဖြစ်တတ်တဲ့ ၀က်သက်တို့ ကျောက်တို့ ကာကွယ်စေတယ်ဆိုပြီးတော့ ကလေးတွေကို အုံးသီးအသားမရင့်သေးတဲ့ အုံးသီးစိမ်းကို တိုက်လေ့ရှိသတဲ့ဗျ… အုန်းသီးစိမ်းသောက်ပြီးတော့လည်း အုန်းသီးအသားနုနုလေးတွေကို ဇွန်းလေးတွေနဲ့ ခြစ်ပြီးစားလို့ရသေးတော့ အုန်းသီး ဇွန်းခြစ်လို့လည်းခေါ်ကြသေးသဗျ… အရသာလည်းရှိမှရှိပေါ့… သောက်သင့်သဗျ…


05.png

Image from google


“လုပ်သားပြည်သူများခင်ဗျာ ပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိလာပြီဖြစ်ပါသဖြင့် မိမိတို့အသုံးပြုလျက်ရှိသော လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီး စသည်တို့အား စနစ်ကျငြိမ်းသတ်ပြီးမှ အိပ်ကြပါရန် ဒေသအရံမီးသတ်တပ်ဖွဲ့မှ လိုက်လံသတိပေး နှိုးဆော်အပ်ပါသည်ခင်ဗျား” နှစ်စဉ်ကြားနေရသည့် စေတနာ့ဝန်ထမ်း ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ၏ မီးမလောင်ရေး နှိုးဆော်ချက်ကို ကြားနေကြရပြီ… အင်းဒါဆိုရင်တော့ သေချာပေါက်နွေရာသီကိုရောက်ရှိလာပြီပေါ့… ရာသီဥတုကလည်း နေ့ခင်းဖက်တွေ သိသိသာ ပူပြင်းလာတာကိုသတိထားမိတယ်ဗျို့… မီးလောင်ရင် ကုန်မှာဖြစ်တဲ့အပြင် မီးပေါ့ဆမှုနဲ့ ထောင်မကျတောင် သေချာပေါက် ရုံးပြင်ကန္နားလိုက်ရှင်းရ မယ်နော်… ချစ်မိတ်ဆွေတို့ရဲ့ အနီးအနားပတ်ဝန်းကျင်ကိုလည်း မီးသတိပြုနိုင်အောင် သတိလည်းပေး ကိုယ်တိုင်လည်း သတိထားကြဦးနော်… သဘာဝအပူချိန်က ပူပြင်းတဲ့အတွက် အေးတဲ့ရာသီလိုမဟုတ် ခေါင်းမိုးတွေလည်း ပူ၊ ကြမ်းပြင်တွေလည်းပူ၊ မြေကြီးတွေလည်းပူ၊ ရေထုကလည်းပူ အကုန်ပူ နေတော့ အပူမီးပွားလေးတစ်ခုက မီးလောင်လွယ်တယ်လေ… သတိထားနိုင်ကြမှ တော်ကာကြမယ်ဗျ… မီး ဆို ဘယ်မီးမှ မကောင်းဘူးလားတော့မသိဘူး… အသုံးပြုသူတွေအပေါ်မှာ မူတည်နေမှာပါလေ… အကျိုးပြုမှု တွေ အများကြီး ရှိသလို အကျိုးမဲ့တွေဖြစ်ပေါ်တတ်တာပေါ့… အဆိုးဆုံးမီးကတော့ တို့မီး ရှို့မီးတွေနေမှာဗျ… တို့မီး ရှို့မီးတော့မလုပ်ကြနဲ့နော်… တစ်နေ့က မန္တလေးဆေးရုံကြီးအသွား မီးသတ်ကားတွေဆူညံနေအောင် ဥသြတွေဆွဲပြီး သွားကြတယ်... မန္တလေးဈေးဦးဖောက်နေပြီပေါ့... အပေါ်မှာပြောခဲ့တဲ့ လျှပ်စစ်ပန်ကာက အပူလွန်ပြီး ရှော့ဖြစ်လောင်တယ်လို့တော့ ပြောကြတာပဲ... အပြင်သွားရင် ဘာမီးခလုတ်မှ ဖွင့်မထားတာ အကောင်းဆုံးဖြစ်မယ်ဗျ...သတိထားစရာ မီးပါ... ဒါတောင် အရမ်းမပူပြင်းသေးဘူးဗျ... ဒီနေ့တောင် 40 ဒီဂရီစင်တီ အထိပူတဲ့မြို့တွေတောင် ပါလာတာ အံ့တွေကို သြရောဗျာ... အအေးဓာတ်တွေ ကျန်နေသေးတဲ့အချိန်မှာတောင် ဒီလောက်အပူချိန်ပြင်းနေတယ်ဆိုတော့ အအေးဓာတ်များကုန်ပြီဆို တွေးတောင်မတွေးရဲတော့ဘူး... ကြောက်စရာ ဖောက်ပြန်မှုတွေပါပဲ....


06.png

Image from google


နွေရာသီအတွက် အဓိက သတိပြုသင့်တာလေးတွေကိုသာ သတိပေးလိုက်တယ်ဗျို့… ကျန်တာတွေတော့ ကိုယ်တိုင်သာ ဆင်ခြင်ကြပေရော့… အပူက ရောဂါအတော်များများကို ဖြစ်စေတတ်တယ်ထင်ပါ့ဗျ… ဘာပြောပြော သတိထားဆင်ခြင်နိုင်အောင် မိတ်ဆွေတွေ သိပြီးသားဖြစ်ပေမယ့် မေ့နေမစိုးလို့ သတိပေးလိုက်တာပါဗျို့… ကဲ ဒီလောက်နဲ့ပဲ နားလိုက်ပါပြီ… အားလုံး သတိပြု ဆင်ခြင် နေထိုင် သွားလာနိုင်ကြပါစေ….


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

22-Feb-2018 ကြာသပတေးနေ့(Thursday)