ဆရာ နှင့် ဘ၀အောင်မြင်ရေး (Teacher And Success Life)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.




teacher and success life copy.png

Image from google


လူတို့သည် ဘ၀ကို အမျိုးမျိုးပုံဖော်တတ်ကြပေသည်။ ဘ၀သည် တစ်ဦးနှင့်တစ်ဦး အဓိပ္ပါယ်ဖွင့်ဆိုချက်များလည်း တူညီနိုင်မည်မထင်ပါ။ အဓိပ္ပါယ်ဖွင့်ဆိုကြရာတွင် မိမိတို့တွေ့ကြုံခဲ့ရသော အတွေ့အကြုံများမှ ဘ၀ကို အဓိပ္ပါယ် ဖွင့်ဆိုခြင်းကြောင့်ပင်ကွဲပြားခြားနားနေရခြင်းဖြစ်ပါမည်။ ရုန်းကန်လှုပ်ရှားမှုများနှင့်နပမ်းလုံးနေကြရသူများအဖို့ ဘ၀ဆိုသည်မှာ ရုန်းကန်ခြင်းဟူသောအဆိုကိုလက်ခံကြမည်ဖြစ်သကဲ့သို့ အဆင်ပြေပြေနေထိုင်နိုင်ကြသောသူ များကမူ ဘ၀ဆိုသည်မှာ ပန်းခင်းသောလမ်း ဟူသောအဆိုကိုလက်ခံကြမည်ဖြစ်ပေသည်။ မည်သို့ပင်အဓိပ္ပါယ် ဖွင့်ဆိုကြစေကာမူ ကြမ်းတမ်းသောဘ၀ပင်ဖြစ်ဖြစ်၊ ချောမွေ့သောခရီးလမ်းပင်ဖြစ်ဖြစ် မိမိတို့အတွက် လမ်းညွှန်ပြသပေးမည့် ဆရာကောင်းလိုအပ်မည်ဖြစ်ပါသည်။ "ဆရာမပြ နည်းမကျ" ဆိုစကားကဲ့သို့ပင် ဆရာသည် မိမိတို့ဘ၀လမ်းကြောင်း ကောင်းမွန်စေရန်အတွက် အမှန်တကယ်လိုအပ်ပါသည်။


success and failure.png

Image from google


ကျွန်တော်တို့သည် ငယ်စဉ်ကလေးဘ၀က ပထမလက်ဦးဆရာများဖြစ်ကြပါကုန်သော ဖေဖေ မေမေ တို့မှ ညွှန်ကြား ပြသပေးခဲ့ကြပါသည်။ ကျောင်းနေအရွယ်ရောက်သောအခါတွင် ကျောင်းမှ ဆရာ ဆရာမ များမှ က ကြီး ခ ကွေး မှစတင်ကာ အရေး အဖတ် အတတ်ပညာများကို စတင်သင်ကြားပေးခြင်းကိုခံခဲ့ကြရပါသည်။ ထိုမှတစ်ဆင့် တက္ကသိုလ် မှဘွဲ့များရသည်အထိ ဆရာအမျိုးမျိးတို့၏အသိပညာ သင်ကြားပေးခြင်း၊ အတတ်ပညာသင်ကြားပေးခြင်းများကို ခံယူခဲ့ကြရသည်မဟုတ်ပါလား။ သို့သော် သင်ကြားခံခဲ့ကြရသော တပည့်တိုင်းသည်ကား ကွဲပြားခြားနားသွား ခဲ့ကြရပါသည်။ လုံးဝဘွဲ့မရ အလုပ်လက်မဲ့ဖြစ်နေကြသူများ၊ သာမာန်ဘွဲ့သာရရှိခဲ့ကြသူများ၊ ဆရာဝန် အင်ဂျင်နီယာ စသည့် နည်းပညာဘွဲ့များရရှိသူများ အသီးသီး ကွဲပြား ခြားနားသွားခဲ့ ကြရသည်မဟုတ်ပါလား။ အဘယ့်ကြောင့်ထိုသို့ကွဲပြားသွားကြပါသနည်း။ ဆရာများမှ တပည့်များကိုခွဲခြားသင်ကြားပေးခဲ့ ခြင်းကြောင့်လော။ ထိုအဖြေမဟုတ်မှန်ကြောင်း လူတိုင်းသိမည်ပင်။ စာသင်ခန်းတစ်ခန်းထဲတွင် အတူတူစာသင်ကြားခြင်းခံခဲ့ကြသူ များပင်မဟုတ်ပါလော။ သင်ကြားပေးမှုကို အလေးထား စိတ်ဝင်စားသူများ နှင့် သင်ကြားမှုကို အလေးမထားစိတ်မ၀င်စားသူများအဖြစ် ကွဲထွက်သွားခြင်းကြောင့်ပင် ဖြစ်တန်ရာ၏။သင်ကြားမှုကိုစိတ်ဝင်စား သူများသည် အတတ်ပညာဖြင့် အေးဆေးစွာနေနိုင်ကြသောအချိန်တွင် သင်ကြားမှုအား စိတ်ဝင်စားမှုမရှိသောသူ များသည်ကား ထမင်းနပ်မှန်ရေးအတွက် နေ့စဉ်နေကုန်နီးပါး အလုပ်လုပ်နေကြရပေသည်။ ထိုသို့ဖြစ်နေခြင်းသည် သင်ကြားပေးသူ ဆရာ နှင့် မည်သို့မျှမပတ်သက်ပါ။ သင်ကြားမှုကို လေးစားစွာခံယူခြင်း မခံယူခြင်းနှင့်သာ သက်ဆိုင်ပါသည်။ Steemit Platform တွင်လည်း ထိုနည်းအတူပင်ဖြစ်ကြောင်း သိထားအပ်ပါသည်။


Untitled-1.png

Image from google


ယခုကျွန်တော်တို့ စာများရေးသားခြင်းဖြင့် Post တင်နေကာ ငွေရှာနေကြသော Steemit Platform တွင် ၀င်ရောက်လုပ်ကိုင်နေကြခြင်းတွင်လည်း ထို့အတူပင်ဖြစ်ပါမည်။ ငွေရှာသည်ဟုအမည်တပ်ထားသော်လည်း သင်ကြားပေးသူ၊ လမ်းပြပေးသူ၊ လမ်းညွှန်ပေးသူများမရှိခဲ့ပါမူ အောင်မြင်ရန်အတွက်မလွယ်ကူနိုင်ကြောင်း လူတိုင်းနားလည်ကြမည်ထင်ပါသည်။ လမ်းညွှန်ပြသပေးကြသောသူများသည် ဆရာများဖြစ်ချင်မှဖြစ်ပေလိမ့်မည်။ သို့သော် မိမိတို့မသိသေးသောအကြောင်းအရာတစ်ခုအား သိအောင် လမ်းညွှန်ပြသပေးသူသည် သူငယ်ချင်း အရင်းခေါက်ခေါက်ပင်ဖြစ်သော်ငြားလည်း ထိုကိစ္စရပ်အတွက် ဆရာပင်ဖြစ်ပါသည်။ ယခုကဲ့သို့ရေးသားနေခြင်း သည် MSC တွင် နံပါတ်များယူထားကာ အထောက်အပံ့များရရှိနေချိန်တွင် ရနိုင်သလောက် ကြိုးစားထားစေ ချင်သောကြောင့်ဖြစ်ပါသည်။ လမ်းညွှန်ပြသပေးသူများ၊ သင်ကြားပေးနေသူများ၊ အမှားအားဝေဖန်ထောက်ပြ ပြုပြင်ပေးနေသူများရှိနေချိန်တွင် မကြိုးစားမိပါက နောင်တစ်ချိန် နောင်တနှင့် နပန်းလုံးနေကြရမည်ကို တွေးမိသောကြောင့် ရေးသားခြင်းဖြစ်ပါသည်။ ဆရာကောင်းဖြစ်သော ကိုဟင်နရီအောင် ရှိနေပါသည်။ လမ်းညွှန် ပြသပေးမည့်သူများရှိနေပါသေးသည်။ အချိန်ကောင်း ဖြစ်နေသည်ကိုသိမြင်နိုင်ပါလျက်နှင့် အချင်းချင်းအပြန် အလှန် ကူညီပြီး အောင်မြင်အောင်ကြိုးစားကြပါဟုလည်း ထပ်မံအကြံပေးလိုပါသည်။ စိတ်ဆိုး စိတ်ညစ်များအား ဖယ်ရှားကြခြင်းဖြင့် အချင်းချင်း vote, comment များပေးရန်လည်း တိုက်တွန်းလိုပါသည်။ ဆရာမရှိလျှင် လမ်းမှန် ရောက်ရန်မလွယ်ကူကြောင်း ကျွန်တော့်တွင် ကိုယ်တွေ့များ အများအပြားရှိပါသည်။ သို့သော် ယခုရေးသားလိုခြင်း မရှိပါ။


success.png

Image from google


vote ကူညီသူများရှိနေပါသေးသည်။ ဆရာကောင်းများလည်းရှိနေပါသေးသည်။ အနစ်နာခံနေကြသော ခေါင်းဆောင်များလည်းရှိနေပါသေးသည်။ ထိုသို့အဖက်ဖက်မှ ကောင်းမွန်နေချိန်တွင် ညီညီညွတ်ညွတ်ဖြင့် အနည်းငယ် အားစိုက်ခြင်းဖြင့် ကြိုးစားအားထုတ်လျှင် အောင်မြင်နိုင်မည်ဖြစ်ပါသည်။ အခွင့်အရေးဆိုသည်မှာ အချိန်တိုင်းရရှိနေခြင်း မဟုတ်ပါ။ ထို့ကြောင့်အခွင့်အရေးရစဉ် ညီညွတ်စွာဖြင့် ကြိုးစားကြစေချင်ပါသည်။ မညီမညွတ် ငါတစ်ဦး တည်းအတွက် လုပ်နေသည်ဆိုပါလျှင် မအောင်မမြင်ကျရှုံးခဲ့ကြသည်ရှိသော် vote ကူညီသူများအားလည်း ကောင်း၊ ဆရာများအားလည်းကောင်း၊ ခေါင်းဆောင်များအားလည်းကောင်း စိတ်ပျက်စရာဖြစ်စေနိုင်သည်ကို သတိပြုကြ စေချင်ပါသည်။ ဘ၀ခရီးလမ်းကို လျှောက်လမ်းရာတွင် Steemit Platform သည် အထောက်အပံ့ တစ်ခုဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။ အခြားသောကဏ္ဍများမှ မကူညီနိုင်သော်လည်း Steemit Platform မှ မြန်မာကို ကမ္ဘာသိအောင် ကြိုးစားစေချင်ပါသည်။ မြန်မာကို ကမ္ဘာမှ သိခြင်းသည် ကောင်းသော သိခြင်း ဖြစ်အောင်လည်းကြိုးစားကြပါ။ ဆိုးသောသိခြင်း၊ အထင်အမြင်သေးခြင်းဖြင့်မကျော်ကြားစေချင်ပါ။ ကျွန်တော့်ဆန္ဒအမှန်ဖြစ်ပါသည်။


Don't damage the unity.png

Image from google


လူ့ဘ၀ခရီးသည် ပင်လယ်ကဲ့သို့၊ သမုဒ္ဒရာကဲ့သို့ပင်ဖြစ်ပါသည်။ အသိရခက်ပါသည်။ တစ်ခါတစ်ရံတွင် လှိုင်းလေ များထန်နေတတ်ကာ လှိုင်းကြီး လှိုင်းငယ်အသွယ်သွယ်တို့ဖြင့် ကြုံတွေ့ကြရတတ်ပါသည်။ တောင်တန်းများ၊ တောင်ကမူများနှင့် မညီမညာဖြစ်နေတတ်ပါသည်။ ထိုသို့မညီညာသောလမ်းသည်ပင် ဘ၀ခရီးလမ်းပင်ဖြစ်ပါ သည်။ လူသားတိုင်းတွင် မျှော်လင့်ချက် မျှော်မှန်းချက်ရှိနေတတ်ကြပါသည်။ မိမိတစ်ဦးတည်းသာ မျှော်လင့်ချက် ရှိသည်ဟု မှတ်ယူမထားကြပါနှင့်။ လူတိုင်းသည် မျှော်လင့်ချက်ရောင်ခြည်တန်းလေးများထွက်ပေါ် အဝေးတစ်နေရာကိုတော့ လှမ်းမျှော်ကြည့်ရှုနေတတ်ကြပါသည်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံတွင် မိမိတို့ ပတ်ဝန်းကျင်သည် အမှောင်ထုကလည်းလွှမ်းမိုး၊ မြူနှင်းများကလည်း ပိတ်ဆို့ကာနေတတ်ကြပါသေးသည်။ အဆိုးဆုံးက လူအများစုသည် အသိဥာဏ်မျက်လုံး အားနည်းတတ်ကြပါသည်။ ခြေလှမ်းတစ်လှမ်းမှားခဲ့ပါမူ ဒုက္ခနွံ့ အတွင်းသို့ ခြေကျွံကျမည်ဖြစ်သည်ကို သိနားလည်ထားစေချင်ပါသည်။ အသိဥာဏ်ပညာသည် လူ့ဘ၀အတွက် အင်မတန်အရေးကြီးကြောင်းကို သေခါနီးမှသိလျှင် မည်သို့အသုံးကျပါမည်နည်း။ ထို့ကြောင့် ဘ၀ခရီးလမ်းတွင် လမ်းညွှန်ပြသပေးနေသော ဆရာကောင်းရှိသင့်ပါသည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဆုံးမတော်မူထားခဲ့သည့် ဆရာနှင့်ပတ်သက်သည့် အဆုံးအမ စကားတစ်ခွန်းကို မှတ်သားထားမိသည်ကိုလည်း ပြန်လည်မျှဝေပေး လိုက်ပါသည်။

"ဆရာဟာ အရာရာကို ပြီးပြည့်စုံ ချမ်းသာခြင်းကို ဖြစ်စေနိုင်ပါတယ်" ဒါက မြတ်ဘုရားရဲ့ ဆုံးမစကားလေးပါ။

"ကြာရိုး ကြာစွယ်ကိုကြည့်ပြီး ရေရဲ့ အတိမ်အနက်ကို သိနိုင်ပါတယ်။ လူတစ်ဦးရဲ့ စကားကိုကြည့်လို့ အဲဒီလူရဲ့ ပညာအတိမ်အနက်ကိုလည်း သိရှိနိုင်ပါတယ်" ဒါကတော့ ဘယ်သူရေးသားထားမှန်းမသိတော့ပါ။

အထက်ပါစကားလေးကို လက်ဆောင်ပါးခဲ့ရင်း ရပ်နားလိုက်ပါတယ်ဗျာ။ စည်းလုံးခြင်းဖြင့် အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေ။



Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

28-12-2017 ကြာသပတေးနေ့(Thursday)